Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

အာဏာသိမ်းမှုအလွန် ကချင်မှာ မြေရှားသတ္တုလုပ်ကွက်တွေ သုံးဆခန့်တိုးမြင့်သွား

အာဏာသိမ်းမှုအလွန် ၄ နှစ်နီးပါးအတွင်း ကချင်ပြည်နယ်ထဲမှာ မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တွေ သုံးဆဝန်းကျင် တိုးမြင့်သွားတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်၊ ချီဖွေနဲ့ မိုးမောက်မြို့နယ်တွေဟာ မြေရှားသတ္တုအဓိက တူးဖော်နေတဲ့ ဒေသတွေဖြစ်ပြီး အဲဒီမြို့နယ် ၂ ခုမှာ လုပ်ကွက်ပေါင်း ၃၇၀ ထက်မနည်း ရှိနေကာ မြေရှားသတ္တုပျော်ရည်စုဆောင်းတဲ့ ကန်ပေါင်း ၂၇၀၀ ထက်မနည်း ရှိနေတယ်လို့ ISP – မြန်မာက မတ်လ ၂၇ ရက်မှာ လေ့လာတွေ့ရှိမှုကို ဖော်ပြထားပါတယ်။

အဲဒီလုပ်ကွက်ပေါင်း ၃၇၀ ရဲ့ အကျယ်အဝန်းဟာ စင်ကာပူနိုင်ငံထက် ပိုပြီး ကြီးမားတယ်လို့ နှိုင်းယှဉ်ပြထားပါတယ်။

ချီဖွေမြို့နယ်ဟာ မြေရှားတူးဖော်မှု အများဆုံးဒေသဖြစ်ပြီး လုပ်ကွက်ပေါင်း ၃၅၀ ထက်မနည်းနဲ့ သတ္တုပျော်ရည် စုဆောင်းကန်ပေါင်း ၂၅၀၀ ထက်မနည်း ရှိနေပြီး ကျန်လုပ်ကွက်တွေက မိုးမောက်မြို့နယ်ထဲ ရှိပါတယ်။

၂၀၁၃ ကနေ ၂၀၂၄ ခုနှစ်အထိ ပေါ်ပေါက်လာတဲ့ မြေရှားလုပ်ကွက်ပေါင်း ၃၇၀ ထက်မနည်း ရှိတာမှာ လုပ်ကွက်ပေါင်း ၂၄၀ ကျော် (၆၆ ရာခိုင်နှုန်း)ဟာ အာဏာသိမ်းမှုအလွန် ၄ နှစ်နီးပါးမှာ အသစ်တိုးမြှင့် ပေါ်ထွန်းလာတာလို့ ISP က ဆိုပါတယ်။

ဒါ့အပြင် ချီဖွေနဲ့ မိုးမောက်မြို့နယ်ထဲက မြေရှားသတ္တု ပျော်ရည်စုဆောင်းတဲ့ ကန်ပေါင်း ၁၅၀၀ ထက်မနည်းဟာ အာဏာသိမ်းမှုအလွန်မှ အသစ်တိုးလာတာဖြစ်တယ်လို့ဆိုပါတယ်။

၂၀၁၇ မှ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို မြေရှားသတ္တု တင်မို့မှုဟာ အမေရိကန်ဒေါ်လာ ၄. ၂ ဘီလီယံကျော် ရှိခဲ့ပြီး အဲဒီထဲက ၃.၆ ဘီလီယံခန့်ဟာ အာဏာသိမ်းမှုအလွန် ၄ နှစ်နီးပါးမှာ တင်ပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီပမာဏာဟာ အာဏာမသိမ်းမီ ကာလတူ တင်ပို့မှုထက် ငါးဆ တိုးလာတာဖြစ်တယ်လို့ ISP – မြန်မာက ဆိုပါတယ်။

၂၀၁၇ မှ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပကနေ တရုတ်နိုင်ငံကို နှစ်စဉ်မြေရှားသတ္တု တင်သွင်းမှု တန်ချိန်စုစုပေါင်းရဲ့ သုံးပုံ နှစ်ပုံနီးပါးဟာ မြန်မာနိုင်ငံက ဖြစ်ပြီး အဲဒီကာလအတွင်း မြေရှားသတ္တုတန်ချိန် စုစုပေါင်း ၂၉၀,၀၀၀ ကျော် တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲက တန်ချိန် ၁၇၀,၀၀၀ ကျော်ကို အာဏာသိမ်းမှုအလွန် ၄ နှစ်နီးပါးကာလအတွင်း တင်ပို့ခဲ့တာဖြစ်ပြီး ဒီပမာဏဟာ အီဖယ်တာဝါ ၂၃ ခုစာလောက်ရဲ့ တန်ချိန်နဲ့ ညီမျှတယ်လို့ ISP – မြန်မာက နှိုင်းယှဉ်ပြပါတယ်။

လက်ရှိမှာ မံစီနဲ့ ဆော့လော်မြို့နယ်တွေမှာလည်း စမ်းသပ်တူးဖော်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

နည်းပညာမြှင့် ထုတ်ကုန်တွေဖြစ်တဲ့ စမတ်ဖုန်း၊ ကွန်ပျူတာနဲ့ လျှပ်စစ်ကားတွေက စလို့ စစ်ဘက်ဆိုင်ရာ နည်းပညာမြင့်ထုတ်ကုန်တွေအထိ မြေရှားသတ္တုကုန်ကြမ်းတွေ ပါဝင်နေပြီး မြေရှားသတ္တုကို အများဆုံး ထုတ်လုပ်နေတဲ့ နိုင်ငံတွေထဲ မြန်မာနိုင်ငံပါဝင်နေကာ ကမ္ဘာ့ထုတ်လုပ်မှု ထက်ဝက်ခန့် ရှိနေတယ်လို့ သိရပါတယ်။

Click to comment