Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဆောင်းပါး

သံလွင်မြစ်ဝှမ်းက ကျား၊ မျောက်လွှဲကျော်အပါအဝင် သားငှက်ထိန်းသိမ်းရေး “ဝေဘူးထာ ကြေညာစာတမ်း”

သံလွင်မြစ်ဝှမ်းဒေသမှာ ကျား၊ မျက်ခုံးဖြူ မျောက်လွှဲကျော်၊ သင်းခွေချပ်၊ အောင်လောင်ငှက်အပါအဝင် ရှားပါး သားငှက်တိရစ္ဆာန်တွေ အများအပြား နေထိုင်ကြပြီး အဲဒီဒေသက တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဌာနေကရင်လူမျိုးစုတို့ရဲ့ ဝေဘူးထာ ကြေညာစာတမ်းကို ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်မှ ၁၈ ရက်အထိ မူတြော်ခရိုင်၊ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်၊ ဘူးသိုမြို့နယ်၊ ထီးလယ်ပူ အုပ်စုအတွင်းရှိ ဝေဘူထာကျေးရွာမှာ ကရင်ရိုးရာ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနဲ့ ကျေးရွာ သစ်တော ကာကွယ် စောင့်ရှောက်ရေးတပ်ဖွဲ့ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ခြင်း ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးပွဲကို ဌာနေပြည်သူတွေ၊ မူတြော်ခရိုင်ရဲ့ KNU အုပ်ချုပ်ရေး ကိုယ်စားလှယ်ခေါင်းဆောင်တွေ၊ KNLA တပ်မဟာ – ၅ မှ ကိုယ်စားလှယ်ခေါင်းဆောင်တွေ၊ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ရဲ့ အုပ်ချုပ်ရေးကော်မတီနဲ့ လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့၊ ကရင်သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ လှုပ်ရှားမှု ကွန်ရက် (KSEAN) ၊ ကဆောထယ်ကျေးရွာ ပိုင်ဘုံသစ်တော အသိုင်းအဝန်း၊ လှေသမားနဲ့ နယ်မြေခံမုဆိုး စတဲ့ ကိုယ်စားလှယ် ၉၁ ဦး တက်ရောက်ပါတယ်။

အဲဒီဆွေးနွေးပွဲအပြီးမှာ “ဝေဘူးထာ ကြေညာစာတမ်း”ကို KSEAN ၊ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်နဲ့ ကော်သူးလေ သစ်တောဌာနတို့က ဧပြီလ ၃၀ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီး ရှေ့လုပ်ငန်းစဉ် ၈ ရက်ကို အကောင်အထည်ဖော်သွားဖို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

၁။ တောရိုင်းတိရစ္ဆာန် ထိးသိမ်းရေး၊ သဘာဝထိန်းသိမ်းရေးဆိုင်ရာ ဓလေ့ရိုးရာ အစဉ်အလာတွေနဲ့ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ အသိအမြင် မြှင့်တင်ရေး အစီအစဉ်နဲ့ လှုပ်ရှားမှုကို ပိုမိုလုပ်ဆောင်ခြင်း၊

၂။ ကျေးရွာသစ်တော ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့ တိုးမြှင့်ဖွဲ့စည်းခြင်းနဲ့ ၎င်းတို့ လုပ်ငန်းလုပ်ဆောင်နိုင်ရေးအတွက် လိုအပ်တဲ့ စွမ်းရည်မြှင့်တင်ရေး အစီအစဉ်နဲ့ ပံ့ပိုးမှုတွေကို လုပ်ဆောင်းခြင်း၊

၃။ အထွတ်အမြတ်ထားရာ ကန့်သတ်နယ်မြေတွေကို ပြန်လည်အသက်သွင်းခြင်းနဲ့ အမဲလိုက်ခွင့် မရှိတဲ့ နေရာတွေကို ရှင်းလင်းစွာ သတ်မှတ်ခြင်းနဲ့အတူ တောရိုင်းတိရစ္ဆာန်တွေ ရှင်းသန်ပွားများနိုင်အောင် ဆောင်ရွက်ခြင်း

၄။ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိတဲ့ မျိုးစိတ် (CR) ၊ မျိုးသဉ်းရန် အန္တရာယ်ရှိတဲ့ မျိုးစိတ် (EN)၊ မျိုးသုဉ်မှု အန္တရာယ် ကျရောက်နိုင်တဲ့ မျိုးစိတ် (VU)၊ သို့မဟုတ် ဓလေ့ထုံးတမ်းအရ တားမြစ်ထားတဲ့ မျိုးစိတ် စတဲ့ မျိုးစိတ်တွေကို ရှာဖွေပစ်ခတ်ဖမ်းဆီးခြင်းနဲ့ တောရိုင်းတိရစ္ဆာန် အမျိုးမျိုးရဲ့ အသား/ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို တရားမဝင် ကူးသန်းရောင်းဝယ်ခြင်းတို့ကို ထိန်းချုပ်ဖို့ သတ်မှတ်ထားတဲ့ ဥပဒေတွေကို အများပြည်သူ လိုက်နာအောင် ထိရောက်စွာ လုပ်ဆောင်ခြင်း၊

၅။ သံလွင်မြစ်ကို ကူးဖြတ်နေတဲ့ တောကောင်တွေ သို့မဟုတ် ရွာထဲကို ဝင်လာတဲ့ တောကောင်တွေကို ဌာနေ ကရင်လူမျိုးစုတို့ရဲ့ ရိုးရာယုံကြည်မှု၊ တားမြစ်ချက်တွေနဲ့အညီ ပစ်ခတ်ဖမ်းဆီး သတ်ဖြတ်ခွင့် ပိတ်ပင်ကြောင်း အထူးအမိန့် ထုတ်ခြင်း

၆။ သံလွင်မြစ်နဲ့ ၎င်းမြစ်လက်တက်တွေ သို့မဟုတ် ချောင်းငယ်အားလုံးမှာ လျှပ်စစ် သို့မဟုတ် ကျင်းစက်နဲ့ ငါးဖမ်းခြင်းကို ပိတ်ပင်ခြင်း ၊

၇။ ကျဲပါးသွားတဲ့ သစ်တောတွေနဲ့ တောရိုင်းတိရစ္ဆာန် ဖြတ်သန်းသွားလာရာ လမ်းကြောင်းတွေမှာ သစ်ပြန်လည် ပျိုးထောင် စိုက်ပျိုးခြင်း၊

၈။ သံလွင်မြစ်ဝှမ်းဒေသတလျှောက်မှာ အထိန်းအကွက်မရှိ တောမီးရှို့ခြင်းကို ထိန်းချုပ်နိုင်ဖို့ သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံရဲ့ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း တို့ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တောရိုင်းတိစ္ဆာန် ကာကွယ်ရေးနဲ့ ယင်းဥပဒေတို့ အားကောင်းလာရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရစ္ဆာန် စီမံခန်ခွဲခြင်းဆိုင်ရာ ဌာနေ ကရင်လူမျိုးစုတို့ရဲ့ ဌာနေ အသိပညာနဲ့ ရိုးရာဓလေ့တို့ အားကောင်လာအောင် မြှင့်တင်ရေး၊ ကော်သူးလေးသစ်တောဌာနက ချမှတ်ထားတဲ့ ဥပဒေတွေအတိုင် လိုက်နာနေထိုင်ရေးတို့ကိုလည်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

သံလွင်မြစ်ဝှမ်းဒေသမှာ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ဥပဒေက ပြဌာန်းချက်အတိုင်း အများပြည်သူ လိုက်နာမှု ရှိအောင်နဲ့ တရားမဝင် သားကောင်းပစ်ခတ်ဖမ်းဆီးခြင်း၊ သစ်ထုတ်လုပ်ခြင်းတွေကို စောင့်ကြည့် တားဆီးဖို့ ကျေးရွာသစ်တော ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့တွေကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ကော်သူးလေးနယ်မြေမှာ ပြည်တွင်းစစ်၊ နိုင်ငံရေး ပဋိပက္ခ၊ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုနဲ့ ကြီးမားတဲ့ အသက်မွေးဝမ်းကျောင်း မလုံခြုံမှုတွေကို ဖြစ်စေတဲ့ အခြားအကြောင်းရင်းတွေကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဆိုင်ရာ ဌာနေကရင် အသိအမြင်နဲ့ ရိုးရာဓလေ့တွေ တဖြည်းဖြည်း အားနည်းလာနေတယ်လို့ သိရပါတယ်။

သံလွင်မြစ်ဝှမ်းဒေသဟာ ရွတ်ပြတ်တော၊ ခြောက်သွေ့ရွက်ကြွေတော၊ ထင်းရှူးတော၊ တောင်ထူတောနဲ့ တောင်ပေါ်အမြဲစိမ်းတောတွေ ရောနှောပေါက်ရောက်လျက်ရှိပြီး ဂေဟစနစ်တွေနဲ့ ပြည့်စုံတဲ့ ဒေသဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဒေသမှာ ကမ္ဘာ့အဆင့် ထိန်းသိမ်းဖို့ လိုအပ်နေတဲ့ တောရိုင်းတိရစ္ဆာန်မျိုးစိတ်တွေ နေထိုင်ကျက်စားသလို ဒေသတွင်း လူမှုရေးနဲ့ ယဉ်ကျေးမှုအရ အရေးကြီးတဲ့ မျိုးစိတ်တွေလည်း ရှင်သန်ကျက်စားကြတယ်လို့ သိရပါတယ်။

ကျား၊ တောခွေး၊ ဒေါင်းမင်းစိမ်း၊ တရုတ်သင်းခွေချပ်၊ ပသျှူး/ မလေး သင်းခွေချပ်၊ ကျားသစ်မျိုးစိတ်အမျိုးမျိုး၊ လိပ်ဝါ၊ ပြောင်၊ မျက်ခုံဖြူမျောက်လွှဲကျော်၊ အောင်လောင်ငှက်၊ နဲ့ ဒေါင်းကုလား/ ဒေါင်းမင်း စတဲ့ မျိုးစိတ်တွေလည်း တည်ရှိနေတယ်လို့ သိရပါတယ်။

ဓါတ်ပုံများ – KSEAN

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature