ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ဗလီနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို မူလအရွယ်အစားအတိုင်းသာ ပြန်လည်ဆောက်လုပ်ခွင့်ပြုဖို့ သာသနာရေးမှူးရဲ့ ညွှန်ကြားချက် ထွက်ပေါ်လာပါတယ်။
လူထိခိုက်သေဆုံးမှုနဲ့ အဆောက်အဦး ပျက်စီးမှု ပမာဏ ကြီးမားစေခဲ့တဲ့ မတ်လ ၂၈ ရက်က ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိတဲ့ ငလျင်ကြီးလှုပ်ခတ်အပြီး တလကျော်အကြာမှာ မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ခရိုင်သာသနာရေးမှူးက မေလ ၈ ရက်မှာ အဲဒီလို ကြေညာလိုက်တာပါ။
အဲဒီစာထဲမှာ အထက်ဌာန အဆင့်ဆင့်မှ လမ်းညွှန်မှာကြားချက်ကို သိရှိလိုက်နာဆောင်ရွက်နိုင်ဖို့လို့ ညွှန်ကြားထားပြီး ဗလီနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ ပြန်လည်ဆောက်လုပ်မှုကိုလည်း ခွင့်ပြုချက်ရမှသာ ဆောက်လုပ်ဖို့နဲ့ ဆောင်ရွက်ပြီးစီးမှုတွေကို အထောက်အထားတွေနဲ့အတူ ပြန်လည်တင်ပြရမယ်လို့ ဆိုပါတယ်။
ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘုရားကျောင်းတွေနဲ့ ပတ်သက်လို့ ညွှန်ကြားထားတာတွေ အဲဒီညွှန်ကြားချက်ထဲမှာ မပါရှိဘဲ ဗလီနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေသာ ပါရှိပါတယ်။
စစ်ကိုင်းနဲ့ မန္တလေး အပါအဝင် နိုင်ငံတဝန်းမှာ ဗလီဝတ်ပြုကျောင်း ၁၄၀ နီးပါးနဲ့ ခရစ်ယာန် ဘုရားကျောင်း ၅၀ ဝန်းကျင်ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီကတော့ ငလျင်တလပြည့်မှာ ငလျင်ကြီးကြောင့် နိုင်ငံတဝန်းမှာ အခြားသာသာရေး အဆောက်အအုံ ၆၁၃ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ ဒီလိုကန့်သတ်ပိတ်ပင်မှုတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး မြန်မာမွတ်စလင်မ်ကွန်ရက် (SRMMN)ရဲ့ ဦးဆောင်ကော်မတီအဖွဲ့ ဦးထွန်းကြည်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ သူဟာ နိုင်ငံရေးအကျဉ်းသားဟောင်များအဖွဲ့ရဲ့ ဦဆောင်ကော်မတီဝင်လည်းဖြစ်ပါတယ်။
မေး – ဒီလိုကန့်သတ်ချက်တွေ လုပ်တာနဲ့ ပတ်သက်လို့ ဘယ်လို သဘောထားမှတ်ချက်ပေးချင်ပါသလဲခင်ဗျာ။
ဖြေ – ဒီလိုကန့်သတ်တာက အခုမှ မဟုတ်ဘူး။ ဒါက ငလျင်နောက်ပိုင်းထုတ်တဲ့ စာလို့ ပြောလို့ ရသော်ငြားလည်း အဲလိုစာမျိုးတွေက နေဝင်းအာဏာလုပြီးနောက်ပိုင်းမှာ ဖက်ဆစ်သန္ဓေတည်နေတဲ့ စစ်တပ်မှာက ယန္တရား ၂ ခုရှိတယ်။ တခုက ဝါဒဖြန့်ချီရေး ယန္တရားပေါ့နော်။ နောက်ယန္တရားက စိတ်ဓါတ်စစ်ဆင်ရေး ယန္တရား။ အဲဒီမှာ စစ်သားတွေကို ဘာ brainwash လုပ်သလဲဆိုရင် အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားအားလုံးကို ဗုဒ္ဓဘာသာကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နေတာ စစ်တပ်ပေါ့။ တကယ်လို့များသာ ဗုဒ္ဓဘာသာကို စစ်တပ်ကသာ မကာကွယ်နိုင်ဘူးဆိုရင် ဘာသာပျောက်သွားတာ ကြာပြီးဆိုတဲ့ narrative (ဇာတ်ကြောင်း)တွေ တောက်လျှောက် လှုံဆော်ခဲ့တယ်။ အစ္စလာမ်ဘာသာအပေါ်မှာ မြင်ရမယ့်၊ ထားရမယ့် သဘောထားတွေကိုလည်း အဲဒီယန္တရားတွေကနေပဲ သူတို့က ဝါဒဖြန့်တာပေါ့နော်။ အထူးသဖြင့် အစ္စလာမ်ဘာသာနဲ့ ဗုဒ္ဓဘာသာကြားမှာ သူတို့က သွေးခွဲခဲ့တယ်။ လှုံဆော်ခဲ့တယ်။ အမုန်းစကားတွေ ပြောခဲ့တယ်ဆိုတာ သမိုင်းကြောင်းကို ရှင်းပြချင်တယ်။ အဲဒီကနေပြီးတော့ အစ္စလာမ်ဘာသာဝင်တွေရဲ့ သာသနိက အဆောက်အဦးတွေ၊ မူစလင်ဘာသာဝင်တွေရဲ့ အသက်အိုးအိမ်စည်စိမ်းတွေလည်း သူတို့က အမျိုးမျိုးပေါ့နော်။ မိတ္ထီလာအရေးအခင်းကို ကြည့်မလား၊ လားရှိုးကိစ္စကြည့်မလား၊ ၁၉၈၈ မှာ တောင်ကြီးအရေးအခင်းကို ကြည့်မလား၊ ဒါတွေက ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာကြားမှာ တိုက်ထားတဲ့အခါမှာ သူတို့ စစ်အာဏာတည်တံ့ခိုင်မြဲရေးအတွက်က ဒါက သူတို့ လုပ်နေတဲ့ narrative တွေပေါ့နော်။
ဒါကြောင့် ဖွဲ့စည်းပုံကို ကြည့်ရင်း လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှု ရှိတယ်လို့ ပြောထားသော်လည်း အစ္စလာမ်ဘာသာဝင်တွေအတွက်က ဘာပြောစရာ ဖြစ်လာသလဲဆိုတော့ တကယ်က ရည်ရွယ်ချက်ရှိရှိနဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်လည်း မရသလို၊ အထူးသဖြင့် လွတ်လပ်စွာ လက်တွေ့ ကျင့်သုံးပိုင့်ခွင့်လည်း မရခဲ့ဘူး။ ဘာလို့လည်းဆိုတော့ ဗလီတွေရဲ့ အရေအတွက်၊ အစ္စလာမ်ဘာသာဝင်တွေရဲ့ အရေအတွက်က တခြားစီဖြစ်နေတာ၊ ဗလီတွေကို ကြည့်ရင်လည်း မန္တလေး၊ စစ်ကိုင်းတို့ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ကျော်၊ ၁၀၀ ကျော်တို့၊ ၁၆၀ တို့ ၊ ၂၀၀ ကျော်တို့က အဲလိုဗလီတွေ မြောက်များစွာက ဒီငလျင်မှာ ပြိုသွားတာ၊ ဘာကြောင့်ပြိုသလဲလို့ ပြောရမယ်ဆိုရင် ဗလီတွေနဲ့ ပတ်သက်လို့ ခေတ်အဆက်ဆက် ၊ စစ်အာဏာရှင်အဆက်ဆက်က သံတချောင်းရိုက်ဖို့ သွပ်တချပ်လဲဖို့က တော်တော်လေးကို စိန်ခေါ်မှု များတယ်။ အခက်အခဲ အကျပ်အတည်း ရှိတယ်။ အဲဒီမှာ တရားဝင်လည်း မပေးဘူး။ လာဘ်ပေးလာဘ်ယူမှုတွေလည်း ရှိတဲ့အခါကြတော့ ဒီစစ်အာဏာရှင် အင်စတီကျူရှင်းက အမြဲတမ်းလိုလို သူတို့က အစ္စလာမ် ဘာသာဝင်တွေအပေါ်မှာ ညှင်းပန်းတယ်။ ဖိနှိပ်တယ်။ အနိုင်ကျင့်တယ်။
တကယ်က ဘုရင်တွေလက်ထက်၊ ပုဂံခေတ်ကလည်း ဗလီတွေက ရှိနေတာပါ။ ဘုရင်တွေ ခေတ်ကတည်းက နှုတ်မိန့်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ ရှိတဲ့ နေရာတွေမှာ နန်းတွင်းဆိုလည်း နန်းတွင်းအလျောက်၊ စစ်ကိုင်းဆိုလည်း စစ်ကိုင်းအလျောက်၊ မန္တလေးဆိုလည်း မန္တလေးအလျောက် ဒီလိုပုံစံမျိုးတွေ ပေးခဲ့တာပေါ့နော်၊၊ သက်ဦးဆံပိုင် ဘုရင်ခေတ်မှာတောင်မှ သူတို့ပေါ်မှာ ကျေးဇူးသိတတ်တယ်၊ သစ္စာရှိတယ်၊၊ စစ်မှုထမ်းခဲ့တယ်။ ဒါတွေနဲ့ ပတ်သက်လို့ အသိအမှတ်ပြုတဲ့အနေနဲ့ ဗလီတွေကို မြေတွေ ပေးပြီးတော့ တည်ဆောက်ခွင့်ပြုခဲ့တယ်။
အခုက ပြောချင်တာက ဒီလိုပါ။ အရှေ့မှာလည်း ပြောခဲ့တယ်၊၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုတာလည်း မရှိဘူး။ လွတ်လပ်စွာ လက်တွေ့ကျင့်သုံးပိုင်ခွင့်လည်း မရှိခဲ့ဘူး။ ရှိနေတဲ့ ဗလီနဲ့ အစ္စလာမ်ဘာသာဝင် လူဦးရေနဲ့ကလည်း မမျှဘူး။ အဲဒါ ဗလီတွေ ထပ်တိုးဖို့ပေါ့နော်။ အဲလိုမဟုတ်ပဲ အသစ်မပေးရင်တောင်မှ ရှိရင်စွဲ ဗလီတွေရဲ့ နေရာမှာ တထပ်ဆိုရင် နှစ်ထပ်၊ သုံးထပ်ပေါ့ဗျာ။ မြေပိုတွေလည်း ရှိနေတာပဲ။ အဲဒီမှာ ထပ်တိုးပြီး လုပ်ချင်တယ်ဆိုတာတောင်မှ အဲမှာ လုံးဝ သူတို့က ခွင့်မပြုဘူး။ ပိုက်ဆံ ယူလိုက်တယ်။ လာဘ်ပေး၊ လာဘ်ယူ လုပ်တယ်။ ဒါက မြို့နယ်၊ ခရိုင်၊ တိုင်းတွေမှာ အုပ်ချုပ်တဲ့ လူတွေကပေါ့နော်။ နောက်ပိုင်းမှာ ဘာလုပ်လာလဲဆိုရင် မဘသ (၉၆၉) ဩဇာကြီးလာတဲ့အခါကြတော့ အဲဒီသက်ဆိုင်ရာ အာဏာပိုင်တွေက မဘသ (၉၆၉) ကို သတင်းပို့ရတယ်။ သူတို့ကလည်း ခွင့်ပြုမှ ဗလီတွေကို ပြင်ဆင်ခွင့်ပေါ့နော်၊၊ ပေးတာလည်း မရှိခဲ့ပါဘူးဗျာ။ မြို့နယ်က တာဝန်ရှိသူတွေ ပြောင်းသွားရင်လည်း ဗလီတွေကို ဘယ်မှာလဲ ခွင့်ပြုမိန့်ပေါ့ဗျာ။ ခွင့်ပြုမိန့်ကလည်း မပေးဘူးဗျာ။ ဆောက်လုပ်ခွင့်လည်း မပေးတော့ အစ္စလာမ်ဘာသာဝင်တွေ အနေနဲ့က လူဦးရေကလည်း များ၊ ဗလီတွေက နည်းတဲ့အခါကြတော့ ရှိတဲ့ ဗလီကလည်း တော်တော်လေးကို ကျဉ်းကျဉ်းကြပ်ကြပ်ပါ။ အဲဒါကို တိုးချဲ့ချင်ရင်လည်း ပိုက်ဆံတာ ယူသွားတယ်။ ဟိုလူ တိုင်လို့၊ ဒီလူ တိုင်လို့နဲ့ မဘသက လက်မခံတဲ့ ပုံစံမျိုးနဲ့ပေါ့။
ဒီစာကတော့ ကျနော်တို့ အတွက် ရိုးနေပါပြီ။ ဘာမှ အံ့ဩစရာ မရှိပါဘူး။ ဘာကြောင့်လည်ဆိုတော့ ဖက်ဆစ်စစ်တပ်က ဗုဒ္ဓဘာသာကို ယုံကြည်ချီးမြှောက်ချင်လို့လည်း မဟုတ်ဘူး။ ဗမာလူမျိုးကိုလည်း သူတို့က ချစ်လွန်လို့ မဟုတ်ဘူး။ အထူးသဖြင့် အစ္စလာမ်ဘာသာဝင်တွေအပေါ် သူတို့ရဲ့ သဘောထားတွေက တော်တော်လေးကို အဆိုးမြင်နေပါတယ်။ အခုလိုမျိုုး လုပ်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ကတော့ ကျနော်ကတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်။ လိပ်မူသာက ဂေါပက ဥက္ကဌကို လိပ်မူတယ်။ ဒါက ရှင်းရှင်း ပြောရရင် ခြိမ်းခြောက်တာ၊ ဖိအားတွေ ပေးနေတာပါ။

မေး – ဒီလိုလုပ်တာက ဘယ်လိုအကျိုးသက်ရောက်မှုတွေကို ဖြစ်စေနိုင်ပါသလဲ။
ဖြေ – ဒီစာကတော့ ရှင်းတယ်။ အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုပဲ။ သူတို့ ထုတ်ထားတဲ့ စာကို ကြည့်ပါ၊၊ ဒီလမ်းညွန်မှာကြားချက်အပေါ်မှာ လိုက်နာရမယ့်ဆိုတဲ့ ပုံစံနဲ့ လိုက်နာဆောင်ရွက်ရန်ဆိုတာက သူတို့ သုံးနေတဲ့ စကားလုံးတွေပါ။ အဲဒါက ဖိအားပေးခြိမ်းခြောက်တယ်လို့ပဲ ရှုမြင်သုံးသပ်တယ်။ မူလအရွယ်အစားအတိုင်း ပြန်လည်ဆောက်လုပ်ရမယ်လို့ ပြောတာက ဥပမာဆိုကြပါစို့၊ စစ်ကိုင်းမြို့မ ဗလီဆိုရင် အဲဒီ အနီးဝန်းကျင်မှာ ရှိနေတာက လူဦးရေက အများကြီးပဲ။ စစ်ကိုင်းဗလီက ဥပမာဆိုရရင် နှစ်ထပ်ဆိုပါစို့၊ အခုက မြေပုံအတိ ဖြစ်သွားရင် သုံးထပ်လည်း ဆောက်လို့ရတာပဲ၊ လေးထပ်လည်း ဆောက်လို့ရတာပဲ။ တမင်ကို အစ္စလာမ်ဘာသာနဲ့ ဘာသာဝင်တွေအပေါ်မှာ ခွဲခြားဆက်ဆံပြီးတော့ ရည်ရွယ်ချက် ရှိရှိနဲ့ကို ဖိနှိပ်နေတယ်လို့ ကျနော်က သုံးချင်တယ်။ အခုတောင်မှ သူတို့က စေတနာ ရှိလို့ ဆောက်လုပ်ခွင့်ပေးတာ မဟုတ်ဘူးနော်။ ကမ္ဘာကြီးက ဒါကို ကြည့်နေတာ၊ သူတို့ကလည်း ဗလီတွေ ဆောက်လုပ်ခွင့်ပေးတယ်ဆိုတာကို သူတို့ နိုင်ငံရေးအကျိုးအမြတ်အတွက် ဘာသာရေးကို အသုံးချတယ်လို့ ကျနော်တို့က မြင်တယ်။
ဒါတွေဟာ သူက တမင်ရည်ရွယ်ချက် ရှိရှိနဲ့ နှစ်ပေါင်းမြောက်များစွာကို အစ္စလာမ်ဘာသာနဲ့ ဘာသာဝင်တွေအပေါ်မှာ သူတို့က ခွဲခြားဆက်ဆံခြင်း၊ နောက်တခုက ဖိနှိပ်ချုပ်ခြယ်တာ၊ အခုလည်း ဒီညွန်ကြားစာကလည်း ဘာမှ မထူးပါဘူး၊ ဒီစာအရဆိုရင် တထပ်ဆိုရင် တထပ်ပဲ ဆောက်ရမှာ။ နှစ်ထပ်ဆိုရင် နှစ်ထပ်ပဲ ဆောက်ရမှာ၊၊ ဦးထွန်းကြည်တို့ အတွေ့အကြုံအရ အမျိုးမျိုးအဖုံဖုံ၊ အနှောက်အယှက်ပေးတာ၊ အလှူခံတာတွေ ကြုံတွေ့ရဦးမှာ။ သို့သော်ငြားလည်း တကယ့် တကယ် စေတနာ ရှိတယ်ဆိုရင် ဘာသာရေးအဆောက်အဦးတွေ ဖြစ်တယ်၊ သာသနိက အဆောက်အဦးတွေ ဖြစ်တယ်။ ငါတို့ တိုင်းပြည်မှာ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုက အင်မတန်မှ အရေးကြီးတယ်။ စုံလင်ကွဲပြားတဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံက အတူတကွ လက်တွဲပြီးတော့ ဒီတိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ စုံလင်ကွဲပြားမှုကိုတောင်မှ သူက ပြသနာလို့ ခံယူနေတဲ့ စစ်အာဏာရှင်လေဗျာ။ အမှန်က စုံလင်ကွဲပြားမှုဟာ တကယ်က အင်အားဖြစ်တယ်၊ အလှတရားဖြစ်တယ်။ အဲဒါကို သူက မျက်ကွယ်ပြု၊ လစ်လျူရှုပြီးတော့ အခုလိုမျိုး အကန့်အသတ်တွေနဲ့ လုပ်လာတဲ့အခါမှာ ဒါက အနှုတ်လက္ခာဆောင်တဲ့ အကျိုးသက်ရောက်မှုပဲ ပေါ်ပေါက်လာမှာဖြစ်တယ်။
အစ္စလာမ်ဘာသာဝင်တွေရဲ့ စိတ်ထဲမှာ ငါတို့က ငလျင်ဒဏ်လည်း ခံခဲ့ရတယ်။ ငါတို့မှာ ရှိတာက မရှိတာ ဖြစ်သွားပြီး။ အခုလည်း ဗလီ မရှိတဲ့အတွက် ယာယီ ဝတ်ပြုဆောင်တောင်မှ ဒီစစ်အာဏာရှင်က ပေးတာ မဟုတ်လို့ မိုးရွာထဲ ဝတ်ပြုနေရတယ်။ နေပူပူ၊ မိုးရွာရွာပေါ့နော်၊၊ ဗလီတွေ မရှိတဲ့အတွက်ကြောင့် အဲဒါကို ကမ္ဘာကလည်း မြင်နေတယ်၊ တွေ့နေတယ်။ ဒေသတွင်းကလည်း မြင်နေတယ်၊ တွေ့နေတယ်။ အဲမှာ သူတို့က နိုင်ငံရေး အကျိုးအမြတ် အတွက်ပေါ့နော်။ သူတို့ ဗလီတွေကို ဆောက်ခွင့်ပေးပါတယ်။ သို့သော်ငြားလည်း တကယ့် မြေပြင်မှာ ဆောက်ရမယ့် ပုံစံကတော့ သူတို့ ကန့်သတ်ထားတဲ့အတိုင်းပဲပေါ့နော်။ သူတို့ သုံးတဲ့ စကားကတော့ မူလအရွယ်အစားအတိုင်းသာ ပြန်လည်ဆောက်လုပ်ခွင့်ပြုမယ်ဆိုတာကတော့ ရှင်းရှင်းပြောရရင် မဆောက်နဲ့လို့ ပြောတာနဲ့ အတူတူပဲ၊ ဆောက်နေရင်လည်း ငါတို့က ဒီလို လုပ်မှာပဲ ဆိုတဲ့ ဖိအားပေးမှု ခြိမ်းခြောက်မှုဖြစ်ပါတယ်။ စဉ်းစားကြည့်လေဗျာ။ လူဦးရေ ၁၀၀၀၊ ၂၀၀၀ ရှိတယ်ဗျာ။ နဂိုဗလီက လူ ၁၅၀၊ ၂၀၀ လောက်ပဲ ဆန့်မယ်ဆိုရင် ဒါက မလုပ်သင့်တဲ့ ကိစ္စပါဗျာ။ အဲဒါကြောင့်မိုလို့ ဒီလမ်းညွန်မှာကြားချက်အပေါ်မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ပိုင်ခွင့်၊ လွတ်လပ်စွာ လက်တွေ့ကျင့်သုံးပိုင်ခွင့်တွေ ကျနော်တို့ တိုင်းပြည်ဟာ စစ်အာဏာရှင်အောက်မှာ ဆိတ်သုဉ်းနေတယ်ဆိုတာ လက်တွေ့ သက်သေပြနေတာပဲလို့ ကျနော်က မှတ်ချက်ပေးချင်ပါတယ်။
မေး – နောက်ဆုံးစာရင်းတွေအရ ငလျင်ကြောင့် ဗလီတွေ ဘယ်နှစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ရပါသလဲခင်ဗျာ။ အစ္စလာမ်ဘာသာဝင် ဘယ်နှစ်ဦး သေဆုံးခဲ့ရပါသလဲ၊ ထိခိုက်ခဲ့ရပါသလဲခင်ဗျာ။
ဖြေ – လက်လှမ်းမိသလောက် ဗလီအရေအတွက်က အလုံးရေ ၁၄၀ နီးပါးလောက် ပျက်စီးတယ်။ အစ္စလာမ်ဘာသာဝင် ၇၀၀ နီးပါးလောက်သေဆုံးတယ်။ ဒီသေဆုံးစာရင်းက လက်လှမ်းမိသလောက်ပေါ့နော်။ ပျောက်ဆုံးစာရင်းကလည်း ၁၀၀ နီးပါးလောက်ရှိတယ်။
မေး – ဖြည့်စွက်ပြောကြားချင်တာ ရှိပါသေးလားဆရာ။
ဖြေ – အဓိကက တို့တိုင်းပြည်မှာ မမျှတမှုပေါ့နော်။ ဒါတွေဟာ အကြောင်းတရားကို ပယ်သတ်နိုင်မှာသာ အကျိုးတရားဆိတ်သုဉ်းမှာပေါ့နော်။ အကြောင်းတရားက ဘာလဲဆိုရင် အာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်တွေ ရှိနေသမျှ ကာလပတ်လုံး လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်တို့၊ လွတ်လပ်စွာ လက်တွေ့ကျင့်သုံးပိုင်ခွင့်တို့ ၊ နောက်ပြီး တရားမျှတမှုတို့၊ ငြိမ်းချမ်းရေးတို့၊ ဒီမိုကရေစီရေးတို့၊ ဖက်ဒရယ်ရေးတို့ ဒါတွေဟာ လုံးဝတည်ဆောက်လို့ ရမှာ မဟုတ်သလို ၊ တို့တိုင်းပြည်မှာက လူမျိုးပေါင်းစုံ ဘာသာ ပေါင်းစုံ ရှိတယ်ဗျာ။ အဲဒါကြောင့် ပန်းတိုင်းပွင့်ကြပါစေဆိုတဲ့ အတွေးအခေါ်ပေါ့နော်၊ စစ်အာဏာရှင်တွေမှာ မရှိပါဘူး။ ရုတ်တရက်ကြည့်လိုက်ရင် ဗုဒ္ဓဘာသာကို ချီးမြှောက်သလိုလိုနဲ့ ၊ တကယ့်တော့ ဘာသာတိုင်းအပေါ်မှာ စစ်အာဏာတည်တံ့ခိုင်မြဲရေး အသုံးချဖို့ကိုသာ သူက စီစဉ်ဆောင်ရွက်နေခြင်းဖြစ်တယ်။ လိုအပ်ရင် သူက လူမျိုးရေးပဲ ဖြစ်ဖြစ်၊ ဘာသာရေးပဲ ဖြစ်ဖြစ် လက်နက်အဖြစ် အသုံးချနိုင်တယ်ဆိုတာက နေဝင်းလက်ထက်မှသည် အခုချိန်ထိ အသုံးချနေပါတယ်။
အခု ငလျင်အလွန်မှာလည်း ထိုနည်းတူပါပဲ၊ ဗလီတွေဟာ ရာနဲ့ချီပြီး ပျက်စီးတယ်ဗျာ။ တကယ်တော့ ဗလီတွေ၊ ဘုရားကျောင်းကန်တွေ၊ သာသနိက အဆောက်အဦးတွေဆိုတာက ဘာသာဝင်တိုင်းရဲ့ အသည်းနှလုံးပဲ ဖြစ်ပါတယ်။ ဒီလို အသည်းနှလုံးတွေ ထိခိုက်နေတဲ့အချိန်မှာ အခုလို စာတတန်၊ ပေတတန်နဲ့ လုပ်လာတက ကျနော်တို့က လုံးဝ လက်ခံလို့ မရဘူး။ ဒါကြောင့် သာသနာ ညှိနွမ်းအောင် လုပ်နေတာဟာ ဒီစစ်အာဏာရှင်တွေပဲ ဖြစ်တယ်။ ဘာသာပေါင်းစုံရဲ့ သာသနာ ညှိးနွမ်းစေမှုနဲ့ သူကို အပြစ်ပေး အရေးယူဖို့ကို ဒီနေရာကနေ အတိအလင်း အသိပေးလိုပါတယ်။
မေး – အခုလို ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။
ဓါတ်ပုံများ – SRMMN ၊ CJ
