Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ရာသီဥတု

စစ်ကိုင်းပြတ်ရွေ့ကြောထဲမှ မြို့ကြီး ၇ မြို့က ပြည်သူတွေ သတိပြုနေထိုင်ဖို့ ငလျင်ကော်မတီ ထုတ်ပြန်

စစ်ကိုင်းပြတ်ရွေ့ရဲ့ အလယ်ပိုင်း နဲ့ တောင်ပိုင်း တလျှောက်ရှိ ဒေသတွေရဲ့ မြို့ကြီး ၇ မြို့နဲ့ အနီးပတ်ဝန်းကျင် ဒေသက ပြည်သူတွေ သတိပြုနေထိုင်သင့်တယ်လို့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံငလျင်ကော်မတီက မတ်လ ၂၈ ညပိုင်းမှာ သတိပေး ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် ၊ နေ့လယ် ၁၂ နာရီ ၅၁ မိနစ် ၅၄ စက္ကန့်အချိန်မှာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းနဲ့ မန္တလေးမြို့ အနီး ဗဟိုပြုလို့ ပမာဏ (၇.၇)အဆင့်ရှိ အလွန်ပြင်းထန်တဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး အဲဒီငလျင်ဟာ စစ်ကိုင်းပြတ်ရွေ့ရဲ့ အလယ်ပိုင်း တလျှောက် လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီငလျင်ကြီးနဲ့အတူ နောက်ဆက်တွဲ ငလျင်ငယ်တွေလည်း စစ်ကိုင်းပြတ်‌ရွေ့ တလျှောက်ရှိ လယ်ဝေးမြို့၊ နေပြည်တော်၊ ဖြူးမြို့၊ တောင်ငူမြို့ စတဲ့မြို့ များအနီး ဆက်လက်ပြီး လှုပ်ခတ် လျက်ရှိတယ်လို့ သိရပါတယ်။

မြေသားပြတ်ရွေ့မှု ရှည်လျားကျယ်ပြန့် နေတဲ့အတွက် အလားတူ ငလျင်ကြီးများ ဆက်လက် ဖြစ်ပေါ် နိုင်တယ်လို့ သိရပါတယ်။

အဲဒါကြောင့် စစ်ကိုင်းပြတ်ရွေ့ရဲ့ အလယ်ပိုင်း နဲ့ တောင်ပိုင်း တလျှောက်ရှိ ဒေသတွေရဲ့ မြို့ကြီးတွေဖြစ်တဲ့ ရွှေဘိုမြို့၊ မန္တလေးမြို့၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ တောင်ငူမြို့၊ ပဲခူးမြို့၊ ရန်ကုန်မြို့ စတဲ့ မြို့ကြီးတွေနဲ့ အနီး ပတ်ဝန်းကျင် ဒေသတွေရှိ ပြည်သူတွေ သတိပြုနေထိုင်သင့်တယ်လို့ ဆိုပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးထားတဲ့ အဆောက်အအုံတွေဟာ နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်ချိန်မှာ ပိုမို ထိခိုက်ပျက်စီးနိုင်တဲ့အတွက် လတ်တလော ဝင်ရောက်နေထိုင် အသုံးပြုမှုကို ရှောင်းရှား သင့်တယ်လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီက သတိပေးထားပါတယ်။

အဆိုပါ အဆောက်အအုံတွေကို နားလည်တတ်ကျွမ်းတဲ့ အင်ဂျင်နီယာတွေနဲ့ ဘေးကင်း လုံခြုံကြောင်း စနစ်တကျ စစ်ဆေးစိစစ် ပြီးမှသာ ပြန်လည် အသုံးပြုနေထိုင်သင့်တယ်လို့ ဆိုပါတယ်။

ငလျင်လှုပ်ခတ်ပြီး နောက်ထပ် ၆ နာရီအတွင်း နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်လက် လှုပ်ခတ်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာနေရာတွေမှာ နေထိုင်ကြဖို့ လိုအပ်မယ်လို့ စစ်ကောင်စီက ဒီကနေ့မှာလည်း အသိပေးထုတ်ပြန်ထားပါတယ်။

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature