Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

မေးမြန်းခန်း

“ဟူးကောင်းဒေသမှာ အခြေအနေက ပိုပြီးတော့ ဆိုးဝါးလာပါတယ်” မြန်မာ့သတ္တုမိုင်းစောင့်ကြည့်ရေးကွန်ယက်ရဲ့ ပြောရေးဆိုခွင့်ရှိသူ

ကချင်၊ ကရင်နီ (ကယား)နဲ့ စစ်ကိုင်းတို့က သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးကဏ္ဍများအပေါ် ဒေသခံတို့ရဲ့ အတွေ့အကြုံ့နဲ့ ဖွင့်ဟချက်များ မှတ်တမ်းပြုအစီရင်ခံစာကို မြန်မာသတ္တုမိုင်းစောင့်ကြည့်ရေးကွန်ယက် (MMWN) က မတ်လ ၅ ရက်က ထုတ်ပြန်ထားပါတယ်။

အစီရင်ခံစာကို ကချင်ပြည်နယ်ရှိ ဟူးကောင်းတောင်တန်းနဲ့ ဖားကန်မြို့နယ်၊ စစ်ကိုင်းတိုင်းထဲက ဟုမ္မလင်းမြို့နယ်နဲ့ ကယားပြည်နယ်က မော်ချီးသတ္တုတွင်းဒေသတွေမှာ အဓိက လေ့လာပြီး ဖော်ထုတ်ထားပါတယ်။

အာဏာသိမ်းပြီနောက်ပိုင်း သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို တိုင်းရင်းသားဒေသတွေမှာ အလျင်အမြန်ချဲ့ထွင်လုပ်ကိုင်လာတဲ့အတွက် အဲဒီအခြေအနေတွေကို လေ့လာတင်ပြနိုင်ဖို့ ၂၀၂၃ ဇူလိုင်လမှ ၂၀၂၄ ဧပြီလအထိ အချက်အလက်တွေ စုဆောင်းပြီ ဒီအစီရင်ခံစာကို ထုတ်ပြန်လိုက်တာပါ။

မြန်မာ့သတ္တုမိုင်းစောင့်ကြည့်ရေးကွန်ယက်ကို ၂၀၁၆ ခုနှစ်က အဖွဲ့အစည်း ၁၁ ဖွဲ့နဲ့ စတင်ဖွဲ့စည်းခဲ့ပြီး ဒီကနေ့မှာ အဖွဲ့ပေါင်း ၁၃ ဖွဲ့အထိ ပါဝင်လုပ်ဆောင်နေပါတယ်။

ဒီအစီရင်ခံစာထဲ ဟူးကောင်းချိုင့်ဝှမ်းကျားထိန်းသိမ်းရေးနယ်မြေအဖြစ် ထင်ရှားတဲ့ ကချင်ပြည်နယ်၊ ဟူးကောင်းတောင်တန်းက သယံဇာတနဲ့ ရွှေတူးဖော်နေတဲ့ အခြေအနေကို မြန်မာ့သတ္တုမိုင်းစောင့်ကြည့်ရေးကွန်ယက် – MMWN ရဲ့ Coordinator ဖြစ်တဲ့ Paul နဲ့ မေးမြန်းထားချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ဟူးကောင်းတောင်ကြားက ရွှေတူးဖော်မှုတွေကြောင့် ဇီဝမျိုးစုံမျိုးကွဲတွေကိုလည်း များစွာထိခိုက်စေပြီး တောရိုင်းတိရစ္ဆာန်နဲ့ ငါးမျိုးကွဲတွေကို သိသိသာသာပြတ်ရှား ပျောက်ကွယ်သွားတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

အဲဒီဒေသက လက်နက်ကိုင်အဖွဲ့တွေဟာ ရွှေတူးဖော်တဲ့ နယ်မြေတွေမှာ ကားတစီးကို ကျပ် ၃ သိန်း၊ လစဉ်ကြေးအနေနဲ့ ကျပ် ၅ သိန်း၊ ဘီးခွန်အနေနဲ့ ကျပ်သိန်း ၁၀၀ နဲ့ မြေအတွက် တဧကကို ၂၅ သိန်းမှ ၃၅ သိန်အထိ စတဲ့ ပုံစံအမျိုးမျိုးနဲ့ အခွန်ကောက်နေကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မေး – MMWN က မတ်လ ၅ ရက်က အစီရင်ခံစာထုတ်ပြန်ထားတာ တွေ့ပါတယ်။ ကချင်၊ ကရင်နီ၊ စစ်ကိုင်းက သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးကဏ္ဍအပေါ် သက်ရောက်မှုတွေကို လေ့လာထားတယ်လို့ ဆိုပါတယ်။ ဟူးကောင်းတောင်ကြားမှာရှိတဲ့ ကချင်ပြည်နယ်ရွှေတူးဖော်မှုအကြောင်းမေးချင်ပါတယ်။ အဲဒီက ရွှေတူးဖော်မှုတွေက ဘယ်လိုဖြစ်ပွားနေပါသလဲ။

ဖြေ – အာဏာသိမ်းပြီးနောက်ပိုင်းမှာ MMWN ကနေ ဒေတာကောက်ထားတဲ့အချက်အလက်အရ ကချင်ပြည်နယ်၊ အဓိကက ဟူးကောင်းချိုင့်ဝှမ်းဒေသမှာ ရွှေမှော်တွေ များတယ်။ အဲဒီ ဒေသမှာ ထိန်းချုပ်တာက စကစနဲ့ ရှမ်းနီပြည်သူ စစ်ရှိတယ်။ KIA က ထိန်းချုပ်တာ ရှိတယ်။ အဲဒီရွှေမှော်တွေ ပတ်ဝန်းကျင်က အာဏာသက်ရောက်မှုက အဲဒီ ၃ ဖွဲ့ထဲမှာ ရှိတယ်လို့ ပြောလို့ရတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းက ပိုဆိုးဝါးလာတယ်။ အာဏာမသိမ်းခင်က အဲဒီမှာ ပြည်သူတွေက အများအပြား မဝင်သေးဘူး။ တူးတဲ့ဟာကို မီဒီယာကနေ တဆင့် ရွှေတူးဖော်တာကို ဖော်ထုတ်တယ်။ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေကို ကျနော်တို့ တင်ပြတယ်။ မီဒီယာကနေ တင်ပြတယ်။ အရေးယူဖို့ ပြောတယ်၊ လှုံဆော်တဲ့ဟာတွေ ရှိခဲ့တယ်။ အခုက မြန်မာမှာက အင်တာနက်လိုင်းက အခက်အခဲဖြစ်တယ်။ အဲဒီဒေသကို သွားဖို့လည်း အခက်အခဲဖြစ်တယ်။ သတင်းမီဒီယာတွေလည်း ပြည်တွင်းမှာ မရှိဘူး။ ပြည်ပမှာ ရောက်ကုန်တယ်။ တချို့ကလည်း ဒေသခံတွေနဲ့ သတင်းတွေ ယူဖို့ အခက်အခဲတွေ ဖြစ်တယ်။ ယူလို့ မရဘူးပေါ့နော်။ အခက်အခဲတွေ အများကြီးကြားမှာ ရှိတော့ ဒီလိုတရားမဝင် သတ္တုတူးဖော်မှုတွေက တဖြည်းဖြည်းနဲ့ များလာတယ်။

အရင်တုန်းနဲ့ တော်တော်လေး ကွာသွားတယ်။ ဒေသခံတွေ စားဝတ်နေရေးအတွက် လုပ်ကိုင်နေတဲ့ လယ်ယာတွေ၊ ချောင်းနဲ့ မြောင်းတွေဟာ ရစရာ မရှိတော့ဘူး။ အရင်တုန်းကထက် ရေက ပိုပြီး ဝါနေပြီ။ နေရာတကာမှာ ရွှေရှိမလား တူး စမ်းရင်နဲ့လည်း အဲဒီက သစ်ပင်တွေကိုလည်း အများကြီး ဖြိုလိုက်ရတယ်။ အဲဒီမှာ ရွှေတကျပ်သား ရဖို့ဆိုရင် လယ်ဧကကို ၃/ ၄ ဧကလောက် အဲလို၊ လိုက်ရှာတယ်။ ရွှေတပိသာရဖို့အရေးကို အဲမှာသစ်ပင်ရှိတဲ့ သစ်ပင်တွေဆိုရင် မရှိတော့ဘူး။ ရွှေရဖို့အရေးကို အဲမှာရှိတဲ့ သစ်ပင်တွေ အများကြီး ဖြိုလိုက်ရတယ်။ လယ်မြေ ဆိုရင်လည်း အများကြီး တူးပြီး ရှာကြတယ်။

စက်ယန္တရားကြီးတွေနဲ့ လုပ်ငန်းလုပ်တဲ့ လူတွေကလည်း သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ပိုရင်နှီးတဲ့ လူတွေ ပိုအာဏာရတယ်။ လုပ်ငန်းပိုကြီးတဲ့ လူတွေ၊ ပိုက်ဆံ ပိုရှိတဲ့ လူတွေ ၊ အာဏာပိုင်တွေကို ပိုပေးကမ်းနိုင်တဲ့ လူတွေက ပိုနေရာ ရတယ်။ အဲဒီမှာ ရှိတဲ့ ဒေသခံတွေက ငွေရေးကြေးရေးလည်း မတတ်နိုင်ဘူး။ အများကြီးလည်း ရွှေလုပ်ငန်း လုပ်ဖို့က အဆင်မပြေဘူး။ စားဝတ်နေရေးကလည်း အဆင်မပြေ။ လယ်ယာလုပ်ကိုင်စားသောက်ဖို့ကလည်း အဆင်မပြေဘူး။ အခုက အားလုံးက ရွှေတူးတယ်၊ လယ်နဲ့ ချောင်းတွေဆိုလည်း အားလုံးက သဲတွေ၊ နှုံတွေနဲ့ ပြည့်နေတယ်။

မေး – အစီရင်ခံစာ တွေ့ရှိချက်အရ အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီဒေသမှာ ဘာကြောင့် ရွှေတူးဖော်မှုတွေ ပိုများသွားတာလဲ။

ဖြေ – အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဘာကြောင့်ရွှေတွေ ပိုတူးလာလည်းဆိုရင် ငွေကြေးက ဒီသယံဇာတွေကနေ ပိုပြီး အရမြန်တယ်။ အဲဒါကြောင့် ပိုဇောက်ချကြတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အာဏာပိုင်တွေလည်း အဲမှာ အခွန်အခက ပိုရတယ်။ ငွေနောက် လိုက်ကြတယ်လို့ ပြောရမှာပဲ။ သတ္တုတူးဖော်မှုကို ပိုပြီးတော့ ခွင့်ပြုနေသလို ဖြစ်နေတာပေါ့။ ဆီဆိုရင်လည်း သူတို့က ပေါပေါသီသီ သုံးကြတယ်။ အတားအဆီး မရှိ ဂိတ်တွေမှာလည်း ဖြတ်သန်းခွင့်ရနေတယ်။ ဥပဒေ စိုးမိုးမှု မရှိဘူး။ ကြီးကြပ်မှု မရှိဘူး။ အစိုးရယန္တရာလည်း မရှိတော့ အခုက ဖြစ်ချင်တိုင်းဖြစ်နေတာပေါ့နော်။ အလွန်အကျွံအထိပ်အကွပ်မဲ့ တူးနေသလို ဖြစ်နေတယ်။ ဟူးကောင်းဒေသမှာ အခြေအနေက ပိုပြီးတော့ ဆိုးဝါးလာပါတယ်။ အဓိကက ဘတ်ဖိုးစက်ကြီးတွေလည်း ရန်ကုန်ကနေပဲ ကချင်ပြည်ရောက်တဲ့အထိ သယ်ကြတာပါ။ ဆီဆိုရင်လည်း အဲလိုပဲ အဆင့်ဆင့်ဖြတ်ပြီးတော့ အတားအဆီးမရှိ ဖြတ်ပြီး သယ်ကြတယ်။ ဒီလိုခွင့်ပြုချက်တွေ စိစစ်မှု မရှိဘူး။ ဘတ်ဖိုးစက်ကြီးတွေလည်း စီစစ်မှု မရှိဘူး။ အဲဒါကြောင့် ကချင်မှာက သယံဇာတတွေ အများကြီး ဆုံးရှုံးရတယ်။

မေး – အဲဒီဒေသမှာ ရွှေတူးဖော်ရေး လုပ်ကွက်တွေ ၊ နေရာတွေက ဘယ်နှစ်ခုလောက်ရှိနေကြပါသလဲ။

ဖြေ – ကချင်ပြည်နယ်မှာက လုပ်ကွက်တွေက အများကြီးပဲ။ အသေးတွေ၊ အကြီးတွေကော၊ ပြီးတော့ လိုက်စမ်းသပ် တူးနေတဲ့ဟာကော အများကြီးပဲပေါ့နော်။ ဘယ်နှစ်ကွက်ရှိသလဲလို့ ပြောရခက်ပါတယ်။ အများကြီးပဲလို့ပဲ ပြောရမှာပါ။ တူးတဲ့မှော်တွေကို ကျနော်တို့ ရှာထားတဲ့အရဆိုရင် ကျနော်တို့ သုတေသနလုပ်တာက ၅ နေရာ၊ ၆ နေရာ ရှိတယ်။ အဲထက်လည်း အများကြီး ရှိပါတယ်။

မေး – ဌာနတိုင်းရင်းသားတွေရဲ့ မြေယာနဲ့ အခွင့်အရေးတွေ ဘယ်လိုဆုံးရှုံးနေပါသလဲ။ သူတို့ ဘယ်လို ဆုံးရှုံးနစ်နာနေပါသလဲ။

ဖြေ – ရွှေတူးဖော်မှုတွေကြောင့် ဌာနေတိုင်းရင်းသားတွေရဲ့ မြေယာ အခွင့်အရေးကတော့ ဆုံးရှုံးတယ်။ နစ်နာမှုက အများကြီးရှိတယ်။ အဓိကက ဌာနေတိုင်းရင်းသားတွေ အဲမှာရှိတဲ့ ကချင်လူမျိုးတွေက တောင်ယာစပါးလုပ်တာ များတယ်။ တချို့က လယ်လုပ်တယ်။ ဒါပေမယ့် ပြသနာက အဲမှာ ရေအရင်းအမြစ် ပိုခက်ခဲလာတယ်။ အဲမှာက ရွှေတူးဖော်ထားတော့ အဲဒီကနေ စီးဝင်တဲ့ ရေတွေက သဲတွေ၊ ကျောက်တွေ ပါတော့ ၊ တောင်တွေလည်း ပြိုတော့ တောင်ယာစပါးစိုက်ဖို့ကလည်း အဆင်မပြေဘူး။ ရွာနဲ့ နီးတဲ့ဟာဆိုရင်လည်း ရွှေတူးလိုက်တော့ အဆင်မပြေဘူး။ အဝေးကြီးဆိုရင်လည်း သူတို့အတွက်က လုံခြုံရေးက အဆင်မပြေဘူး။ အဲမှာ သောက်သုံးရေအတွက်လည်း အဆင်မပြေတော့ဘူး။ အဲမှာက သဘာဝပတ်ဝန်းကျင်က ပြောင်းလဲလာတယ်။ သစ်ပင်တွေကိုလည်း ရွှေရှာဖွေရင်နဲ့ ရှင်းလင်းလိုက်ကြတာပါ။ စားဝတ်နေရေးအတွက်လည်း ဒေသခံတွေက ခက်ခဲနေကြတယ်။ အဲမှာက အကူအညီတွေလည်း လိုအပ်နေပါတယ်။

အရင်တုန်းက ဟူးကောင်းဒေသမှာ ကျားထိန်းသိမ်းရေးဆိုတဲ့ INGO အဖွဲ့အစည်းတွေ ရှိခဲ့တယ်။ ၂၀၀၁ မှာ သူတို့က ကျားထိန်းသိမ်းရေးဆိုပြီးတော့ လုပ်တာပေါ့နော်။ ဒေသခံတွေရဲ့ နယ်မြေတော်တော်များများလည်း ကျားထိန်းသိမ်းရေး ဧရိယာထဲမှာ ပါသွားတယ်။ ဒေသခံတွေက တောင်ယာတွေ၊ နယ်မြေတွေ ဆုံးရှုံးခဲ့တာတွေ အများကြီးရှိခဲ့တယ်။ နောက်တခုက ကျားထိန်းသိမ်းရေးပြီးသာနဲ့ ၂၀၁၇ ခုနှစ်မှာ ယုဇနကုမ္ပဏီဆိုပြီး ပီလောပီနံစိုက်ဖို့ဆိုပြီး လုပ်လာတယ်။ ကျားထိန်းသိမ်းရေးနေရာတွေမှာလည်း ပီလောပီနံစိုက်လာကြတယ်။ ဒါပေမယ့် ဒေသခံတွေရဲ့ နေရာတွေမှာလည်း ပီလောပီနံစိုက်ကြတယ်။ ဒေသခံတွေကို ပြောင်းရွှေ့ခိုင်းလိုက်တယ်။ စံပြကျေးရွာဆိုပြီး ရွာအသစ်တည်ပေးပြီတော့ နေရာချပေးတာပေါ့နော်။ အဲဒီမှာလည်း ပြသနာတွေ အများကြီး ရှိခဲ့တယ်။

အခု ၂၀၂၁ မှာက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ယုဇနကုမ္ပဏီလည်း ရပ်သွားတယ်။ အဲဒီမှာ ပဋိပက္ခတွေ ပိုဖြစ်လာတယ်။ အရင်တုန်းကတော့ ရွှေတော့ တူးနေတယ်။ အဲဒီက အာဏာပိုင်တွေရော၊ ပြည်သူ့စစ်တွေရော၊ KIA တွေရော ရွှေတူးဖော်တဲ့ လူတွေက ငွေကြေးတတ်နိုင်တော့ အဲဒီမှာ ပူးပေါင်းပြီး တူးလာတာ အများကြီး တွေ့ရတယ်။ အဲဒီက အာဏပိုင်တွေနဲ့ သူဌေးတွေနဲ့က အကျိုးအမြတ်ခွဲဝေယူကြတာပေါ့နော်။ အဲဒါကြောင့် သဘာဝ ပတ်ဝန်းကျင်ရော၊ အဲဒီက ပြည်သူတွေကော လူ့အခွင့်အရေး ဆုံးရှုံးမှုတွေ အများကြီးဖြစ်တယ်၊၊ ခြိမ်းခြောက်ခံရတာတွေ ၊ နေရာဒေသအိမ်တွေ ပြောင်းရွှေ့ပေးရတာတွေ၊ လယ်ယာမြေတွေ ပျက်စီးတာတွေ၊ ရေအရင်းအမြစ် ဆုံးရှုံးတာတွေ အသက်ရှင်နေထိုင်ခွင့် အများကြီးဆုံးရှုံးသွားတယ်။ သူတို့မှာ ပြောနိုင်တဲ့ အင်အားလည်း မရှိတော့ဘူး။ လက်နက်ကိုင်တွေ ကြားထဲမှာ နေရတော့ ပြည်သူတွေကတော့ အများကြီး ခက်ပါတယ်။

အဲဒီမှာ တောရိုင်းတိရစ္ဆာန်တွေလည်း ဆုံးရှုံးတယ်။ အိမ်မွေးတိရစ္ဆာန်တွေလည်း ရွှေကျင်းထဲ ပြုတ်ကျတာ၊ နွားတွေ ရေသောက်လို့ မရတော့တာ ၊ အဆိပ်သင့်သေတာတို့၊ ငါးတွေဆိုလည်း ပြသား အဆိပ်သင့်သေတာတို့ အများကြီးပါ။ အဲလိုအခြေအနေမှာ လူတွေက စားမီပေါ့နော်။ ရေအရင်းအမြစ်မှာ ပြဒါးစိမ့်ဝင်မှု ၊ ဒေသခံတွေ စားတဲ့ငါးတွေမှာ ပြဒါးအစိမ့်သင့်မှု ဘယ်လောက်ရှိလဲဆိုတာ သေချာ သုတေသန လုပ်နိုင်ဖို့ ခက်ခဲနေပါတယ်။ ပညာရှင်တွေလည်း လိုအပ်နေပါတယ်။ ဒါတွေက ဒေသခံတွေရဲ့ ကျန်းမာရေးကို ဘယ်လောက်ထိ ထိခိုက်သလဲဆိုတာ အသေးစိတ် မသိနိုင်သေးပေမယ့် လောလောဆယ်တွေ့မြင်နေရတာက ယားယံတာတို့ ၊ အရေးပြားရောဂါတို့ ၊ ရွှေတူးဖော်မှုကြောင့် ငါးတွေဆုံးရှုံးရတာ၊ ရေအရင်းအမြစ်ဆုံးရှုံးရတာတွေ မျက်မြင်တွေ့နေရပါတယ်။

မေး – အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဓါတ်ပုံ – MMWN

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature