Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

ငလျင်ဘေးဒဏ်သင့် မြန်မာလူထုကို အမေရိကန်က ၂ သန်း ကူညီမယ်လို့ကြေညာ

မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီ ဒေါ်လာ ၂ သန်းအထိ ပံ့ပိုးကူညီပေးအပ်သွားမယ်လို့ အမေရိကန်သံရုံးက ဒီနေ့ မတ်လ ၃၀ ရက်မှာ ကြေညာလိုက်ပါတယ်။

ငလျင်အတွက် အရေးပေါ်တုံ့ပြန်မှုအနေနဲ့ အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံအခြေစိုက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေကမှတဆင့် အမေရိကန် ဒေါ်လာ ၂ သန်းအထိ ပံ့ပိုးကူညီပေးအပ်သွားမှာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ရဲ့ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဟာ ငလျင်ဘေးသင့်ဒေသတွေရှိ ပြည်သူတွေရဲ့ အပူတပြင်း လိုအပ်ချက်တွေကို သုံးသပ်ဖော်ထုတ်ဖို့ မြန်မာနိုင်ငံကို ရောက်ရှိလာမယ်လို့လည်း ကြေညာပါတယ်။

USAID ရဲ့ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဟာ အရေးပေါ် နားခိုစရာ၊ အစားအသောက်၊ ဆေးဝါးလိုအပ်ချက်နဲ့ ရေရရှိနိုင်မှုအပါအဝင် လိုအပ်ချက်တွေကို သုံးသပ်ဖော်ထုတ်နိုင်ရေးလည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ပျက်စီးဆုံးရှုံးမှုတွေကနေ ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းလျက်ရှိတဲ့ မြန်မာပြည်သူတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုက ရပ်တည်လျက်ရှိတယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

ငလျင်ဘေးသင့်တဲ့ မြန်မာလူထုအတွက် တရုတ်က ယွမ်သန်း ၁၀၀၊ အိုင်ယာလန်က ယူရို ၆ သန်း၊ ဥရောပသမဂ္ဂက ယူရို ၂ သန်းခွဲ၊ ဩစတြေးလျနိုင်ငံကလည်း ICRC မှတဆင့် ဒေါ်လာ ၂ သန်း ကူညီသွားမယ်လို့ ထုတ်ပြန်ထားကြပါတယ်။

အမိုးအကာ၊ အစားအစာနဲ့ သောက်သုံးရေလိုအပ်ချက်တွေ ချက်ခြင်းဖြည့်ဆည်းနိုင်ဖို့ UN Central Emergency Response Fund (CERF) က အမေရိကန်ဒေါ်လာ ၅ သန်း ကူညီပေးမယ်လို့ ဆိုထားပါတယ်။

ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ INGOs တွေအနေနဲ့ ငလျင်ဘေးသင့် ပြည်သူတွေကို အရေးပေါ် ကယ်ဆယ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေ အမြန်ဆုံး ကူညီဆာင်ရွက်ပေးဖို့ NUG အစိုးရက ဖိတ်ခေါ်ထားပါတယ်။

NUG အစိုးရ ထိန်းချုပ်ဒေသတွေမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အရေးပေါ်ကယ်ဆယ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ လုံခြုံးရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ယာယီကယ်ဆယ်ကုသရေးစခန်းတွေ ဖွင့်လှစ်ရေးတို့ တာဝန်ယူပူးပေါင်းဆောင်ရွက်မယ်လို့ ကြိုဆိုထုတ်ပြန်ထားပါတယ်။

Click to comment