တစ်လနီးပါးကြာ မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ရခိုင်ပြည်နယ်က မြို့နယ် ၈ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး လူသေဆုံးမှုတွေ ရှိနေသလို ဒုက္ခသည်စခန်းတွေအပါအဝင် ကျေးရွာ ၉၀ က လူဦးရေ ၁၂,၀၀၀ ကျော် ရေဘေးဒဏ်သင့်နေတယ်လို့ ULA/ AA က ကြေညာပါတယ်။
တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့နယ်တွေမှာ ဇွန်လကုန်ပိုင်းမှ စတင်လို့ အခုချိန် မိုးများစွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတယ်လို့ ULA/ AA ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ဇူလိုင်လ ၂၂ မှာ ထုတ်ပြန်ပါတယ်။
ရေကြီးနေမှုကြောင့် လူနေအိမ်၊ စပါးခင်း၊ လမ်းတံတားတွေ ပျက်စီးနေပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတဲ့အပြင် လူသေဆုံးမှုတွေလည်း ဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ပါတယ်။
လက်ရှိစာရင်းတွေအရ ဒုက္ခသည်စခန်းတွေအပါအဝင် ကျေးရွာ ၉၀ က အိမ်ထောင်စု ၃၄၆၁ စု၊ လူဦးရေး ၁၂၂၄၉ ဦးတို့ ရေဘေးသင့်နေတယ်လို့ သိရပါတယ်။

ရေလွှမ်းမိုးခံနေရတဲ့ ဒေသတွေကို HDCO က သွားရောက်လို့ အရေးပေါ်အကူအညီတွေ ဆောင်ရွက်နေပြီး ရေဘေးသင့်အချက်အလက်တွေကိုလည်း ကောက်ခံနေတယ်လို့ သိရပါတယ်။
ရေကြီးရေလျှံမှုဒဏ် ခံနေရတဲ့ ဒေသအများစုဟာ အကူအညီတွေ လက်လှမ်းမီဖို့ ခက်ခဲနေသလို အကူအညီ ရရှိမှုလည်း နည်းပါးနေတယ်လို့ ဆိုပါတယ်။
ရေဘေးသင့်ပြည်သူတွေဟာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ မျိုးစပါး၊ အမျိုးသမီးလစဉ်သုံးပစ္စည်းအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ HDCO က ကြေညာပါတယ်။
ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ထံ ဆက်သွယ်ပြီး လိုအပ်တဲ့ အကူအညီတွေကို ဝိုင်းဝန်းထောက်ပံ့ပေးကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
