Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ရာသီဥတု

ငလျင်ဘေးဒဏ်သင့်ပြည်သူတွေအတွက် NUG အစိုးရ အရေးပေါ်ကူညီရေးအစီအစဉ် ကြေညာ

ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရဲ့ အရေးပေါ်ကူညီရေး အစီအစဉ်ကို ကြေညာလိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် အနေနဲ့ ဒီကနေ့ မတ်လ ၃၀ ရက်မှ ဧပြီလ ၁၂ ရက်အထိ နှစ်ပတ် ထိုးစစ်အားလုံကို ရပ်နားထားမယ် NUG အစိုးရက မတ်လ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ငလျင်ဘေးဒဏ်သင့်တဲ့ ဒေသတွေနဲ့ ဆက်စပ်တဲ့ ခရိုင်တွေအတွင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အနေနဲ့ မိမိကိုယ် ခုခံကာကွယ်စစ်မှ တပါး ထိုးစစ်အားလုံးကို နှစ်ပတ်ကြာ ရပ်နားထားမယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ INGOs တွေကို ငလျင်ဘေးသင့်ပြည်သူတွေကို အရေးပေါ် ကယ်ဆယ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေ အမြန်ဆုံး ကူညီဆာင်ရွက်ဖို့ NUG အစိုးရက ဖိတ်ခေါ်ထားပါတယ်။

NUG အစိုးရ ထိန်းချုပ်ဒေသတွေမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အရေးပေါ်ကယ်ဆယ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ လုံခြုံးရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ယာယီကယ်ဆယ်ကုသရေးစခန်းတွေ ဖွင့်လှစ်ရေးတို့ တာဝန်ယူပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။

စစ်ကောင်စီထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မြို့ကြီးတွေမှာ လုံခြုံရေးအာမခံချက် ရှိပါက NUG အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ CDM ကျွမ်းကျင် ဝန်ထမ်းတွေက နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ငလျင်ဘေးသင့် ပြည်သူတွေအတွက် အရေးပေါ်ကယ်ဆယ်ရေးနဲ့ ကုသရေး လုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ ကြေညာပါတယ်။

ငလျင်ဘေးသင့် ပြည်သူတွေကို ဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ အရေးပေါ် ကယ်ဆယ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ကနဦးမှာ အမေရိကန်ဒေါ်လာ ၁ သန်း လျာထား သုံးစွဲဆောင်ရွက်သွားမယ်လို့ NUG အစိုးရ ဆိုပါတယ်။

ဒါ့အပြင် “ပြည်သူမှ ပြည်သူသို့ အစီအမံ” စီမံချက်နဲ့အတူ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ တော်လှန်ရေးအင်အားစုတွေ၊ မဟာမိတ်အဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အတူ လက်တွဲကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားပြည်သူတရပ်လုံး ငလျင်ဘေးသင့်ပြည်သူတွေအတွက် NUG အစိုးရ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ကူညီပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

မတ်လ ၂၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ၊ ၅၀ မီနစ်ခန့်က စစ်ကိုင်းမြို့ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာမှာ အင်အား ၇.၇ ပမာဏရှိ အလွန်အင်အားပြင်တဲ့ ငလျင်လှုပ်ခဲ့ပြီး ဘင်္ဂလားဒေရှ့်၊ အိန္ဒိယ၊ လာအို၊ ထိုင်း၊ မြန်မာနဲ့ တရုတ်နိုင်ငံတို့ကို သက်ရောက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ပထမငလျင်အပြီး ၁၂ မိနစ်ခန့်အကြာ မန္တလေးမြို့၊ အင်းဝဒေသ၊ တံတားဦးလေဆိပ်အနီးကို ဗဟိုပြုပြီး အင်အား ၆.၄ ရှိတဲ့ ငလျင်နောက်တကြိမ် ထပ်မံလှုပ်ခဲ့ကြောင်း၊ ယင်းနောက် အင်အားအနည်းငယ်ပြင်းတဲ့ ငလျင် အများအပြား နောက်ဆက်တွဲ လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ငလျင်ဘေးဒဏ်ကြောင့် မြန်မာနိုင်ငံတဝန်းမှာ သေဆုံးသူ စုစုပေါင်း ၁၆၄၄ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူစုစုပေါင်း ၃၄၀၈ ဦး၊ ပျောက်ဆုံးနေသူ ၁၃၉ ဦး ရှိတယ်လို့ စစ်ကောင်စီက မတ်လ ၂၉ ရက် ညဦးပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature