မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ တွီဒင်းနဲ့ ကာကီ ကျေးရွာတို့မှာ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြတဲ့ ပလက်မြို့နယ်ပြည်သူတွေရဲ့ နေအိမ် ၁၄၀ နီးပါး ရေမြှုပ်၊ မျှောပါမှုတွေ ဖြစ်ပွားနေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
တွီဒင်းကျေးရွာနဲ့ ကာကီကျေးရွာ မြစ်ကမ်းဘေးနားမှာ တည်ရှိတဲ့ စစ်ဘေးရှောင် နေအိမ်တွေဟာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မနေ့က မေလ ၃၁ ရက် နေ့လည် ၁နာရီမှာ မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ Paletwa IDPs and Humanitarian supporting အဖွဲ့က ထုတ်ပြန်ပါတယ်။
တွီဒင်းစစ်ရှောင်စခန်းက နေအိမ် ၅၆ အိမ်ခန့်၊ ကာကီစစ်ရှောင်စခန်းက နေအိမ် ၈၀ ခန့် ရေမြှပ်သွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင်ပြည်သူတွေကို ကျေးရွာအတွင်းက နေအိမ်တွေနဲ့ ရွာခန်းမတွေမှာ အရေးပေါ် ရွှေ့ပြောင်းထားရတယ်လို့ သိရပါတယ်။
နေအိမ်ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်နေမှုကြောင့် အမိုးအကာ၊ အစားအသောက်တွေ အရေးပေါ် အကူအညီ လိုအပ်နေပြီး ပြည်လည်တည်ဆောက်ရေး ရန်ပုံငွေလည်း လိုအပ်နေတယ်လို့ Paletwa IDPs and Humanitarian supporting အဖွဲ့ထံမှ သိရပါတယ်။
အများပြည်သူတွေ ဝိုင်းဝန်းကူညီပေးကြပါရန် အရေးပေါ်အကူအညီ တောင်းခံတယ်လို့ ယင်းအဖွဲ့က ကြေညာထားပြီး +91 92336 76151(Salai Soe Than) ထံသို့ ဖြစ်စေ၊ Paletwa IDPs and Humanitarian supporting ရဲ့ လူမှုကွန်ယက်မှဖြစ်စေ ဆက်သွယ်ကူညီနိုင်တယ်လို့ သိရပါတယ်။
ဓါတ်ပုံ – Paletwa IDPs and Humanitarian supporting
