ဧရာဝတီမြစ်ဆုံ စီမံကိန်း ပြန်လည်အသက်သွင်းရန် မြေပြင်မှာ အကောင်အထည်ဖော် ကြိုးပမ်းမှု အားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) နဲ့ တော်လှန်ရေးအင်အားစုတွေက ပြတ်ပြတ်သားသား ဟန့်တားပေးရန် ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများ ကောင်စီ/ အဖွဲ့အစည်းတွေက ပူးတွဲတောင်းဆိုနေပါတယ်။
ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်း ပြန်လည်းအသက်သွင်းရန် ကြိုးပမ်းမှုအပေါ် ပူတွဲသဘောထား ထုတ်ပြန် ချက်အဖြစ် ဒေသအခြေပြု CDM ကောင်စီနဲ့ အဖွဲ့အစည်း ၇ ဖွဲ့က ဇန်နဝါရီလ ၂၀ ရက်မှာ ထုတ်ပြန်လိုက်တာပါ။
စစ်တပ်က အာဏာသိမ်းကာလအတွင်း မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ရန် ပြင်ဆင်နေမှုဟာ မြန်မာလူထု တရပ်လုံးရဲ့ ဆန္ဒကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်စော်ကားခြင်းဖြစ်တဲ့အတွက် ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများ ကောင်စီနဲ့ အဖွဲ့အစည်းတွေက ပြင်းထန်စွာ ကန့်ကွက်တယ်လို့ ဆိုပါတယ်။
တရုတ်အစိုးရနဲ့ ရင်းနှီးမြှပ်နှံသူတွေကို ဒီစီမံကိန်းဟာ မြန်မာလူထု ဆန္ဒနဲ့ ဖိဆန်နေတဲ့အတွက် နှစ်နိုင်ငံချစ်ကြည်ရေးကို ထိခိုက်စေနိုင်သလို တရားမဝင် စာချုပ်တွေအတွက် တာဝန်ယူမှာ မဟုတ်တဲ့အကြောင်း NUG အစိုးရအနေနဲ့ အခုထက် ပိုမိုပြင်းထန်စွာ သတိပေး လုပ်ဆောင်ဖို့ကိုလည်း CDM အဖွဲအစည်းတွေက တောင်းဆိုပါတယ်။
ဧရာဝတီမြစ်ကို ကာကွယ်ရေးအတွက် “မြစ်ဆုံ ကာကွယ်ရေးသည် အမျိုးသားရေး တာဝန်” အဖြစ် သတ်မှတ်ပြီး ဆက်လက် ဝိုင်းဝန်းကန့်ကွက်ပေးကြဖို့ကိုလည်း တိုက်တွန်းနေပါတယ်။
NUG အစိုးရရဲ့ မြစ်ဆုံဒေသကို “အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသ” အဖြစ် သတ်မှတ်ပြီး စစ်ကောင်စီနဲ့ ချုပ်ဆိုတဲ့ မည်သည့်စာချုပ်မဆို တရားမဝင်ကြောင်း ကြေညာခြင်းနဲ့ ဒေသခံကချင်လူထုအပါအဝင် ပြည်သူ တရပ်လုံးက “ဧရာဝတီကို လွတ်လပ်စွာ စီးဆင်းခွင့်ပေးရန်” ဆိုတဲ့ ဘုံသဘောထားကို အလေးအနက် တန်ဖိုးထားတယ်လို့ ဆိုပါတဘ်။
စစ်ကောင်စီရဲ့ တရားမဝင်တဲ့ စီမံကိန်းတွေ အကောင်အထည် ဖော်ရန် ကြိုးပမ်းမှု အားလုံးကို CDM နိုင်ငံဝန်းထမ်းတွေက နည်းမျိုးစုံနဲ့ အဆက်မပြတ် ဆန့်ကျင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
ပူးတွဲသဘောထား ကြေညာချက်ကို ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများ ကောင်စီနဲ့ အဖွဲ့အစည်း ၇ ဖွဲ့ဖြစ်တဲ့ ကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (KSCCSC) ၊ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုကောင်စီ (KSCSC – CDM) ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC – SFU) ၊ ပဲခူးဒေသ CDM နိုင်ငံ့ဝန်ထမ်းကောင်စီ (BRCC) ၊ မန္တလေးဒေသ အကြမ်းမဖက် အာဏာဖီဆန်ရေးအဖွဲ့ (MCDMO) ၊ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများ ကောင်စီ (SSSC – MON) နဲ့ ရန်ကုန်ဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများအဖွဲ့အစည်း (YFCCO) တို့က ထုတ်ပြန်ခြင်းဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် နိုင်ငံတဝန်းမှာ ဆန္ဒပြ ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းထားရတဲ့ မြစ်ဆုံစီမံကိန်းကို ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဟာ ပြန်လည်စတင်ဖို့ မကြာခဏ ပြောဆိုခဲ့သလို ပြီးခဲ့တဲ့ဒီဇင်ဘာလက ကချင်ခရီးစဉ်မှာလည်း ဒုတိယစစ်ခေါင်းဆောင်က မြစ်ဆုံစီမံကိန်းကို ပြန်လည်လုပ်ကိုင်တော့မယ်လို့ ပြောပါတယ်။
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ကွန်ဂရစ်မျက်နှာ ကျောက်ဖြည့်တမံအမျိုးအစားနဲ့ မဂ္ဂါဝပ် ၅၆၀၀ ထုတ်လုပ်နိုင်တဲ့ စီမံကိန်းအဖြစ် ပုံစံပြောင်းလဲဆောက်လုပ်မယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကော်မရှင်ဟာ ၎င်းတို့ စီမံအကောင်အထည်ဖော် ဆောင်ရွက်မယ့် စီမံကိန်းတွေကို ကန့်ကွက်ခြင်းတွေ ပြုလုပ်ပါက အဆိုပါ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို အရေးယူမယ်လို့ ၂၀၂၅၊ ဒီဇင်ဘာလ ၁၆ ရက် ကြေညာပါတယ်။




































