Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

သယံဇာတ ထုတ်ယူပြီး တော်လှန်ရေးအဖွဲ့တွေထံ ထောက်ပံ့နေမှုကို စိစစ်ဖော်ထုတ်၊ တိုက်ဖျက်မယ်လို့ စစ်ကောင်စီ ထုတ်ပြန်

နိုင်ငံရဲ့ သယံဇာတပစ္စည်းတွေကို ထုတ်ယူပြီး တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင် အဖွဲ့တွေကို ထောက်ပံ့နေမှုကို စိစစ်ဖော်ထုတ်ကာ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက သတင်းစာတွေမှာ ဖော်ပြနေပါတယ်။

နိုင်ငံအတွင်းက ဒေသတချို့မှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို အခွင့်ကောင်းယူကာ စီးပွားရေးသမားတွေက နိုင်ငံပိုင်သယံဇာတပစ္စည်းတွေကို ထုတ်ယူနေကြပြီး တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့မှုတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

သယံဇာတတွေကို ထုတ်ယူသုံးစွဲရာမှာ ဒေသခံပြည်သူတွေကို ငွေကြေးနဲ့ ဆွဲဆောင်စည်းရုံးပြီး လုပ်ကိုင်စေလျက်ရှိကြောင်း၊ အဲဒီလို လုပ်ကိုင်မှုတွေဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုကို အားပေးမှု မြောက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

နိုင်ငံတော်ဟာ နိုင်ငံတော်ရဲ့ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နဲ့ လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံးရဲ့ ပင်းရင်းပိုင်ရှင်ဖြစ်တယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံကို ကိုးကားပြီး စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ပြည်သူတွေအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးကို အာပေးထောက်ပံ့မှု ပြုနေတဲ့ သယံဇာတထုတ်တဲ့ လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ခြင်းကို အထူးသတိပြု ရှောင်ရှားကြဖို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က ပြည်သူ့ကာကွယ်ရေးတပ် – PDF တွေ ထိန်းချုပ်ထားတဲ့ သပြေညို ရေနံမှော်ကို ဒီလပိုင်းတွေမှာ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်တွေ မကြာခဏ ပြုလုပ်နေတယ်လို့ သပြေညိုရေနံမှော်မှာ ရေနံတူးနေတဲ့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

“အခုနောက်ပိုင်း ရေနံတူးနေရတာက အဆင်မပြေဘူး။ သူတို့ (စစ်ကောင်စီ)က လေယာဉ်ပျံနဲ့ မကြာခဏ ဗုံးတွေ လာကြဲနေလို့ သူတို့ လာရင် တူးနေတာတွေ ထားပြီး ထွက်ပြေးရတယ်။ သူတို့ ပြန်သွားမှာ ပြန်လုပ်ရတယ်။ တချို့ဗုံးမှန်လို့ ပျက်စီးတဲ့ ရေနံတွင်းပိုင်ရှင်တွေကတော့ အများကြီး ဆုံးရှုံးတာပေါ့နော်” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

မန္တလေးတိုင်းထဲက မတ္တရားနဲ့ သပိတ်ကျင်းမြို့၊ စစ်ကိုင်းတိုင်းမှ မင်းကင်းအပါအဝင် ဒေသတချို့က ရွှေတူးဖော်ရေး လုပ်ငန်းတွေရှိတဲ့ နေရာတွေကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပြီး ရွှေတူးဖော်မှုတွေ ဆက်လုပ်ကိုင်ခွင့် ပြုထားတယ်လို့ သိရပါတယ်။

တအာင်းတပ် (TNLA) ဟာ မိုးကုတ်၊ နမ္မတူ၊ နမ့်ဖက်ကာမြို့တွေက ရွှေကျောက်မျက် လုပ်ငန်းတွေကို ထိန်းချုပ်ထားပြီး သယံဇာတတူးဖော်မှုတွေ အများအပြား ရှိနေကြောင်း၊ ကျောက်မဲမြို့မှာ တအာင်းတပ် (TNLA)နဲ့ ကိုးကန့်တပ် (MNDAA) တို့ ရွှေတူးဖော်မှု လုပ်ကွက်တွေ ရှိနေတယ်လို့ ဒေသတွင်း သတင်းဌာန‌ေတွမှာ ရေးသားထားပါတယ်။

မိုးကုတ်မြို့က မတ္တမြားမြေဂေါက်ကွင်းမှာလည်း တအာင်းတပ်၊ ကိုးကန်တပ်နှင့် ဝတပ်ဖွဲ့တို့က ကျောက်မျက်တူးဖော်နေကြတယ်လို့ သိရပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒေသခံပြည်သူတွေ သစ်ထုတ်လုပ်မှုသာမက လက်နက်ကိုင်အဖွဲ့တွေပါ သစ်ထုတ်လုပ်မှုတွေမှာ ပါဝင်ပတ်သက်နေပြီး ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ သယံဇာတပြုန်းတီးမှုက အလွန်အကျွံဖြစ်လာနေတယ်လို့ သိရပါတယ်။

ဓါတ်ပုံများ – TNLA ၊ စစ်ကောင်စီ

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature