Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

သန်လျင်နဲ့ သံပုရာကန် ရေနံချက်စက်ရုံတို့ကနေ တစ်နှစ် ရေနံစိမ်းတန်ချိန် ငါးသန်းထိ ချက်နိုင်ဖို့ စစ်ကော်မရှင် စီစဉ်နေ

သန်လျင်ရေနံချက်စက်ရုံ နဲ့ သံပုရာကန် ရေနံချက်စက်ရုံတို့ကနေ တစ်နှစ်ကို ရေနံစိမ်းတန်ချိန် ငါးသန်းအထိ ချက်လုပ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ စွမ်းအင်ဝန်ကြီးဌာနက မနေ့ ဇန်နဝါရီလ ၂၁ ရက်က ထုတ်ပြန်ပါတယ်။

သန်လျင်ရေနံချက် စက်ရုံစီမံကိန်းအတွင်း စက်ရုံသစ် တည်ဆောက်နေပြီး သတ်မှတ်အချိန်ကာလထဲ ပြီးစီးရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိဆောင်ရွက်နေတဲ့ စီမံကိန်းတွေ ပြီးစီးပါက စီမံကိန်း အပိုင်း ၂ ကို တစ်နှစ်မှာ ရေနံစိမ်း တန်ချိန် ၃ သန်း ချက်လုပ်နိုင်တဲ့ ရေနံချက်စက်ရုံအဖြစ် သန်လျင်ရေနံချက်စက်ရုံတွေ စီမံကိန်းကို ၂၀၂၈ ခုနှစ်အတွင်း အပြီးတည်ဆောက်သွားနိုင်ဖို့ အစီအမံတွေ ချမှတ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

သန်လျင်ရေနံချက်စက်ရုံးစီမံကိန်းထဲမှာ ရေနံချက်လုပ်ရာကနေ ဘေးထွက်ပစ္စည်းအဖြစ် ထွက်ရှိလာမယ့် ကာဗွန်ဒိုင် အောက်ဆိုဒ်တွေကို ဖမ်းယူပြီး ရေခဲခြောက် (Dry Ice) တွေ ထုတ်လုပ်နိုင်ဖို့လည်း စီမံ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း ၁ အဖြစ် တစ်နှစ်မှာ ရေနံစိမ်းတန်ချိန် ငါးသိန်း ချက်လုပ်နိုင်ရေး အကောင်အထည်ဖော်ထားတယ်လို့ သိရပါတယ်။

အလားတူ ရေနံစိမ်းတန်ချိန် ၂ သန်း ချက်လုပ်နိုင်မယ့် သံပုရာကန် ရေနံချက်စက်ရုံ စီမံကိန်းနဲ့ တိုးချဲ့ရေးကိုလည်း တရုတ်နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီနဲ့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေပြီး လိုအပ်တဲ့ ရေနံစိမ်းတွေကို တရုတ်- မြန်မာ ရေနံစိမ်းပိုက်လိုင်းကနေ ရယူဆောင်ရွက်မယ်လို့ သိရပါတယ်။

အဲဒီစီမံကိန်းတွေ ပြီးစီးပါက ပြည်တွင်းစက်မောင်းဆီ လိုအပ်ချက်ကို ဖူလုံစွာ ဖြည့်ဆည်းပေးနိုင်မယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က မနေ့က ပြောပါတယ်။

သံပုရာကန်ရေနံချက်စက်ရုံဟာ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်ထဲမှာ တည်ရှိပြီး လက်ရှိမှာ အဆိုပါ ရေနံချက် စက်ရုံစီမံကိန်းကနေ ရေနံစိမ်း တစ်နှစ်ကို တန်ချိန် ၂ သန်း ချက်လုပ်နိုင်ရေးအတွက် တရုတ်ကုမ္ပဏီ Sino-pipeline International (SPI) နဲ့ စစ်ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

သံပုရာကန် ရေနံချက်စက်ရုံဟာ ပြည်တွင်း ရေနံချက်စက်ရုံတွေအနက် အဓိကစက်ရုံတစ်ခု ဖြစ်ပြီး လေယာဉ်ဆီ၊ ဓာတ်ဆီ၊ မီးထိုးဆီ၊ ရေနံမီးသွေးနဲ့ ရေနံဓာတ်ငွေ့ရည်တို့ကို ထုတ်လုပ်ပေးတယ်လို့ သိရပါတယ်။

Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး