ဇွန်လ ၂၇ ရက် ညနေမှ စတင်၍ ဇူလိုင်လ ၃ ရက်အထိ နိုင်ငံတဝန်းမှာ လာမယ့် တစ်ပတ်တာအတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် နေရာကွက်၍ မိုးကြီးမယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနက သတိပေးထုတ်ပြန်ပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ အရှေ့ ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့်လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့်လည်းကောင်း မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် ကယား(ကရင်နီ)တို့မှာ နေရာကျဲကျဲ မိုးရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင် နဲ့ ရှမ်းတို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ ဒေသအလိုက်နဲ့ နေရာကွက်၍ မိုးကြီးမယ်လို့ မိုးဇလဌာနက ဆိုပါတယ်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်သလို မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါကြောင်း၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၁၁ ပေမှ ၁၃ ပေခန့် ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။
မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်သလို အဆိုပါဒေသတွေက ကုန်းမြင့်ဒေသအနီးမှာ နေထိုင် ကြသူတွေအနေနဲ့ မြေပြိုမှု အန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို သတိပြု ရှောင်ရှားကြဖို့နဲ့ ပြည်တွင်း ရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနဲ့ ဆည်မြောင်းတာတမံတွေအနေနဲ့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်ဖို့ အသိပေးနှိုးဆော်နေပါတယ်။
၂၀၂၅ ခုနှစ်ရဲ့ မိုးလယ်ကာလဟာ ဇူလိုင်လ ၁ ရက်ကနေ ဩဂုတ်လ ၃၁ ရက်အထိ ဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း (၄)ကြိမ် ဖြစ်ပေါ်နိုင်သလို (၂)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်္။
အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အားအသင့်အတင့်မှ အားကောင်းနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
မိုးလယ်ကာလမှာ မိုးရွာသွန်းမှုအခြေအနေက ရန်ကုန်၊ ပဲခူး၊ မကွေး၊ ဧရာဝတီနဲ့ တနင်္သာရီတို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ ကချင်၊ ကယား(ကရင်နီ)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းတို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။
ဇူလိုင်လအတွင်းမှာ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းတောင်ပိုင်းတို့မှာ ၂၃ ရက်မှ ၂၉ ရက်ခန့်၊ နေပြည်တော်၊ မန္တလေး၊ ကယား(ကရင်နီ)၊ ရှမ်း(မြောက်ပိုင်းနဲ့ အရှေ့ပိုင်း)တို့မှာ ၁၅ ရက်မှ ၂၂ ရက်ခန့်နဲ့ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့မှာ ၈ ရက်မှ ၁၄ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။
ဓါတ်ပုံ – Ko Ohn Lwin Hkamti
