Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

မြန်မာ့သစ်တော ဖုံးလွှမ်းမှု နှစ်စဉ်လျော့နည်းကျဆင်းလာနေ

မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုတွေဟာ နှစ်စဉ် လျော့နည်းကျဆင်းလာနေပြီး ၂၀၂၅ ခုနှစ်အတွက် မြန်မာ့သစ်တော့ဖုံးလွှမ်းမှု ဆန်းစစ်လေ့လာခြင်းကို ဆောင်ရွက်ထားပြီဖြစ်တယ်လို့ စစ်ကောင်စီရဲ့ သစ်တောဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မြန်မာ့သစ်တော ဖုံးလွှမ်းမှုနဲ့ သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်းကို ၅ နှစ်မှာ ၁ ကြိမ်ဆောင်ရွက်လျက်ရှိရာ မြန်မာ့သစ်တော ဖုံးလွှမ်းမှုဟာ ၂၀၁၀ ခုနှစ်မှာ ၄၆.၉၆ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ၄၂. ၉၂ ရာခိုင်နှုန်းရှိခဲ့တယ်လို့ သိရပါတယ်။

၅ နှစ်တာအတွင်း မြန်မာ့သစ်တော ဖုံးလွှမ်းမှုရဲ့ ၄.၀၄ ရာခိုင်နှုန်း လျော့ပါး ကျဆင်းခဲ့ပြီး အဲဒီနှစ်ကာလဟာ ဦးသိန်းစိန် အစိုးရက နိုင်ငံကို အုပ်ချုပ်တဲ့ ကာလအပိုင်းအခြားဖြစ်ပါတယ်။

မြန်မာ့သစ်တော ဖုံးလွှမ်းမှုဟာ ၂၀၂၀ ခုနှစ်မှာ ၄၂.၁၉ ရာခိုင်နှုန်းရှိပြီး ၅ နှစ်တာမှာ ၀.၇၃ ရာခိုင်နှုန်းသာ သစ်တောဖုံးလွှမ်းမှု ကျဆင်းခဲ့ပါတယ်။

အဲဒီ ၅ နှစ်တာဟာ အရပ်သားအစိုးရလက်ထက်အဖြစ် အများသိထားကြတဲ့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ စီမံအုပ်ချုပ်တဲ့ ကာလအပိုင်းအခြားဖြစ်ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်မှ အခုနှစ် ၂၀၂၅ ခုနှစ်အတွက် တိုင်းတာထားတဲ့ မြန်မာ့သစ်တော ဖုံးလွှမ်းမှုနဲ့ ပတ်သက်လို့ ဆန်းစစ်လေ့လာခြင်းများကို ဆောင်ရွက်ထားပြီး အစီရင်ခံစာ မူကြမ်းကို ရေးသားပြီးပြီဟု သစ်တောဌာနက ဇန်နဝါရီလ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာ့သစ်တော ဖုံးလွှမ်းမှု ရာခိုင်နှုန်းကိုတော့ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပါဘူးလို့ သိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်အာဏာသိမ်းထားတဲ့ အခု ၅ နှစ်တာကာလမှာ စစ်ကောင်စီနဲ့ အပေါင်းအပါတွေရဲ့ သစ်ထုတ်လုပ်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF တချို့ရဲ့ သစ်ထုတ်လုပ်ခြင်းနဲ့ အရပ်သားတွေရဲ့ သစ်ထုတ်ခြင်းနဲ့ ရွှေပြောင်းတောင်ယာတွေကြောင့် မြန်မာ့သစ်တောဧရိယာတွေ အများအပြား ကျဆင်းလိမ့်မယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားတချို့က သုံးသပ်ပြောဆိုနေပါတယ်။

မြန်မာ့သစ်တော ဖုံးလွှမ်းမှုနဲ့ သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်းကို ၁၉၅၅ ခုနှစ်၊ ၁၉၇၅ ခုနှစ်နဲ့ ၁၉၈၉ ခုနှစ်တို့မှာလည်း ပြုလုပ်တယ်လို့ သိရပါတယ်။

၁၉၉၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နိုင်ငံရဲ့သစ်တောဖုံးလွှမ်းမှုကို UNFAO ရဲ့ နည်းပညာ အထောက်အပံ့နဲ့ ဂြိုဟ်တုဓါတ်ပုံတွေ အသုံးပြုခြင်း၊ သယံဇာတစာရင်း ကောက်ယူခြင်းမှ ရရှိတဲ့ အချက်အလက်တွေကို အသုံးပြုပြီး ပြင်ဆင် လေ့လာခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ စားရေရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO)ကို ၅ နှစ်မှာ ၁ ကြိမ် တင်ပြပြီး ကမ္ဘာ့သစ်တော သယံဇာတများ အကဲဖြတ်ခြင်း (Global Forest Resources Assessment- FRA) အစီရင်ခံာမှာ မြန်မာ့သစ်တော သယံဇာတ အခြေအနေ၊ အပြောင်းအလဲများ Time Series Data တွေကို ပေးပို့ဖော်ပြတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – WWF – မြန်မာ

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature