Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

စစ်တောင်းမြစ်ပေါ် ပထမဆုံး ဒေသခံအခြေပြု ငါးထိန်းသိမ်းရေးဇုန် သတ်မှတ်

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ကျေးရွာ ၃ ရွာအနီးက စစ်တောင်းမြစ်ပေါ်မှာ ပထမဆုံး ဒေသခံအခြေပြု ငါးထိန်းသိမ်း စောင့်ရှောက်ရေးဇုန် (FCZ)ကို အတည်ပြု သတ်မှတ်နိုင်ခဲ့တယ်လို့ IUCN ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

ဝေါမြို့နယ်၊ စစ်တောင်းမြစ်ပေါ် သိမ်ဇရပ်တံတားဘေးမှာ တည်ရှိတဲ့ ပထမဆုံး ဒေသခံအခြေပြု ငါးထိန်းသိမ်း စောင့်ရှောက်ရေးဇုန် (FCZ) ဟာ ၃၀၀ မီတာ ကျယ်ဝန်းပါတယ်လို့ သိရပါတယ်။

“စစ်တောင်မြစ်ပေါ်မှာ ပထမဆုံး FCZ ကို တရားဝင် သတ်မှတ်နိုင်ခြင်းဟာ အဲဒါရဲ့ သက်ရောက်မှုက စောင့်ကြည့်လေ့လာဖို့ အရေးကြီးသလို အခြားဒေသအတွက်လည်း နမူနာပုံစံတစ်ခု ဖြစ်ပါတယ်” လို့ IUCN က ထုတ်ပြန်ထားပါတယ်။

ဒေသခံတွေကိုယ်တိုင်စီမံခန့်ခွဲမယ့် အဲဒီဧရိယာဟာ သနောကျွန်း (Ta Naw Kyun)၊ မိုးကြိုးကုန်း (Moe Gyoe Gone) နဲ့ ကျောက်ညှပ် (Kyauk Nyat) ရွာတွေထဲမှာ ဖြစ်ပြီးတော့ အဲဒီက ဒေသခံအများစုဟာ ငါးလုပ်ငန်းနဲ့ အသက်မွေးကြတယ်လို့ International Union for Conservation of Nature (IUCN) က မေလထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒေသခံအခြေပြု ငါးထိန်းသိမ်း စောင့်ရှောက်ရေးဇုန် (FCZ) အဖြစ် ၁၀ ဟတ်တာခန့်ကို တည်ထောင်နိုင်ဖို့ ကျေးရွာဒေသခံတွေဟာ ဒေသခံတံငါးသည်အဖွဲ့ (LFG) ကို ၅၇ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။

FCZ ရဲ့ လျှောက်လွှာ လုပ်ငန်းစဉ်တွေကို ဦးဆောင်ဖို့၊ စီမံခန့်ခွဲရေးအစီအစဉ်တွေ ရေးဆွဲဖို့အတွက် စီမံခန့်ခွဲရေးကော်မတီကို ဒေသခံ ၇ ဦးနဲ့လည်း ဖွဲ့စည်းခဲ့ပါတယ်။

FCZ ရဲ့ ကနဦးအစပိုင်းဟာ ၂၀၂၁ ခုနှစ်မှာ Fauna & Flora International (FFI) က ငါးမျိုးစိတ်တွေ ရှင်းသန်ပေါက်ဖွားမှုကို မြင့်တင်ဖို့ သုတေသနတစ်ခု ပြုလုပ်ခဲ့ရာမှာ စစ်တောင်းမြစ်ထဲက ငါးမျိုးစိတ်တွေ ရှင်သန်းပေါက်ဖွားတဲ့ အဓိက (Key) နေရာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ IUCN နဲ့ Myanmar Coastal Conservation Lab (MCCL) နဲ့ ဒေသခံ လူငယ် ထိန်းသိမ်းရေးအဖွဲ့တို့ဟာ ကျေးရွာ ၁၂ ရွာမှာ ညှိနှိုင်းတိုင်ပင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

၂၀၂၄ အစောပိုင်းမှာ ဒေသခံတွေရဲ့ အကျိုးစီးပွားဖြစ်မှု၊ ခေါင်းဆောင်မှု၊ လူမှုသဟဇာတဖြစ်မှုနဲ့အတူ ဒေသခံတွေ ကိုယ်တိုင် စီမံခန့်ခွဲမယ့် ငါးထိန်းသိမ်းရေးဇုန် တည်ထောင်ဖို့ ဆောင်ရွက်နေခဲ့တာဖြစ်ပါတယ်။

၂၀၂၄ မေလ ၂၂ ရက်မှာ ၂၀၁၈ ခုနှစ် ရေချိုငါးလုပ်ငန်း ဥပဒေအရ စစ်ကောင်စီ လက်အောက်ခံ၊ ပဲခူးတိုင်း၊ ငါးလုပ်ငန်းဦးစီးဌာနက ၃၀၀ မီတာနယ်မြေကို ကြားခံနယ်မြေနဲ့အတူ ပထမဆုံး ဒေသခံအခြေပြု ငါးထိန်းသိမ်း စောင့်ရှောက်ရေးဇုန်ကို စစ်တာင်းမြစ်ပေါ်မှာ တရားဝင် သတ်မှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတံငါးသည်အဖွဲ့ (LFG) ဟာ FCZs ကို ပိုင်းခြားသတ်မှတ်ဖို့၊ အချက်အလက်တွေ ကောက်ယူဖို့၊ FCZs ရဲ့ ထိရောက်မှုကို အကဲဖြတ်ဖို့ ပုံမှန်အစည်းအဝေးတွေနဲ့ စုစည်းလုပ်ကိုင်ကြဖို့ တာဝန်ရှိပါတယ်။

ဒေသခံအခြေပြု ငါးထိန်းသိမ်း စောင့်ရှောက်ရေးဇုန် (FCZ)ကို SDC Gulf of Mottama Project ရဲ့ အစိတ်အပိုင်းအဖြစ် IUCN၊ HELVETAS နဲ့ Network Activities Group (NAG)တို့က စုပေါင်း အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။

စစ်တောင်းမြစ်ဟာ မြန်မာနိုင်ငံရဲ့ ၄ ခုမြောက် အကြီးဆုံးမြစ်ဖြစ်ပြီး မုတ္တမပင်လယ်ကွေ့ကနေ ဘင်္ဂလာပင်လယ် အတွင်း စီးဝင်ပါတယ်။ ပင်လယ်ကွေ့အတွင်းက ဂေဟစနစ်ဟာ ငါးမျိုးစိတ်တွေ မျိုးပွားမှုကို ထောက်ပံ့ပေးသလို ရေချိုနဲ့ ရေငံမှာ ပြောင်းရွေ့ကျက်စားတဲ့ diadromous fish species မျိုးစိတ်ထဲက Hilsa shad နဲ့ Pama croaker ငါးမျိုးစိတ်တွေကိုလည်း တွေ့ရပါတယ်။

ဓါတ်ပုံများ IUCN၊ Gulf of Mottama Project၊ iied

Click to comment
Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး