Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ယဉ်ကျေးမှု

ပုဂံရှေးဟောင်းဘုရား တစ်ဆူ ထပ်မံပြိုကျပျက်စီး

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်းဘုရား တစ်ဆူဖြစ်တဲ့ ဆုတောင်းပြည့် ဘုရားဟာ မိုးရွာသွန်းမှုကြောင့် ထပ်မံပြိုကျခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေထဲက တောင်ဘီကျေးရွာ အနောက်ဘက် ရွှေကွန်ချာ ဘုရားအနီးရှိ အမှတ် ၁၉၈၃ ဆုတောင်းပြည့်ဘုရားဟာ စက်တင်ဘာလ ၂၁ ရက်က တိုက်မမြောက်ဘက် နံရံပြိုကျခဲ့ပြီးနောက် တိုက်မအထက်ရှိ ကွမ်းတောင်နဲ့ အထွဋ်စေတီတို့ ပြိုကျပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဆုတောင်းပြည့်ဘုရားဟာ စက်တင်ဘာလ ၁၆ ရက်က အက်ကွဲကြောင်းတွေ တွေ့ရှိရတဲ့အတွက် မိုးရေမဝင်စေဖို့ အင်္ဂတေလောင်းခြင်း၊ မိုးကာအုပ်ခြင်းတွေ ဆောင်ရွက်ခဲ့ပေမယ့် အက်ကွဲကြောင်းတွေ ပိုမိုကြီးလာတဲ့အတွက် စက်တင်ဘာလ ၂၁ ရက်မှာ သံပိုက်တွေနဲ့ ထောင်တွေ ထောင်ခြင်း၊ ချုပ်တန်းတွေ ပြုလုပ်ခြင်း စတင်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို အရေးပေါ်ဆောင်ရွက်မှုတွေ မပြီးစီးမှီပင် စက်တင်ဘာလ ၂၁ ရက် ညပိုင်းမှာ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပြီး ပြိုကျပျက်စီးမှုဟာ ၄၀ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလအတွင်း စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်းဘုရားတွေဖြစ်တဲ့ ဘုရားအမှတ် ၁၀၄၂ ဆင်းကဘုရား၊ ငှက်ပစ်တောင်ပေါ်က ဘုရားအမှတ် ၁၆၇ စေတီကြီးဘုရားနဲ့ ဘုရားအမှတ် ၁၉၂၀ စေတီ၊ ဘုရားအမှတ် ၁၇၃၇ နဲ့ ဘုရားအမှတ် ၈၃၃ သမုတိဘုရားစေတီအပါအဝင် ဘုရားစေတီတွေနဲ့ ဘာသာရေးအဆောက်အဦးတချို့လည်း ပျက်စီးခဲ့ပါတယ်။

စက်တင်ဘာလ ၁၂ ရက်က မိုးရေချိန်လက်မ ၈.၅၁ (၂၁၆ မီလီမီတာ) နဲ့ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုဟာ နှစ်ပေါင်း ၆၀ ကျော်အတွင်း ညောင်ဦးမြို့မှာ မိုးရေချိန် စံချိန်သစ် တင်ခဲ့တာဖြစ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဓါတ်ပုံ – MOI

Click to comment