ပုဂံဒေသ သိကြားဟစ်ဘုရားမှာ ထိန်သိမ်းရေး လုပ်ငန်းတွေ ဆောင်ရွက်စဉ် ပုဂံခေတ်နှောင်းပိုင်းက နံရံပန်းချီတွေနဲ့ မင်စာတွေကို အသစ်တွေ့ရှိရတယ်လို့ စစ်ကော်မရှင်ရဲ့ သတင်းစာတွေမှာ ဒီနေ့ စက်တင်ဘာလ ၂၈ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
သိကြားဟစ်ဘုရားရှိ နံရံဆေးရေး ပန်းချီတွေ ပျက်စီးမှုဖြစ်ပေါ်နေသလို အင်္ဂတေပန်းလက်ရောတွေ၊ နံရံတွေ အက်ကြောင်းတွေ ဖြစ်ပေါ်နေတဲ့အတွက် ရှေး/သု ဦးစီးဌာနက ၂၀၂၅ ခုနှစ် မတ်လက စတင်လို့ အဆောက်အအုံ ထိန်းသိမ်းခြင်း၊ အင်္ဂတေပန်းလက်ရာတွေ၊ နံရံအက်ကွဲ ကြောင်းတွေနဲ့ နံရံဆေးရေး ပန်းချီတွေကို ဓာတုဗေဒနည်းနဲ့ ထိန်းသိမ်းခြင်း လုပ်ငန်းတွေ ဆောင်ရွက်တယ်လို့ သိရပါတယ်။
အဲဒီလို ဆောင်ရွက်ရာမှာ ပုဂံဒေသ ရှေးဟောင်းသုတေသနဆိုင်ရာ အသစ်တွေ့ အထောင်အထားအဖြစ် သိကြားဟစ်ဘုရားမှာ နံရံဆေးရေး ပန်းချီတွေထဲ ရွှေရည်ရေး ဘုရားပုံတော်တွေ တွေ့ရှိခြင်းဖြစ်ပါတယ်။
နံရံဆေးရေး ပန်းချီတွေကို ဓာတုဗေဒနည်းနဲ့ ကြံ့ခိုင်မှု ဆောင်ရွက်ရာမှာ အာရုံခံရဲ့ မြောက်ဘက် နံရံနေရာရှိ နံရံဆေးရေး ပန်းချီပေါ်မှာ ရေးဆွဲထားတဲ့ ဘုရားငါးဆူကို ရွှေစင်ရွှေသားတွေနဲ့ တန်ဆာဆင်ထားတဲ့ ဘူမိဖဿမုဒြာဟန်၊ ထိုင်တော်မူနေဟန် ဘုရားပုံတော်တွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အသစ်တွေ့ရှိရတဲ့ ရွှေစင်ရွှေသားနဲ့ တန်ဆာဆင်ထားတဲ့ ဗုဒ္ဓပုံတော်တွေမှာ အရင်ကတည်းက မင်စာတွေ ရေးထိုးထားပေမယ့် နှစ်ပေါင်းများစွာ ကြာမြင့်ပြီး ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေနဲ့ ဖုံးအုပ်နေတဲ့အတွက် တိမ်မြုပ်ပျောက်ကွယ်နေကာ အခု ဓာတုဗေဒနည်းနဲ့ ထိန်းသိမ်းခြင်း ဆောင်ရွက်တဲ့အခါမှသာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

နောက်ခံတံကဲအစိမ်းရောင်နဲ့အတူ တွေ့ရှိရတဲ့ ဘုရားပုံတော်ငါးဆူရဲ့ အောက်ခြေမှာ မင်စာတွေ ရေးထိုးထားပြီး မင်စာမှာ သက္ကရာဇ် – ၉၄၃ ခုနှစ်လို့ ပါရှိတဲ့အတွက် အေဒီ ၁၆ ရာစုလို့ ယူဆရတယ်လို့ ဆိုပါတယ်။
သိကြားဟစ် ဘုရားရဲ့ တည်ဆောက်မှုနဲ့ နံရံဆေးရေး ပန်းချီတွေဟာ အေဒီ ၁၃ ရာစုဟန်ဖြစ်ပေမယ့်လည်း အခုအသစ် တွေ့ရှိရတဲ့ မင်စာမှာ သက္ကရာဇ် – ၉၄၃ ခုနှစ်လို့ ပါရှိနေတဲ့အတွက် ပုဂံခေတ်နှောင်းပိုင်း (Post Bagan Period) မှာ မူလ မှတ်တမ်းပေါ်မှာ နံရံပန်းချီတွေနဲ့ မင်စာ ထပ်မံ ရေးထိုးထားခြင်းဖြစ်တယ်လို့ သိရပါတယ်။
သိကြားဟစ် ဘုရားမှ နံရံဆေးရေး ပန်းချီ ဘုရားပုံတော်ငါးဆူမှာ ရွှေရည်ရေးခြင်း (ရွှေချခြင်း) တွေ့ရှိမှုဟာ ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထား အသစ်တွေ့ရှိမှုအဖြစ် ပထမဆုံးအသစ်တွေ့ရှိမှု ဖြစ်တယ်လို့လည်း သိရပါတယ်။
အခြားရှေးဟောင်းနေရာတွေမှာ အဲဒီလို နံရံဆေးရေးပန်ချီးတွေမှာ ရွှေရည်ရေး (ရွှေချ) တဲ့ အထောက်အထား မတွေ့ရှိရသေးဘူးလို့ ဆိုပါတယ်။
မင်စာဟာ မြန်မာ၊ ပါဠိဘာသာတို့နဲ့ ရေးထိုးထားပြီး အက္ခရာတွေဟာ ညောင်ရမ်းခေတ် အရေးအသားကို အသုံးပြုထားကြောင်း၊ မင်စာပါ အကြောင်းအရာဟာ လှူဒါန်းမှုအစုစုကို မှတ်တမ်းတင်ရေးထိုးထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
သိကြားဟစ်ဘုရာဟာ ရှေးဟောင်းအဆောက်အအုံအမှတ် ၂၄၉ ဖြစ်ပြီး ညောင်ဦး – ပုဂံ သွားကားလမ်းဘေး အမှတ် ၇ ရပ်ကွက်၊ ဝက်ကြီးအင်းရဲ့ အနောက်တောင်ဘက် ပုဂံမြို့ဟောင်းအတွင်းမှာ ရှိပါတယ်။
