Connect with us

Hi, what are you looking for?

သတင်း

NUG အစိုးရက သစ်တောဧရိယာဟတ်တာ ၁ သန်းကျော်ကို စောင့်ကြည့်ကြပ်မတ်နေ

စစ်အာဏာရှင် တော်လှန်ရေးကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ Forest Trends နဲ့ ပူးပေါင်းပြီး မြန်မာ့ကာကွယ်ထားတဲ့ သစ်တောဧရိယာ ဟတ်တာ ၁ သန်းကျော်ကို စောင့်ကြည့်ကြပ်မတ်နေတယ်လို့ သိရပါတယ်။

မြန်မာမှာ တရားမဝင်စစ်အာဏာသိမ်းမှုကြောင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် NUG အစိုးရဟာ Forest Trends နဲ့ ပူးပေါင်းပြီး ဂြိုလ်တုသတိပေးချက်တွေနဲ့ ဒေသခံအရာရှိတွေရဲ့ ကွင်းဆင်း စုံစမ်းစစ်ဆေးမှုတွေကို အသုံးပြုကာ ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနားမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထုတ်ဖော်ပြောခြင်းဖြစ်ပါတယ်။

၂၀၂၄ မှ ၂၀၂၅ ခုနှစ် ကိုးလတာအတွင်း သစ်တောပြုန်းတီးမှုဆိုင်ရာ သတိပေးချက်ပေါင်း ၅၅, ၃၄၀ ခုကို ထောက်လှမ်း တွေ့ရှိခဲ့ပြီး နေရာပေါင်း ၂၀၉ ခုကို စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ တရားမဝင် သတ္တုတူးဖော်ရေး လုပ်ငန်းတွေ ပိတ်သိမ်းခြင်းနဲ့ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း အပါအဝင် အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

၂၀၂၁ အာဏာသိမ်းမှုကြောင့် မြန်မာမှာ တရားဥပဒေ စိုးမိုးရေးနဲ့ သစ်တောသယံဇာတအပေါ် အရပ်သားအစိုးရက ကြီးကြပ်စီမံခန့်ခွဲခွင့် ပြိုလဲသွားပြီး စစ်အုပ်စုဟာ တရားမဝင် သစ်မှောင်ခိုစီးဆင်းမှုကနေ အကျိုးအမြတ်တွေ ရရှိနေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ သစ်တောပြုန်းတီးမှုနဲ့ နိုင်ငံ့သယံဇာတတွေ တရားမဝင် ထုတ်ယူမှု ပြုလုပ်တဲ့အပြင် ရွာတွေ၊ လယ်ယာမြေနဲ့ သီးပင်၊ စားပင်တွေကို ရည်ရွယ်ချက် ရှိရှိ မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်နေတယ်လို့လည်း သံအမတ်ကြီးက ထည့်သွင်းပြောပါတယ်။

မြန်မာ့သစ်တောတွေ ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့တဲ့ ပင်မစီးပွားရေးစနစ်အဖြစ် ထားရှိနိုင်ဖို့အတွက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်ချဲ့ထွင်ဖို့ လိုအပ်နေတယ်လို့ အလေးပေး ပြောကြားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံအဆင့်မှ စတင်ပြောင်းလဲနိုင်ရေးအတွက် ပြည်သူလူထုဟာ နိုင်ငံတကာအသိုင်းအဝန်းနဲ့ ကုလသမဂ္ဂတို့ရဲ့ ခိုင်မာထိရောက်တဲ့ ပံ့ပိုးကူညီမှုကိုလည်း လိုအပ်နေတယ်လို့ သံအမတ်ကြီးက အသိပေးပါတယ်။

မြန်မာနိုင်ငံရဲ့ စုစုပေါင်းမြေဧရိယာ ၄၂ ရာခိုင်နှုန်းကျော်ဟာ သစ်တောသယံဇာတတွေ ဖုံးလွှမ်းလျက်ရှိပြီး ယခင်က ၇၀ ရာခိုင်နှုန်းကျော်အထိ ဖုံးလွှမ်းမှု ရှိခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၁ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာသစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနားကို ကုလသမဂ္ဂ၊ စီးပွားရေးနဲ့ လူမှုရေးရာဌာန (DESA) နဲ့ ကုလသမဂ္ဂသစ်တောများဆိုင်ရာဖိုရမ် (UNFF) တို့က မတ်လ ၂၄ ရက်မှာ ပူးပေါင်း ကျင်းပရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ပြီး မိန့်ခွန်း ပြောကြာတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – NUG

သတင်း

ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တွေထဲက တစ်ခုအပါအဝင် ဖြစ်လာနိုင်တဲ့ တနင်္သာရီကမ်းလွန်က M-15 လုပ်ကွက်ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စတင်တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရက  ထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးမြတ်ကိုနဲ့ CFG Energy Pte., Ltd....