Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

သဘာဝခေါ်သံ

သက်ရှင်စစ်ကိုင်းပြတ်ရွေ့နှင့် မြန်မာ့လူထု သတိပြုရန်အချက်များ

မြန်မာနိုင်ငံတွင် မြေငလျင်များ ဖြစ်ပွားရသည့် အဓိက အကြောင်းရင်း (၂)ခုရှိသည်။

ပထမအကြောင်းရင်းမှာ မြောက်ဘက်သို့ ရွေ့လျားနေသည့် အိန္ဒိယမြေထုချပ်သည် ယူရေးရှားမြေထုချပ်၏ အစိတ်အပိုင်းဖြစ်သော မြန်မာခြေထုချပ်အောက်သို့ တစ်နှစ်လျှင်ပျမ်းမျှ ၃.၅ စင်တီမီတာနှုန်းဖြင့် တိုးဝင်နေခြင်းဖြစ်သည်။

ဒုတိယအကြောင်းရင်းမှာ မြန်မာမြေထုချပ်သည် မြောက်ဖက်သို့ တစ်နှစ်လျှင် ၂.၅ စင်တီမီတာ မှ ၃ စင်တီမီတာနှုန်းခန့် ပုံမှန်ရွေ့လျားနေခြင်းတို့ကြောင့် ဖြစ်သည်။

ပထမအကြောင်းရင်းကြောင့် အနောက်ရိုးမတလျှောက်တွင် ကြီးမားသော တွန်းတင်ပြတ်ရွေ့များဖြစ်ပေါ်လာပြီး ဒုတိယအကြောင်းရင်းကြောင့် စစ်ကိုင်းပြတ်ရွေ့နှင့် ဆက်စပ်ပြတ်ရွေ့များ ဖြစ်ပေါ်လာရသည်။

ယေဘုယျအားဖြင့် အနောက်ရိုးမတွင် ဇောက်အလယ်အလတ်နက်သည့် ငလျင်များ လှုပ်ခတ်ပြီး စစ်ကိုင်းပြတ်ရွေ့နှင့် အခြားပြတ်ရွေ့များကြောင့် ဇောက်တိမ်ငလျင်များ လှုပ်ခတ်လေ့ရှိသည်။

ဇောက်တိမ်ငလျင်များသည် မြေပြင်ပေါ်သို့ ငလျင်လှိုင်းသက်ရောက်မှု ပိုမိုများသည့်အတွက် ပို၍ အဖျက်စွမ်းအား ကြီးမားကြသည်။

သက်ရှင်စစ်ကိုင်းပြတ်ရွေ့

စစ်ကိုင်းပြတ်ရွေ့သည် မြောက်ဘက် ပူတာအိုအနီးမှ အစပြုပြီး ကသာအနောက်ခြင်းနှင့် စစ်ကိုင်းကိုဖြတ်ကာ ပဲခူးရိုးမအရှေ့ဘက်တလျောက်၊ ထိုမှတဆင့် မုတ္တမပင်လယ်ကွေ့အထိ တောင်မြောက် ၁၅၀၀ ကီလိုမီတာခန့် သွယ်တန်းတည်ရှိသော သက်ရှင်ပြတ်ရွေ့ဖြစ်သည်။

စစ်ကိုင်းပြတ်ရွေ့၏ မြစ်ကြီးနား-ပူတာအိုပိုင်း၊ စစ်ကိုင်း-တကောင်းပိုင်း နှင့် ပဲခူး-တောင်ငူပိုင်းတို့တွင် ဇောက်တိမ်ငလျင်များ ပို၍အဖြစ်များပြီး စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် ငလျင်အများစု၏ အဓိကဇစ်မြစ်ဖြစ်သည်။

သမိုင်းဖြစ်စဉ်များအရ ၁၈၃၉ ခုနှစ်၊ မတ်လတွင် ဖြစ်ပွားခဲ့သည့် အင်းဝငလျင်ကြီးကြောင့် အမရပူရမြို့တော်သစ်နှင့် အင်းဝနေပြည်တော်ဟောင်းတို့ ထိခိုက်ပျက်စီးမှုများစွာရှိခဲ့သည်။ ယခုနှစ်ပေါင်း ၁၈၆ နှစ်အကြာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် တကျော့ပြန် လှုပ်ခတ်ခြင်းဖြစ်ပြီး ထိခိုက်ပျက်ဆီးမှုအလွန်များပြားခဲ့သည်။

ငလျင်ဖြစ်စဉ်များ

မြန်မာ့သမိုင်းတွင် ၁၉၁၂ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် တောင်ကြီးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် မေမြို့ငလျင်သည် အင်အား အကြီးဆုံးဖြစ်ပြီး ရစ်ချ်တာစကေး (၈)အဆင့်ရှိခဲ့သည်။

ပဲခူး(၁၉၃၀) ငလျင်(အင်အား ၇.၃)၊ စစ်ကိုင်း(၁၉၅၆) ငလျင်(အင်အား ၇.၀)၊ ပုဂံ(၁၉၇၆) ငလျင်(အင်အား၆.၈)၊ တောင်တွင်းကြီး(၂၀၀၃) ငလျင်(အင်အား ၆.၈)၊ တာလေ(၂၀၁၁) ငလျင်(အင်အား၆.၈)၊ သပိတ်ကျင်း(၂၀၁၂) ငလျင်(အင်အား၆.၈)နှင့် ချောက်(၂၀၁၆) ငလျင်(အင်အား ၆.၈)တို့သည် လူသိများသည့် ငလျင်ဖြစ်စဉ်များဖြစ်သည်။

ပြည်သူလူထု သတိပြုရန်အချက်များ

အထက်တွင်ဖော်ပြခဲ့သည့် စစ်ကိုင်းပြတ်ရွေ့၏ အပိုင်း(၃)ပိုင်းအနက် စစ်ကိုင်း-တကောင်းပိုင်းနှင့် ပဲခူး-တောင်ငူအပိုင်းတွင် ကြီးမားသည့် ငလျင်လှုပ်ရှားမှုများ မရှိသည်မှာ နှစ်ပေါင်း (၅၀)ကျော် ကြာမြင့်ခဲ့ပြီး ယခု စစ်ကိုင်း-တကောင်းပိုင်းတွင် အင်အား ၇.၇ ပြင်းအားဖြင့် လှုပ်ခတ်ခြင်းဖြစ်သည်။

ကျန်ရှိနေသေးသည့် ပဲခူး-တောင်ငူအပိုင်းကိုလည်း ပို၍သတိပြုနေထိုင်ရန်လိုအပ်ပါသည်။

နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းရှိ လျှောတင်ပြတ်ရွေ့ အနည်းဆုံး(၂)ခုတွင် အင်အားပြင်းငလျင် အနည်းဆုံး တစ်ကြိမ်ခန့် လှုပ်ခတ်လေ့ရှိသည်။ မိမိတို့နေထိုင်ရာဒေသများနှင့် ငလျင်ကြောများ တည်ရှိမှုကို မြေပုံပေါ်တွင် လေ့လာနိုင်ပါသည်။

ငလျင်လှုပ်ခတ်ခြင်းကြောင့် ဘူမိဆိုင်ရာအကြံပြုချက်များ

ငလျင်လှုပ်ရှားမှုနှင့်အတူ ကမ္ဘာမြေအတွင်းပိုင်းရှိ ဖိအားများနှင့် တွန်းကန်အားများ ပြောင်းလဲသည့်အတွက် မြေပြင်ပေါ်သို့ရေများ လျှံထွက်ခြင်း၊ ရွှံ့မီးတောင်ပေါက်ခြင်း (ဥပမာ-ချောက်ငလျင်)၊ သဲရည်၊ ရွှံ့ရည်များပန်းထွက်ခြင်း၊ မြေအရည်ပျော်ခြင်း (သဲအရည်ပျော်ခြင်း)၊ မြေကြီးများကွဲအက်ခြင်း၊ မြေကျွံနစ်မြုပ်ခြင်း၊ မြေစိုင်ခဲများပြတ်ရွေ့ခြင်း နှင့် လှိုင်းထခြင်းစသည့် သဘာဝဖြစ်စဉ်များ ဖြစ်ပေါ်တတ်သည့်အတွက် အဆိုပါနေရာများတွင် ဘေးသင့်ပြည်သူများအား ပြန်လည်နေရာချထားခြင်းနှင့် နေအိမ်များ ပြန်လည်တည်ဆောက်ခြင်းတို့ကို ရှောင်ရှားသင့်ပါကြောင်း အကြံပြုအပ်ပါသည်။

ကိုးကား- မြန်မာနိုင်ငံသဘာဝဘေးများအကြောင်း(၂၀၁၀)

မန္တလေးငလျင်ကနဦးလေ့လာဆန်းစစ်ချက်(၂၀၂၅)_MIEPS

Article by By Dr. Kyle Muller(2025)

မှတ်ချက် – အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာမှာ မြေငလျင်ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေနဲ့ ပတ်သက်လို့ ဒီနေ့ ဧပြီလ ၁ ရက်မှာ ထုတ်ပြန်လာပြီး Myanmar Nature အနေနဲ့ အများပြည်သူ လေ့လာဖတ်ရှုနိုင်စေဖို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature