Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

မြေပေါ် မြေအောက်နဲ့ ရေသယံဇာတတွေမှာ လာရောက်လုပ်ကိုင်ဖို့ တရုတ်စီးပွားရေးသမားတွေကို စစ်ခေါင်းဆောင် စည်းရုံး

မြန်မာနိုင်ငံရဲ့ မြေပေါ်၊ မြေအောက်သယံဇာတနဲ့ ရေသယံဇာတတွေမှာ လာရောက်ရင်းနှီးမြုပ်နှံလုပ်ကိုင်ကြဖို့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်အာဏာသိမ်းခေါင်းဆောင်က ဖိတ်ခေါ်စည်းရုံးနေပါတယ်။

ဩဂုတ်လ ၃၁ ရက်က တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့မှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှ မြေပေါ် မြေအောက်သယံဇာတတွေ၊ ရေသယံဇာတတွေ၊ လူသားအရင်းအမြစ်တွေနဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပူးပေါင်းလိုက်ပါက နှစ်နိုင်ငံ ရလဒ်ကောင်းတွေ ဖြစ်ပေါ်လာမယ်လို့ စစ်ခေါင်းဆောင်က မြန်မာ့သယံဇာတတွေနဲ့ မက်လုံးပေးစွဲဆောင်ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ စစ်ခေါင်းဆောင်က အဆိုပါတွေ့ဆုံပွဲမှာ ထပ်မံထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါအပြင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နဲ့ စွမ်းအင်၊ စိုက်ပျိုးရေး၊ စက်မှုနဲ့ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဏ၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍမှာလည်း စီမံကိန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

လက်ရှိမှာ မူဆယ်- မန္တလေး မီးရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်းနဲ့ မန္တလေး- ကျောက်ဖြူမီးရထားလမ်း စီမံကိန်းတွေကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ သတ္တုထုတ်လုပ်ခြင်း လုပ်ငန်း၊ စွမ်းအင်ကဏ္ဍနဲ့ သဘာဝဓါတ်ငွေ့ ထုတ်လုပ်ခြင်းတွေကို ဆောင်ရွက်လိုပါက လာရောက်ဆွေးနွေးကြဖို့ကိုလည်း တရုတ်လုပ်ငန်းရှင်တွေကို စစ်ကော်မရှင်က ဖိတ်ခေါ်ခဲ့ပါတယ်။

တရုတ်နိုင်ငံက ဦးဆောင်အကောင်အထည်ဖော်နေတဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်းထဲမှာ မြန်မာနိုင်ငံက ကုန်းလမ်း နဲ့ ရေလမ်း ၂ မျိုးအသုံးပြုနိုင်တဲ့ ဘင်္ဂလားဒေ့ရှ် – တရုတ်- အိန္ဒိယ – မြန်မာ (BCIM) စီးပွားရေးစင်္ကြ့နဲ့ တရုတ်- အင်ဒိုချိုင်းနား ကျွန်းဆွယ် စီးပွားရေး စင်္ကြံတို့မှာ ပါဝင်နေတယ်လို့ သိရပါတယ်

အဲဒီစီမံကိန်းထဲမှာ မန္တလေး – မူဆယ် ရထားလမ်းစီမံကိန်းလည်း အပါအဝင်ဖြစ်ပြီး အဲဒီစီမံကိန်းတွေကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

မြစ်ဆုံစီမံကိန်းကို ၂၀၀၉ ခုနှစ်စစ်အစိုးရ လက်ထက်မှာ စတင်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက်မှာ ကန့်ကွက် ဆန္ဒပြမှုတွေကြောင့် ရပ်နားလိုက်ရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ စစ်ခေါင်းဆောင်က မကြာခဏ ထုတ်ဖော်ပြောဆိုနေပြီး မြစ်ဆုံစီမံကိန်းကြီးကို ပြန်လည်စတင်နိုင်ဖို့လည်း ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းကြောင်း ၂၀၂၄ ခုနှစ် မေလ ၁၇ ရက်က ကြေညာထားပါတယ်။

မြစ်ဆုံစီမံကိန်းဟာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၀,၀၀၀ နီးပါး ထုတ်လုပ်နိုင်မယ့် ရေကာတာ(ဆည်) ၇ ခုနဲ့ မေခမြစ်ပေါ်မှာလည်း ၉၉ မဂ္ဂါ၀ပ်ထွက်မယ့် ချီဖွေငယ်ဆည်တို့ကို တည်ဆောက်ဖို့ ဖြစ်ပါတယ်။

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature