Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

နတ်မတောင်နဲ့ ကန်ပက်လက်သစ်တောကြိုးဝိုင်းမှာ သစ်ထုတ်ပြီး ရောင်းချမှုတွေ ရှိနေလို့ ဆို

ချင်းပြည်နယ်တောင်ပိုင်း၊ အာဆီယံအမွေအနှစ်စာရင်းဝင် နတ်မတောင် (သို့မဟုတ်) ခေါ်နူးစုမ်း သစ်တောကြိုးဝိုင်းနဲ့ ကန်ပက်လက် မြို့နယ်ထဲက သစ်တောကြိုးဝိုင်းတွေမှာ သစ်၊ ဝါးတွေ တရားမဝင်ထုတ်လုပ်မှုတွေ ဖြစ်ပွားနေတယ်လို့ ကန်ပက်လက် မြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“အာဆီယံအမွေအနှစ်စာရင်းဝင် နတ်မတောင်သစ်တောကြိုးဝိုင်းနဲ့ မြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းအတွင်းမှာ သစ် ၊ ဝါးတွေ တရားမဝင်ထုတ်လုပ်နေတဲ့သူတွေရှိနေလို့ အခုလို စည်းကမ်းတွေ ထုတ်ပြန်လာရခြင်းဖြစ်ပါတယ်။ အခုလောလော ဆယ်တော့ ဆိုးဆိုးဝါးဝါးကြီး မဖြစ်သေးပေမယ့် အခုခေတ်ပျက်ကာလကို အကြောင်းပြပြီး ဆက်လက်ပြီး လူတစ်စု ၊ အဖွဲ့အစည်းတွေက လက်ဝါးအုပ်ပြီး လုပ်လာနိုင်တဲ့အတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်တာပါ” လို့ သူက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၄ နှစ်ကျော်ကာလထဲ နတ်မတောင်သစ်တောကြိုးဝိုင်းနဲ့ မြို့နယ်က သစ်တောကြိုးဝိုင်းတွေ၊ ကျွန်းစိုက်ခင်းတွေမှာ သစ်ထုတ်လုပ်မှုတွေ တစ်စနဲ့ တစ်စ လုပ်လာကြတယ်လို့ သိရပါတယ်။

တရားမဝင် ထုတ်ယူနေတဲ့ ကျွန်းအပါအဝင် သစ်တွေကို တချို့ကို မကွေးတိုက်ဘက်ကို ရောင်းချသူ ရှိသလို တချို့ကို ရခိုင်ပြည်နယ်အထိ ရောင်းချတဲ့ လူတွေလည်း ရှိနေတယ်လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မကွေးနဲ့ ရခိုင်ဘက်ကို ရောင်းချနေတဲ့ ဈေးနှုန်းတွေကို မသိရှိကြောင်း၊ လတ်တလောမှာ ကျွန်းသစ် ၃ တန်ကို ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။

ကန်ပက်လက်မြို့နယ်အတွင်း သစ်တောနဲ့ သဘာဝသယံဇာတ ထိန်းသိမ်းရေးအတွက် လိုအပ်တဲ့ ဥပဒေနဲ့ ကန့်သတ်တားမြစ်ချက်တွေကို ကန်ပက်လက်မြို့နယ် ရဲတပ်ဖွဲ့နဲ့ သစ်တောဌာနတို့ ပူးပေါင်းပြီး ကြေညာထားပါတယ်။

အဲဒီဥပဒေနဲ့ တားမြစ်ချက်တွေဟာ ဇူလိုင်လ ၄ ရက်နေ့ကတည်းကနေ စတင်အကြုံးဝင်နေပြီး ကျူးလွန်သူတွေကို အဲဒီပြဌာန်းချက်တွေနဲ့ အရေးယူသွားမယ်လို့ သိရပါတယ်။

ကန်ပက်လက်မြို့နယ်မှာ ၂၀၁၈ ခုနှစ်က ပြည်ထောင်စုလွှတ်တော်က ပြဌာန်းထားတဲ့ သစ်တောဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်သလို မြို့နယ်သစ်တောဦးစီးဌာနရဲ့ ခွင့်ပြုချက် မရှိဘဲ မည်သူ့မဆို ပြုလုပ်ခွင့်ကို ကန့်သတ်တားမြစ်တဲ့ မူဝါဒညွှန်ကြားချက် ၂၆ ချက်ကိုလည်း ပြဌာန်းထားပါတယ်။

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature