Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ရာသီဥတု

နိုင်ငံတဝန်းက မြို့နယ် ၆ ခုထက်မနည်းမှာ ရေကြီးရေလျှံမှုကြောင့် အရေးပေါ်အကူအညီလိုအပ်နေ

နေပြည်တော် အပါအဝင် တိုင်းနဲ့ ပြည်နယ် ၄ ခုက မြို့နယ် ၆ ခုထက်မနည်းမှာ တောင်ကျရေ နဲ့ မြစ်ရေကြီးမှုတွေကြောင့် ဒေသခံပြည်သူထောင်ချီဟာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့ အစည်းတွေထံက ပြောပါတယ်။

နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာ မိုးသည်ထန်စွာ ရွာသွန်းမှုနဲ့အတူ တောင်ကျချောင်းရေနဲ့ ဆည်ရေ လွှတ်ခြင်းတို့ကြောင့် လက်ပံကုန်းရွာ၊ ရှောက်ကုန်းရွာ၊ အောင်မြေရွာ၊ ရွေးစုရွာ အပါအဝင် ရပ်ကွက်ကျေးရွာပေါင်း ၈ ရွာထက်မနည်း ရေကြီးမှုဒဏ် ခံနေရတယ်လို့ ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ဆိုပါတယ်။

ထိုင်း- မြန်မာနယ်စပ် ကရင်နီပြည်နယ်ထဲက သောင်ရင်းမြစ်ရေကြီးမှုကြောင့် မြဝတီမြို့ဟာ ရေကြီးရေလျှံမှု အဆိုးဝါးဆုံး အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၁၁ ရက် သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက် ၁၀ ပေခွဲ မြင့်တက်နေပြီ နောက်ရက်အတွင်းမှာ ၃ ပေခန့် ထပ်မံမြင့်တက်နိုင်ပြီး မြဝတီမြို့နယ်နဲ့ မဒေါက်မြို့တို့ရဲ့ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းတွေမှာ နေထိုင်သူတွေ အထူးသတိပြုကြဖို့ စစ်ကောင်စီရဲ့ မိုးဇလက ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ် တာချီလိတ်၊ ကျိုင်းတုံ၊ ကလော၊ မိုင်းကိုင်နဲ့ ပင်လောင်းမြို့တွေမှာလည်း စက်တင်ဘာလ ၉ ရက်ကတည်းက ဒေသခံတွေ ရေကြီးရေလျှံမှုဒဏ် ခံနေရတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှာလည်း ဇော်ဂျီမြစ်ရေ မြင့်တက်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်တချို့က ဒေသခံတွေ ရေကြီးရေလျှံမှုဒဏ် ခံနေရတယ်လို့ သိရပါတယ်။

သံလွင်၊ သောင်ရင်း၊ စစ်တောင်း၊ ရွှေကျင်၊ ဘီးလင်းနဲ့ ပဲခူး မြစ်ရေတွေ မြင့်တက်လာနိုင်တာကြောင့် ဘားအံ၊ တောင်ငူ၊ ပဲခူး၊ မဒေါက်၊ မြဝတီ၊ ဘီးလင်း၊ ရွှေကျင် စတဲ့မြို့နယ်ထဲက မြစ်ကမ်းဘေးအနီးနဲ့ မြေနိမ့်ဒေသတွေမှာ ဒီရက်ပိုင်းတွေထဲ ရေကြီးရေလျှံမှုတွေ ဆက်ဖြစ်နိုင်တယ်လို့ စစ်ကောင်စီ၊ မိုးဇလက ထုတ်ပြန်ထားပါတယ်။

အရင်လတွေကလည်း နိုင်ငံတဝန်းမှာ ရေကြီးရေလျှံမှုတွေကြောင့် ဒေသခံပြည်သူ ၃၉၀,၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး အကူအညီတွေ လိုအပ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ဩဂုတ်လ ထဲမှာ ထုတ်ပြန်ထားပါတယ်။

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature