အာဏာသိမ်းစစ်ကောင်စီအုပ်စုဟာ အမေရိကန်အစိုးရထံမှ အသိအမှတ်ပြု ရရှိရေးအတွက် မြန်မာ့သဘာဝ သယံဇာတတွေနဲ့ အသုံးချ ဆောင်ရွက်နိုင်ရေး အပါအဝင် ကဏ္ဍ ၃ ခုနဲ့ ဝါရှင်တန်အခြေစိုက် DCI Group ကို တစ်နှစ်၊ ဒေါ်လာ ၃ သန်းနဲ့ ငှားရမ်းလုပ်ကိုင်နေတယ်လို့ Justic For Myanmar က ဒီနေ့ ဩဂုတ်လ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။
လာမယ့် ရွေးကောက်ပွဲမှာ နိုင်ငံရေး တရားဝင်မှု ရရှိရေးနဲ့ ပုံရိပ်ကောင်း ရရှိအောင် လော်ဘီ လုပ်နိုင်ရေးတို့အတွက် အမေရိကန် သမ္မတ ဒေါ်နယ်ထရန်ရဲ့ ပါတီဖြစ်တဲ့ ရီပတ်ဘလစ်ကန်ပါတီနဲ့ နီးစပ်တဲ့ လော်ဘီအဖွဲ့ DCI Group ကို ငှားရမ်းခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
DCI Group ဟာ စစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ဇူလိုင်လ ၃၁ ရက်မှာ စတင်အသက်ဝင်မယ့် စာချုပ်တစ်ရပ်ကို လက်မှတ်ထိုးခဲ့ပြီး ပထမအရစ် ငွေပေးချေမှု အမေရိကန် ဒေါ်လာ ၁.၅ သန်းကို ပေးချေထားပြီဖြစ်တယ်လို့ သိရပါတယ်။
သဘောတူစာချုပ်အရ အမေရိကန် နဲ့ မြန်မာအကြားမှာ “ကုန်သွယ်ရေး၊ သဘာဝသယံဇာတ နဲ့ လူသားချင်း စာနာမှု အကူအညီ” ဆိုင်ရာတွေနဲ့ နှစ်နိုင်ငံဆက်ဆံရေးတွေ “ပြန်လည်တည်ဆောက်ရေး”အတွက် DCI Group က ဆောင်ရွက်ပေးရမယ်လို့ ဆိုပါတယ်။
DCI Group နဲ့ အဓိက ထိတွေ့ဆက်ဆံမယ့် သူအနေနဲ့ စစ်ကော်မရှင်၊ စစ်အစိုးရအဖွဲ့ ပြန်ကြားရေးဝန်ကြီးဌာ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော် ဖြစ်ပြီး လော်ဘီငှားရမ်းမှုကို ပြန်ကြာရေးဌာနက တာဝန်ခံ ငှားရမ်းကာ ဆောင်ရွက်လာမှုဖြစ်တယ်လို့ သိရပါတယ်။

DCI Group ဘက်ကတော့ Justin Peterson နဲ့ Ryan Grillo တို့က အဓိကဆက်သွယ်ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဝါရှင်တန် ဒီစီအခြေစိုက် ဝီလ်ဆင်စင်တာမှ သုတေသီတစ်ဦးဖြစ်တဲ့ ကိုရဲမျိုးဟိန်းက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
“DCI ဘက်ကတော့ Justin Peterson နဲ့ Ryan Grillo တို့က အဓိကဆက်သွယ်ဆောင်ရွက်မှာပါ၊ DCI Group ဟာ ရီပတ် ဘလစ်ကန်ပါတီနဲ့ နီးစပ်တဲ့အဖွဲ့ပါ၊ Peterson ဟာ George W. Bush ရဲ့ သမ္မတရွေကောက်ပွဲမဲဆွယ်ရေးတုန်းက ဝင်အလုပ်လုပ်ပေးခဲ့ဖူးပြီး သမ္မတထရမ့်က သူ့ကို Puerto Rico နိုင်ငံနဲ့ပတ်သက်ပြီး FOMB မှာ ကိုယ်စားလှယ်ခန့်ခဲ့ဖူးပါတယ်။ Grillo ကတော့ ဆီနိတ်တာ Chuck Hagel ရဲ့ ကိုယ် စားလှယ်လုပ်ခဲ့ဖူးပါတယ်” လို့ ကိုရဲမျိုးဟိန်းက ပြောပါတယ်။
DCI Group ဟာ ၂၀၀၂ ခုနှစ်ကလည်း အရင်မြန်မာစစ်အုပ်စုနဲ့ စာချုပ်တစ်ရပ် ရှိခဲ့ပြီး စစ်အုပ်စုရဲ့ ပုံရိပ်ကို ခဝါချသန့်စင်ရေး နဲ့ နိုင်ငံရေး ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ဆောင်ရွက်ပေးနိုင်ရေးအတွက် အမေရိကန်အစိုးရထံသို့ လော်ဘီလုပ်ပေးခဲ့ဖူးတယ်လို့ Justic For Myanmar ထံမှ သိရပါတယ်။
ဇူလိုင်လကုန်ပိုင်းကလည်း မြန်မာက မြေရှားသတ္တုသိုက် အမြောက်အမြား ရရှိရေးအတွက် သမ္မတဒေါ်နယ်ထရမ့် ဦးဆောင်တဲ့ အမေရိကန်အစိုးရဟာ မြန်မာ့ မူဝါဒကို ပြောင်းလဲလုပ်မယ့် အဆိုပြုချက်တွေကို ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။
အဲဒီအဆိုပါချက်တွေထဲမှာ မြန်မာကို အခွန် ၄၀ ရာခိုင်နှုန်းကို လျော့ချဖို့၊ စစ်အစိုးနဲ့ မဟာမိတ်တွေအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ပြေလျော့ဖို့၊ မြန်မာ့မြေရှားကို အိန္ဒိယနဲ့ ပူးပေါင်းထုတ်လုပ်ဖို့ နဲ့ အဲဒီအတွက် သံတမန်တစ်ဦး ခန့်အပ်ဆောင်ရွက်ဖို့တွေ ပါဝင်နေတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။
