အာဏာသိမ်းစစ်ကော်မရှင်အစိုးရနဲ့ အိန္ဒိယနိုင်ငံတို့အကြား မြေရှားသတ္တုတူးဖော်ရေးကဏ္ဏမှာ တိုးမြှင့်ဆောင်ရွက်ဖို့ သဘောတူညီမှုတွေ ရရှိခဲ့တယ်လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ထုတ်ဖော်ပြောဆိုပါတယ်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို ရောက်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ တရုတ်နိုင်ငံ၊ တီယန်းကျင်းမြို့မှာ ဩဂုတ်လ ၃၁ ရက် တွေ့ဆုံအပြီးမှာ သဘောတူညီချက်တွေ ထွက်ပေါ်လာပါတယ်။
ကုန်သွယ်ရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ စွမ်းအင်၊ မြေရှားသတ္တုတူးဖော်ရေးနဲ့ လုံခြုံရေး စတဲ့ ကဏ္ဍအသီးသီးမှာ တိုးမြင့်ဆောင်ရွက်နိုင်ရေးအတွက် သဘောတူခဲ့ကြတယ်လို့ အိန္ဒိယဝန်ကြီးချုပ်က ပြောပါတယ်။
အိန္ဒိယရဲ့ အရှေ့မျှော်မူဝါဒနဲ့ အိမ်နီးချင်းစားပေးရေး မူဝါဒ နှစ်ခုစလုံးအတွက် မြန်မာဟာ အရေးပါတဲ့ နိုင်ငံဖြစ်တယ်လို့ အိန္ဒိယဝန်ကြီးချုပ်က စစ်ခေါင်းဆောင်ကို ပြောခဲ့တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေမှာတော့ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ကုန်သွယ်ရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး တိုးမြင့်ဖို့နဲ့ တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်ရေး၊ စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲကို အိန္ဒိယက ထောက်ပံ့ကူညီရေးတို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
