ကိုးကန့်တပ်(MNDAA)ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်ထဲ ရေအားလျှပ်စစ်စီမံကိန်းတစ်ခုကို တည်ဆောက် နေတယ်လို့ သိရပါတယ်။
အဆိုပါ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းခွင်ကို မတ်လ ၁၆ ရက်က ကိုးကန့်တပ် (MNDAA) မှ သိန္နီခရိုင်ပါတီကော်မတီအတွင်းရေးမှူး Mr. Peng Xin Qiang ဦးဆောင်တဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ စီမံကိန်း တိုးတက်မှု အခြေအနေကို စစ်ဆေးခဲ့တယ်လို့ ကိုးကန့်သတင်း (The Kokang) က ဓါတ်ပုံနဲ့တကွ ဖော်ပြပါတယ်။
ကိုးကန့်တပ်(MNDAA)က ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ခိုက်သိမ်းယူခဲ့တဲ့ သိန္နီမြို့နယ်ထဲမှာ ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်နေတဲ့အကြောင်း သိန္နီကို ကိုးကန့်အထူးဒေသ ၁ ဖွဲ့စည်းပုံထဲ ထည့်သွင်းအုပ်ချုပ်ပြီး ၂ နှစ်ဝန်းကျင်မှာ ထွက်ပေါ်တာခြင်းဖြစ်ပါတယ်။
အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းဟာ သိန္နီခရိုင်တစ်ခုလုံးရဲ့ စွမ်းအင်ဖူလုံရေး၊ ပြည်သူ့လူနေမှု ဘဝ မြှင့်တင်ရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရေးပါတယ်လို့ အဆိုပါပါတီကော်မတီ အတွင်းရေးမှူး Mr. Peng Xin Qiang က ပြောကြောင်း သိရပါတယ်။

အရေးကြီးတဲ့ ပြည်သူ့အကျိုးပြုစီမံကိန်းအဖြစ် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် တည်ဆောက်ရေး လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ရန် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အဆိုပါ စီမံကိန်းရဲ့ တာဝန်ခံတွေက လုပ်ငန်းတိုးတက်မှု၊ အရည်အသွေးထိန်းချုပ်မှု၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ လိုအပ်ချက်တွေအပေါ် တင်ပြင်ချက်တွေကို Mr. Peng Xin Qiang နဲ့အဖွဲ့က နားထောင်ပြီး လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအတွက် ညှိနှိုင်းဖြေရှင်းပေးခဲ့တယ်လို့ သိရပါတယ်။
သိန္နီမြို့နယ်ထဲက ရေအားလျှပ်စစ်စီံမံကိန်းနဲ့ပတ်သက်လို့ စီမံကိန်း နာမည်နဲ့ နေရာတွေအပါအဝင် ဘယ်ကုမ္ပဏီတွေက လုပ်ပိုင်ခွင့် ရပြီး တည်ဆောက်နေတယ်ဆိုတာမျိုး အသေးစိတ်တော့ မသိရှိရသေးပါဘူး။









































