Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

ပင်လယ်ပြင်ရှိ လုပ်ကွက် ၅၀ ကျော်ကနေ ရေနံနဲ့ သဘာဝဓါတ်ငွေ့ တူးဖော်၊ ရောင်းချနိုင်ရေး စစ်တပ် ပြင်ဆင်နေ

လက်ရှိမှာ အာဏာသိမ်းစစ်ကော်မရှင်ဟာ မြန်မာ့ကမ်းလွန်ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ပေါင်း ၅၀ ကျော်မှာ တူးဖော်ပြီး ထုတ်ယူရောင်းချ သုံးစွဲနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ရေနံနဲ့ သဘာဝဓါတ်ငွေ ထုတ်လုပ်ရေးအတွက် ရေတိမ်ပိုင်း လုပ်ကွက်တွေဟာ ရခိုင်ကမ်းလွန်မှာ လုပ်ကွက် ၇ ခု၊ မုတ္တမကမ်းလွန်မှာ လုပ်ကွက် ၁၁ ခု၊ တနင်္သာရီကမ်းလွန်မှာ လုပ်ကွက် ၈ ခုတို့ဖြစ်ပါတယ်။

ရေနက်ပိုင်း လုပ်ကွက်တွေဟာ ရခိုင်ကမ်းလွန်မှာ လုပ်ကွက် ၁၆ ခု၊ မုတ္တမကမ်းလွန်းမှာ လုပ်ကွက် ၃ ခု၊ တနင်္သာရီကမ်းလွန်မှာ လုပ်ကွက် ၆ ခုတို့ ဖြစ်ပါတယ်။

ကမ်းလွန်ရေတိမ်ပိုင်း လုပ်ကွက်စုစုပေါင်း ၂၆ ခု၊ ကမ်းလွန်ရေနက်ပိုင်း လုပ်ကွက် ၂၅ ခုနဲ့ စုစုပေါင်း ရေနံနဲ့ သဘာဝ ဓါတ်ငွေ့လုပ်ကွက်ပေါင်း ၅၁ ခုတို့မှာ ထုတ်ယူ သုံးစွဲခြင်း၊ နိုင်ငံတကာကို ရောင်းချနိုင်ရေးအတွက် လုပ်ဆောင် နေတယ်လို့ စက်တင်ဘာလ ၂၃ ရက်က ကမ်းလွန်ရေနံအခြေစိုက်စခန်း (သာကေတ) မှာ ပြုလုပ်တဲ့ အစည်းအဝေးပွဲ ကနေ သိရပါတယ်။

ဒါဟာ စစ်အာဏာသိမ်းထားမှု ၄ နှစ်ကျော်ကာလမှာ စစ်တပ်ဟာ မြန်မာ့ပင်လယ်ပြင်ထဲ ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ကွက်ကြီးတွေ အများအပြားကို ရှာဖွေပြီး ထုတ်ယူ၊ ရောင်းချနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု ဖြစ်ပါတယ်။

ရတနာ၊ ဇောတိက၊ ရဲတံခွန် နဲ့ ရွှေကမ်းလွန် သဘာဝဓါတ်ငွေ့ စီမံကိန်းကြီး ၄ ခုဟာ သဘာဝဓါတ်ငွေ့ ထုတ်လုပ်ပြီး အိမ်းနီးချင်းနိုင်ငံတွေကို တင်ပို့ရောင်းချနိုင်သလို ပြည်တွင်းမှာလည်း ဖြန့်ဖြူးသုံးစွဲနေတဲ့အတွက် အရေးကြီးတဲ့ စီမံကိန်းတွေ ဖြစ်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဌ၊ စစ်ကော်မရှင်အစိုးရုံး ၁ ဝန်ကြီး ဦးတင်အောင်စန်းက ပြောတယ်လို့ စစ်တပ်ပိုင်သတင်းစာတွေက ရေးသားပါတယ်။

ဒါပေမယ့် အဆိုပါစီမံကိန်းကြီးတွေဟာ သက်တမ်းကာလ ကြာမြင့်နေပြီဖြစ်တဲ့အတွက် သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှုမှာ တဖြည်းဖြည်း လျော့နည်းလာနေပြီဖြစ်လို့ စီမံကိန်းအသစ်တွေ ရှာဖွေတူးဖော်နိုင်ရေး ဆောင်ရွက်သွားမယ်လို့ စစ်တပ်အစိုးရရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဌက ပြောပါတယ်။

ကုန်းတွင်းနဲ့ ကမ်းလွန်လုပ်ကွက်တွေမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ရှာဖွေ ထုတ်လုပ်နိုင်ဖို့ နိုင်ငံတကာစွမ်းအင် ကုမ္ပဏီတွေ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ရေနံတွင်းသစ်တွေ နေရာသတ်မှတ်နိုင်ရေးအတွက် တိုင်းတာရရှိတဲ့ ဆိုင်စမစ် အချက်အလက်တွေ ဘူမီရူပဆန်းစစ် အကဲဖြတ်ခြင်း လုပ်ငန်းတွေ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မန်းရေနံမြေ၊ ချောက်ရေနံမြေ၊ ရေနံချောင်းရေနံမြေတို့က ထွက်နှုန်းကျဆင်းနေတဲ့ ကုန်းတွင်းရေနံမြေတွေကိုလည်း နည်းပညာအသုံးပြုပြီး အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်သွားဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

မအူပင်နဲ့ အဖျောက်မြို့နယ်တို့ရှိ လုပ်ကွက် ၄ ကွက်ကနေ ရေနံနဲ့ သဘာဝဓါတ်ငွေတွေကို ၂၀၂၅ ခုနှစ်ထဲမှာ စတင် ထုတ်လုပ်နိုင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ထဲမှာရှိတဲ့ ကမ်းလွန်ရေနံ အခြေစိုက်စခန်း (သာကေတ)ကိုလည်း ရေနံနဲ့ သဘာဝ ဓါတ်ငွေ့လုပ်ငန်းသုံး ပစ္စည်းတွေကို လက်ခံသိုလောင်ပြီး ကုန်းတွန်း၊ ကလွမ်းလုပ်ငန်းတွေအတွက် ထောက်ပံ့ပို့ဆောင်၊ ဖြန့်ဖြူးပေးနိုင်ရေး ထောက်ပံ့ရေးစခန်းအဖြစ် တည်ထောင်ထားပြီဖြစ်တယ်လို့လည်း သိရပါတယ်။

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature