Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ရာသီဥတု

ငလျင်ဘေးဒဏ် အဆိုးဝါးဆုံးခံရတဲ့ စစ်ကိုင်းနဲ့ မန္တလေးမှာ လေပြင်းတိုက်ပြီး မိုးသည်းထန်စွာ ရွာနေ

ဒီနေ့ ဧပြီလ ညဦးပိုင်းမှာ ငလျင်ဘေးဒဏ်ကို အဆိုးဝါးဆုံးကြုံတွေ့ထားရတဲ့ စစ်ကိုင်းနဲ့ မန္တလေးမြို့တွေမှာ လေပြင်း တိုက်ခတ်ပြီး အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းနေတယ်လို့ ဒေသခံတွေ ထံမှ သိရပါတယ်။

အဲဒီဒေသတွေမှာ နောက်ဆက်တွဲငလျင်တွေ ထပ်မံ လှုပ်ခတ်မှုနဲ့ ငလျင်ဒဏ်ထိထားတဲ့ အဆောက်အဦးတွေထဲ နေထိုင်ဖို့ရန် အဆင်မပြေမှုတွေကြောင့် လမ်းမပေါ်တွေ၊ ကွင်းပြင်တွေ စတဲ့ နေရာအစုံမှာ ယာယီတဲထိုးနေကြရတာဖြစ်ပါတယ်။

အခုလိုလေပြင်းနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီတဲတွေနဲ့ နေထိုင်ရတဲ့ ဒေသခံတွေဟာ အခက်အခဲတွေ ထပ်မံရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဒီနေ့ ဧပြီလ ၅ ရက်မှာ တနင်္သာရီ၊ ကရင်နဲ့ မွန်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုပ်ရွာနိုင်တယ်လို့ စစ်ကောင်စီ မိုးဇလက မနေ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဧပြီလ ၆ ရက်ကနေ ၁၂ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ကယား (ကရင်နီ)၊ ချင်း၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲနဲ့ တနင်္သာရီ၊ ကချင်၊ ကရင်နဲ့ မွန်တို့မှာ နေရာစိပ်စိတ် မိုးထစ်ချုပ်ရွာနိုင်တယ်လို့ သိရပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်က လေဖိအားကြီး ရပ်ဝန်းဒေသမှ ရွေ့လျားလာတဲ့ လေအေးတွေ တွေ့ဆုံမှုကြောင့်နဲ့ အရှေ့ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေနဲ့ အရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်မယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ အချိန်အခါမဟုတ် မိုးရွာခြင်းနဲ့အတူ လေပြင်းတွေ တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကြိုတင်သတိပြုနေထိုင်ကြဖို့ နှိုးဆော်ထားပါတယ်။

မတ်လ ၂၈ ရက်က စစ်ကိုင်မြို့အနီးကို ဗဟိုပြု ရစ်ချ်တာစကေး ၇.၇ အင်အားရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ဒီနေ့ ဧပြီလအထိ နောက်ဆက်တွဲငလျင်ပေါင်း ၈၅ ကြိမ်အထိ လှုပ်ခတ်ထားတယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ – Thiha Htun Zaw

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature