Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

အယ်ဒီတာအာဘော်

လူထု၊ တော်လှန်ရေးနှင့် မေလျော့ခံ ကွက်လပ်များ

ယနေ့သည် မှတ်တိုင်တစ်ခု စိုက်ထူနိုင်သော နေ့ဖြစ်သည်။ မျှော်လင့်ချက် အပြည့်ဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ရေး၊ စည်းရုံးတိုက်ပွဲဝင်နိုင်ရေးအတွက် အိုင်ဒီယာတစ်ခုကို အကောင်အထည်ဖော်နေမှု၏ နှစ်ပတ်လည်နေ့ဖြစ်သည်။ ယင်းက Myanmar Nature သတင်းမီဒီယာကို ထူထောင်ပြီး လည်ပတ်နေမှု၏ တစ်နှစ်ပြည့်မြောက်ခြင်း ဖြစ်ပါသည်။

Myanmar Nature ကို လွန်ခဲ့သည့် နှစ်၏ ယနေ့တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ Myanmar Nature သည် မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် မေ့လျော့ခံဖြစ်နေသော နယ်ပယ်များအတွက် လူထု၏ သိပိုင်ခွင့်ကို ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်သည်။ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်နယ်ပယ်၊ ရာသီဥတုပြောင်းလဲ လာမှုနယ်ပယ်၊ ယဉ်ကျေးမှုနယ်ပယ်နှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုနယ်ပယ်တို့မှာ မြန်မာ့လူထုအတွက် သတင်းအချက်အလက်ပေးခြင်း၊ အသိပညာပေးခြင်း၊ ဖျော်ဖြေခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းတို့ကို အကောင်အထည်ဖော်နေသည်။

ယင်းအဓိက နယ်ပယ်ကြီး လေးခုအောက်တွင် အကြောင်းချင်းရာများသည် ကျယ်ပြန့်သကဲ့သို့ Myanmar Nature သည် သတင်းမီဒီယာကဏ္ဍမှ လူထုထံ အိုင်ဒီယာအသစ်၊ ချဉ်းကပ်မှုအသစ်နှင့်အတူ ဖော်ထုတ်တင်ပြနိုင်ရေး ကြိုးပမ်းနေပါသည်။ Myanmar Nature သည် လူထုထံသို့ မျက်နှာမှုပြီး လူထုနှင့် ရပ်တည်အကောင်အထည်ဖော်ရန် ၊ လူထု၏ “အား” ပါဝင်ရန် ၊ လူထုနှင့် အနီးကပ်ဆုံး တည်ရှိနိုင်ရန် “လမ်းဖွင့်” ဆောင်ရွက်မည်ဖြစ်သည်။ ဂျာနယ်လစ်ဇင်နှင့် ဂျာနယ်လစ်ဇင်ကျင့်ဝတ်ကို ကိုင်စွဲပြီး ယင်းနယ်ပယ်များအတွက် ရှေ့ဆောင်နိုင်ရေး၊ လူထုအသိပညာပေး စည်းရုံးနိုင်ရေး ဦးတည်ချက်လည်း ထားရှိသည်။

ကျွန်တော်တို့ တစ်ဦးတည်း၊ အဖွဲ့အစည်းတခုတည်းက လှုပ်ရှားဆောင်ရွက်လျှင် အောင်မြင်မှု နည်းပါးနိုင်ပြီး လူထုနှင့်အတူ ဆောင်ရွက်နိုင်လျှင် ပိုအောင်မြင်မည်ဟု ယုံကြည်ထားသည်။ ထို့အပြင် ယင်းနယ်ပယ်များတွင် လှုပ်ရှားနေသည့် အဖွဲ့အစည်းများနှင့်လည်း “တူညီရာ ကဏ္ဍ”များမှာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးစားသွားမည်ဖြစ်သည်။

မြန်မာ့နိုင်ငံရေးအခင်းအကျင်း၏ ရှည်လျာစွာသော ပြည်တွင်းစစ်ပွဲတွင်လည်း လက်နက်ကိုင်တော်လှန်ရေးသည် ဘဏ္ဍာငွေ လိုအပ်သည်။ ယင်းနှင့်အတူ လက်နက်ကိုင်အဖွဲ့စုံသည် နယ်မြေထိန်းချုပ်နိုင်ရေးနှင့်တွဲလျက် သယံဇာတများ တူးဖော်ကြသည်။

ဘယ်သူဘယ်ဝါတွေ လုပ်နေမှန်း မသိသည့် လူများထံမှာ မြန်မာ့သယံဇာတ ထုတ်ယူရေးများကို ပုံအပ်ရမည့် ကိစ္စသည် စိုးရိမ်းစရာ ကောင်းပါသည်။ မြန်မာလူထုသည် ဘယ်သူတွေက လုပ်နေသည်ကို သိသင့်ပါသည်။ သိပိုင်ခွင့်လည်း ရှိပါသည်။ ရှိလည်း ရှိရပါမည်။ ယင်းသည် နယ်ပယ်ကြီး လေးခုအောက်တွင် ဖြစ်ပွားနေသည့် အကြောင်းချင်းရာ များစွာထဲမှ တစ်ခုသာ ရှိပါသေးသည်။ ယင်းတို့ မေ့လျော့ခံနေရ‌သော ကွက်လပ်များစွာကို Myanmar Nature က ဖြည့်ဆည်းချင်ပါသည်။

အခြားတစ်ဖက်တွင် Myanmar Nature သည် မြန်မာ့သဘာဝ တောတောင်ရေမြေ၊ မြန်မာလူထု ချစ်မြတ်နိုးတန်ဖိုးထားရသော သက်ရှိ၊ သက်မဲ့အရာများကို လူထုထံ အသိပညာပေးရေး၊ စည်းရုံးလှုံဆော်ရေးကို မေ့လျော့ထားမည်မဟုတ်ပါ။

မြန်မာ့နွေဦးတော်လှန်ရေးသည် ယနေ့တွင် လေးနှစ်ကျော်လာပြီဖြစ်သည်။ မြန်မာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်အတူ ယင်းနယ်ပယ်များကို ‘နောင်မှ’၊ ‘တော်လှန်ရေးပြီးမှ’ လုပ်သင့်သည်ဟု မယူဆပါ။ လူထုတော်လှန်ရေးနှင့်အတူ လုပ်ရမည်ဟု ယုံကြည်သည်။

ယခု နွေဦးတော်လှန်ရေးသည် “အာဏာရှင်”နှင့် “စနစ်”ကို တော်လှန်နေချိန်တွင် နိုင်ငံတဝန်းမှာ Bottom – Up ဖက်ဒရယ်လစ်ဇင်ဖြင့် “ကိုယ်ပိုင်ပြဌာန်း၊ အုပ်ချုပ်စီမံ”မှုကို အကောင်အထည်ဖော်လာနေပြီဖြစ်သည်။ ယင်းနှင့်အတူ တွဲပါလာမည့် သစ်တောနှင့် သယံဇာတစီမံမှုအပါအဝင် အကြောင်းချင်းရာများ၊ အပြောင်းအလဲများကို လူထုသို့ ရှင်းပြခြင်း၊ သတင်းတင်ပြခြင်းများလည်း လိုအပ်လာပြီး ယင်းကဏ္ဍကိုလည်း မေ့လျော့ထားမည် မဟုတ်ပါ။

Myanmar Nature ၏ တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့နှင့် ပထမဆုံးသော အယ်ဒီတာ့အာဘော်ကို ယခုအမှာစကားဖြင့် နိဂုံးချုပ်ချင်ပါသည်။ Myanmar Nature သည် မြန်မာလူထုအတွက် ချစ်ခြင်းမေတ္တာ နှင့် ဥာဏ်ပညာကို သယ်ဆောင်လာမည့် ပလက်ဖောင်းတစ်ခုသာဖြစ်သည်။

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature