မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ သံပုရာကန်ရွာအနီးရှိ မန်းသံပုရာကန် ရေနံချက်စက်ရုံနဲ့ ကပစ – ၂ တို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ NUG အစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)က ဒီနေ့ဖေဖော်ဝါရီလ ၂၈ ရက်မှာ ကြေညာပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက် မနက် ၁ နာရီခန့်မှာ အထက်မင်းလှမြို့နယ်၊ သံပုရာကန်ကျေးရွာအနီးရှိ စစ်ကော်မရှင်တပ်ရဲ့ အဓိက စက်ရုံတွေ ဖြစ်တဲ့ မန်းသံပုရာကန် ရေနံချက်စက်ရုံနဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ – ၂ တို့ကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
မန်းသံပုရာကန် ရေနံချက်စက်ရုံးထဲ ၁၀၇ မမ ၃ လုံး ကျရောက်ပေါက်ကွဲပြီး ဝန်ထမ်းလိုင်းခန်းနဲ့ စက်ရုံပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးသလို ကပစ – ၂ စက်ရုံထဲ ၁၀၇ မမ ၁ လုံး ကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်စီးမှု ရှိတယ်လို့ သိရပါတယ်။
SOS အထူးတပ်ဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ မကွေးတိုင်းပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေး ရဲဘော်တွေ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
သံပုရာကန် ရေနံချက်စက်ရုံ စီမံကိန်းနဲ့ တိုးချဲ့ရေးကို တရုတ်နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီနဲ့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေပြီး လိုအပ်တဲ့ ရေနံစိမ်းတွေကို တရုတ်- မြန်မာ ရေနံစိမ်းပိုက်လိုင်းကနေ ရယူဆောင်ရွက်မယ်လို့ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ စွမ်းအင်ဝန်ကြီးဌာနက ဇန်နဝါရီလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံက အကြီးဆုံး ရေနံချက်စက်ရုံးတွေထဲက တစ်ခုဖြစ်တဲ့ သံပုရာကန်ရေနံချက်စက်ရုံဟာ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်ထဲမှာ တည်ရှိပြီး လက်ရှိမှာ အဆိုပါ ရေနံချက် စက်ရုံစီမံကိန်းကနေ ရေနံစိမ်း တစ်နှစ်ကို တန်ချိန် ၂ သန်း ချက်လုပ်နိုင်ရေးအတွက် တရုတ်ကုမ္ပဏီ Sino-pipeline International (SPI) နဲ့ စစ်ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပါတယ်။
သံပုရာကန် ရေနံချက်စက်ရုံဟာ ပြည်တွင်း ရေနံချက်စက်ရုံတွေအနက် အဓိကစက်ရုံတစ်ခု ဖြစ်ပြီး လေယာဉ်ဆီ၊ ဓာတ်ဆီ၊ မီးထိုးဆီ၊ ရေနံမီးသွေးနဲ့ ရေနံဓာတ်ငွေ့ရည်တို့ကို ထုတ်လုပ်ပေးတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ကော်မရှင်က ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း လုပ်ဆောင်နေတဲ့ ပြည်တွင်းပြည်ပ စီမံကိန်းတွေနဲ့ စာချုပ်တွေ အားလုံးဟာ တရားဝင်မှု မရှိဘူးလို့ NUG အစိုးရက တရားဝင်ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ – NUG / SOS




































