ဧရာဝတီ မြစ်ဆုံ – မြစ်ညာ ရေအားလျှပ်စစ်စီမံကိန်း ဖော်ဆောင်နိုင်ရေးအတွက် ဒေသခံပြည်သူတွေကို အငြိမ်းစာ ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်တဲ့ စစ်ကော်မရှင် ဝန်ကြီးအဖွဲ့တွေ မနေ့က ဖေဖော်ဝါရီလ ၂၀ ရက်က တွေ့ဆုံခဲ့ပြီး ကွင်းဆင်းစည်းရုံးဟောပြောမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီမြစ်ဆုံ – မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်တဲ့ အဆိုပါ တွေ့ဆုံပွဲကို ဒေသခံပြည်သူ ၁၄၈၀ ဦး တက်ရောက်ကြောင်း၊ စစ်ကော်မရှင်မှ လျှပ်စစ်နဲ့ စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင် ဥက္ကဌ ဖြစ်တဲ့ သမ္မတရုံး ဝန်ကြီးဌာန ၁ ဝန်ကြီး အငြိမ်းစာ ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်ပြီး စစ်ကော်မရှင်ဝန်ကြီးတွေ၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှု၊ ငလျင်နဲ့ အင်ဂျင်နီယာဘူမိဗေဒပညာရှင်တွေလည်း တက်ရောက်တယ်လို့ သိရပါတယ်။
အဆိုပါတွေ့ဆုံပွဲမှာ မြစ်ဆုံစီမံကိန်းက ထုတ်လုပ်ရရှိတဲ့ လျှပ်စစ်ဓါတ်အားတွေကို ပြည်တွင်းသုံးစွဲမှု ဖူလုံစေဖို့ အတွက်သာ ဦးစားပေးမှာဖြစ်ကြောင်း၊ ပြည်နယ်အတွင်း လိုအပ်တဲ့ လျှပ်စစ်ဓါတ်အားကို သုံးစွဲပြီး ပိုလျှံဓါတ်အားကို ပြည်မနဲ့ အခြားပြည်နယ်တွေအတွက် မျှဝေသုံးစွဲသွားမယ်လို့ အငြိမ်းစာ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောတဲ့ အကြောင်း စစ်ကော်မရှင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြစ်ဆုံစီမံကိန်းက လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးနိုင်မှုနဲ့ ရည်မှန်းချက် ထားဆောင်ရွက်မှုမှာ ၂၀၃၀ ပြည့်နှစ်မှာ ဖြစ်ပေါ်လာမယ့် စက်တပ်ဆင် အင်အား၊ ထုတ်လုပ်နိုင်မယ့် ဓါတ်အားဟာ ထုတ်လုပ်ပေးရမယ့် နှစ်စဉ် လျှပ်စစ်ဓါတ်အား လိုအပ်ချက်တို့ကို ဖြည့်ဆည်းနိုင်မယ်လို့ စစ်ကော်မရှင် ဝန်ကြီး ဦးဉာဏ်ထွန်းက ပြောပါတယ်။
ဒါကြောင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဒေသခံပြည်သူတွေက ပြည်လည်လက်ခံပြီး ဝိုင်းဝန်းပူးပေါင်းကာ ဆောင်ရွက်ပါက လျှပ်စစ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ဦးဥာဏ်ထွန်းက ပြောပါတယ်။
စီမံကိန်း ဧရိယာထဲမှာ ပါဝင်မယ့် ဒေသခံပြည်သူတွေရဲ့ နစ်နာကြေး၊ လျော်ကြေးတွေဆိုင်ရာ ကိစ္စ၊ ပြောင်းရွှေ့နေရာ ချထားမှုဆိုင်ရာတွေကိုလည်း ဆောင်ရွက်နေပြီဖြစ်တယ်လို့ စစ်ကော်မရှင်ရဲ့ စစ်အစိုးရဝန်ကြီး ဦးမင်းနောင်က ပြောပါတယ်။
အဆိုပါတွေ့ဆုံပွဲမှာ ဧရာဝတီမြစ်ဆုံ – မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မဝင်ဝင်တွေနဲ့ ဒေသခံပြည်သူတချို့ကိုလည်း ၎င်းတို့ရဲ့ သဘောထားများကို ဆွေးနွေးတယ်လို့ စစ်ကော်မရှင်ရဲ့ သတင်းစာတွေမှာဖော်ပြထားပါတယ်။
စစ်ကော်မရှင်အဖွဲ့ဝင်တွေဟာ ကချင်ပြည်နယ် ဒေသခံပြည်သူတွေအတွက် ငွေကျပ်သိန်း တစ်ထောင်တန်ဖိုးနဲ့ ညီမျှတဲ့ ဆိုလာနဲ့ လူသုံးကုန်ပစ္စည်းတွေ၊ ရုပ်သံလွှင့်စက် အစုံ ၁၀၀ တို့ကို ပေးခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီမြစ်ဆုံ – မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မဝင်ဝင်တွေနဲ့လည်း စစ်ကော်မရှင်ဝန်ကြီးတွေ ယမန်နေ့ မွန်းလွဲပိုင်းမှာ သီးသန့်တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက “မြစ်ဆုံဒေသ”ကို ကြားကာလရဲ့ သဘာဝနဲ့ ယဉ်ကျေးမှု ပေါင်းစပ်အမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း NUG အစိုးရ၊ အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့ (IBHA) က ကြေညာထားပြီး အဆိုပါဒေသမှာ စီမံကိန်းကြီးတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။
ဒါ့အပြင် မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးစီမံကိန်းဟာ ‘လုံးဝ’ မလုပ်သင့်တဲ့ စီမံကိန်းဖြစ်တယ်လို့ မြန်မာဘူမိသိပ္ပံပညာရှင်များ (Myanmar Geoscientists) ကလည်း ထုတ်ပြန်ထားပါတယ်။




































