ရှမ်းပြည်နယ်အရှေ့ပိုင်း မဲခေါင်မြစ်ဝှမ်းဒေသမှာ မြန်မာနိုင်ငံအတွက် အပင်မျိုးစိတ် မှတ်တမ်းသစ်အဖြစ် ၁၆ မျိုးကို ဖော်ထုတ်တွေ့ရှိခဲ့ပြီး ရောဂါတွေကို ကုသနိုင်တဲ့ ထူးခြားဂုဏ်သတ္တရှိတဲ့ လက်ဖက်မျိုးစိတ်သစ် ၂ မျိုးကိုလည်း လေ့လာဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
“မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်း ဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင် အပင်မျိုးစိတ်များ စဉ်ဆက်မပြတ် အသုံးပြုခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်း စီမံကိန်း”ရဲ့ စီမံကိန်းပြီးမြောက်ကြောင်း ဇန်နဝါရီလ ၂၀ က ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ သစ်တောဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်းဖြစ်ပါတယ်။
ရှမ်းအရှေ့ပိုင်း၊ မဲခေါင်းမြစ်ဝှမ်းဒေသမှာ လုပ်ခဲ့တဲ့ အဆိုပါ စီမံကိန်းကို တရုတ်နိုင်ငံရဲ့ မဲခေါင် – လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃) စီမံကိန်းအဖြစ် စီမံကိန်းကာလ ၂ နှစ်တာ ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
စီမံကိန်းဒေသမှာ ဆေးဖက်ဝင်မျိုးစိတ် ၁၅၀ ကို စုဆောင်းနိုင်ခဲ့ပြီး ထူးခြားဂုဏ်သတ္တိရှိတဲ့ ဓာတုဒြပ်ပေါင်းတွေ ပါဝင်မှုကို ဓါတ်ခွဲစမ်းသပ်ခဲ့ရာ အဆိုပါ မျိုးစိတ်တွေထဲက အပင်မျိုးစိတ်သစ် ၁၆ မျိုးကို မြန်မာနိုင်ငံအတွက် အပင်မျိုးစိတ်သစ်တွေအဖြစ် ဖော်ထုတ်မှတ်တမ်းတင်နိုင်တယ်လို့ သိရပါတယ်။
လက်ဖက်မျိုးစိတ် ၂ မျိုးကိုလည်း မှတ်တမ်းအသစ် တင်နိုင်ခဲ့ပြီး ဓါတ်ခွဲစမ်းသပ်ချက်တွေအရ ရောဂါအမျိုးမျိုး ကုသနိုင်တဲ့ ထူးခြားဂုဏ်သတ္တိရှိတဲ့ ဓာတုဒြပ်ပေါင်းတွေ ပါဝင်နေတာကို လေ့လာတွေ့ရှိတယ်လို့ ဆိုပါတယ်။
စီမံကိန်း ရလဒ်အနေနဲ့ ဆေးဖက်ဝင်အပင်တွေရဲ့ ဂုဏ်သတ္တိဆိုင်ရာ နည်းပညာ ဗဟုသုတတွေကို မြှင့်တင်ပေးတဲ့အပြင် အနာဂါတ် ဆေးဝါးသစ်တွေ ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ အလက်ချက်အလက်တွေ ပံ့ပိုးပေးနိုင်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စီမံကိန်း သုတေသနရလဒ်တွေကို “Medicinal Plants of Mekong Region in Myanmar” ဆေးဖက်ဝင်အပင် စာအုပ်အဖြစ် ထုတ်ဝေသွားမယ်လို့ ဆိုပါတယ်။
နေပြည်တော်၊ သစ်တောဦးစီးဌာနမှာ ကျင်းပတဲ့ အဆိုပါ အခမ်းအနားကို အာဏာသိမ်းစစ်ကော်မရှင်ရဲ့ သစ်တောဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန််ရှိသူတွေ တက်ရောက်တယ်လို့ သိရပါတယ်။




































