Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

ရခိုင်က မြစ်ချောင်းအင်းအိုင်တွေမှာ ငါးနဲ့ ရေသယံဇာတ ထိန်းသိမ်းရေး အစီအမံတချို့ ULA/AA ကြေညာ

ULA/AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ထဲက မြို့ရွာဒေသတွေရှိ မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေမှာ ငါးနဲ့ ရေသယံဇာတ ထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်းချက်တွေနဲ့ပတ်သက်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ငါးလုပ်ငန်းနဲ့ ရေသယံဇာတတွေ စီမံခန့်ခွဲရေးဌာနက ၂၀၂၆ ခုနှစ်နှစ်ဆန်းပိုင်းမှာ ထုတ်ပြန်လာပါတယ်။

ရခိုင်ပြည်နယ်ထဲက ဒေသခံပြည်သူတွေအနေနဲ့ ပင်လယ်လိပ်၊ ရေဝက်၊ ငါးမန်း၊ လင်းရှူး၊ လင်းပိုင်၊ ဝေလငါး အပါအဝင် ရှားပါးရေသတ္တဝါတွေကို ဖမ်းဆီး၊ သတ်ဖြတ် ရောင်းချခြင်း မပြုလုပ်ဖို့ ULA/AA ရဲ့ အာရက္ခပြည်သူ့အစိုးရက ကန့်သတ်တားမြစ်လိုက်ပါတယ်။

အဆိပ်ချ ငါးဖမ်းဆီးခြင်း၊ ရှော့တိုက် ငါးဖမ်းဆီးခြင်း၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ အသုံးပြုပြီး ငါးဖမ်းဆီးခြင်းတွေကိုလည်း တားမြစ်လိုက်ပါတယ်။

တားမြစ်ကိရိယာ/ ငါးဖမ်းနည်းတွေနဲ့ ငါးဖမ်းဆီးခြင်း မပြုလုပ်ကြဖို့ ကန့်သတ်တားမြစ်ထားသလို ရေနေသတ္တဝါးတွေ မျိုးပွားရှင်သန်ကျက်စားရာ ဒီရေတောပင်တွေရဲ့ ဂေဟစနစ်ကို ပျက်စီးစေနိုင်တဲ့ ခုတ်ထွင်ရှင်းလင်းခြင်းတွေကိုလည်း မပြုလုပ်ကြဖို့ တားမြစ်မိန့်ထုတ်ထားပါတယ်။

အထက်ပါ တားမြစ်ချက်တွေကို ကျူးလွန်နေကြောင်း သိရှိပါက ငါးလုပ်ငန်းဥပဒေပါအတိုင်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးထားပါတယ်။

ရေနဲ့ သယံဇာတ ထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်းချက်တွေကို ULA/ AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်နဲ့ ကျေးရွာရှိ လမ်းမတွေ၊ လူစည်ကားရာ လမ်းတွေမှာ သတိပေးဆိုင်ဘုတ်တွေ ကပ်ပြီးလည်း လူထုအသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဇန်နဝါရီလ ၉ ရက်က ထုတ်ပြန်ပါတယ်။  

ULA/AA ရဲ့ အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ၊ ငါးလုပ်ငန်းနဲ့ ရေသယံဇာတတွေ စီမံခန့်ခွဲရေးဌာနက အခုလို စည်းကမ်းချက်တွေကို ချမှတ်ရတာဟာ ငါးမျိုးစိတ် ပျောက်ကွယ်ခြင်း၊ ရေသဘာဝစနစ် ပျက်စီးခြင်း၊ အနာဂါတ် စားနပ်ရိက္ခာ ပြတ်လတ်နိုင်ခြင်းနဲ့ ရေနေသတ္တဝါတွေ မျိုးသုန်းခြင်းကနေ ကာကွယ်ဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ULA/AA ဟာ ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်နယ်မှာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေက လွဲပြီး ကျန်ဒေသနဲ့ မြို့အားလုံးကို ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ လက်ရှိမှာ သိမ်းပိုက်ထားကာ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရကို ဖွဲ့စည်းပြီး အုပ်ချုပ်ရေး လုပ်ငန်းတွေနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။