Connect with us

Hi, what are you looking for?

သတင်း

သဘာဝပတ်ဝန်းကျင် ပျက်စီးလာခြင်းကို အရေးယူရန် ကရင်အရပ်ဖက်အဖွဲ့တွေ တောင်းဆို

မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာခြင်းနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ရန် ကြားကာလ တိုင်းရင်းသား အုပ်ချုပ်ရေးအစိုးရနဲ့ ကောင်စီတွေ၊ အစုအဖွဲ့တွေ၊ နိုင်ငံတကာအစိုးရတွေ၊ ကုလသမဂ္ဂ အေဂျင်စီတွေ၊ ရင်းနှီးမြုပ်နှံသူတွေနဲ့ ပညာရှင်တွေကို KRW နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့ (KRW) ၊ ဌာနေကရင်တိုင်းရင်းသားတွေ၊ ကရင်အရပ်ဘက် လူမှုအဖွဲ့ အစည်းတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက မတ်လ ၁၄ ရက်က ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့နဲ့ ရေကာတာ ဆန့်ကျင်ရေးနေ့”မှာ စုပေါင်းကြေညာချက် ထုတ်ပြီး တောင်းဆိုခဲ့တာပါ။

မြစ်ချောင်းတွေကို ညစ်ညမ်းစေတဲ့ သတ္တုတူးဖော်ခြင်း လုပ်ငန်းတွေကို ပြင်းထန်စွာ ကန့်ကွက်ပြီး မြစ်ချောင်းတွေ လွတ်လပ် သန့်ရှင်းစွာ စီးဆင်းနိုင်ဖို့အတွက် သဘာဝပတ်ဝန်းကျင် ဖျက်စီးနေသူတွေကို ရပ်တန့်ရန်လည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် မြစ်ဆုံရေကာတာ တည်ဆောက်ရန်အတွက် ပြန်လည် လုပ်ဆောင်ရန် ကြိုးစားလာမှုဟာ ပြည်သူလူထုရဲ့ သဘောဆန္ဒထက် စစ်အာဏာရှင်ရဲ့ အကျိုးစီးပွားအတွက်သာ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အရှေ့တောင်အာရှမှာ လွတ်လပ်စွာ စီးဆင်းနေတဲ့ နိုင်ငံတကာမြစ်တစ်စင်းဖြစ်တဲ့ သံလွင်မြစ်ရဲ့ အနာဂါတ်ဟာလည်း အထူးစိုးရိမ်စရာ ကိစ္စတစ်ခု ဖြစ်လာနေပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်း မရှိပါက မြစ်အောက်ပိုင်းရှိ ဂေဟစနစ်တွေနဲ့ လူထုရဲ့ကျန်းမာရေးကို ဆိုးဝါးစွာ သက်ရောက်လာတောမှာ ဖြစ်တယ်လို့ WRG က သတိပေး ထုတ်ပြန်ပါတယ်။

ကြားကာလ တိုင်းရင်းသား အုပ်ချုပ်ရေး အစိုးရနဲ့ ကောင်စီတွေ၊ အစုအဖွဲ့တွေကိုလည်း ဖက်ဒရယ်စနစ် အကောင်အထည်ဖော်နေစဉ် တိုင်းရင်းသားဒေသတွေမှာ သယံဇာတ ထုတ်ယူမှုနဲ့ ရေကာတာ တည်ဆောက်ရန် စီစဉ်နေမှုများကို ရပ်ဆိုင်းထားရန်၊ မြစ်ချောင်းတွေနဲ့ သယံဇာတတွေ ပိုင်ဆိုင်ခွင့်၊ ထိန်းသိမ်းကာကွယ်ခွင့်နဲ့ စီမံခန့်ခွဲပိုင်ခွင့်၊ ဆုံးဖြတ်ချက်ချပိုင်ခွင့်၊ အကျိုးအမြတ် ခံစားခွင့်တို့ကို အလေးထား ကျင့်သုံးတဲ့ ဖက်ဒရယ်စနစ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒတွေ ရေးဆွဲရန်တို့ကို တောင်းဆိုထားပါတယ်။

ဒါ့အပြင် သယံဇာတ အလွန်အကျွံ ထုတ်ယူခြင်းကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုနဲ့ လူမှုဘဝ ထိခိုက်မှုတွေကို အရေးယူ ဆောင်ရွက်ရာမှာ နိုင်ငံတကာနဲ့ သက်ဆိုင်သူတွေကို မိမိတို့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းမှု ပြုလုပ်ရန်နှင့် ဌာနေလူထုရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ မြေယာထိန်းသိမ်း စောင့်ရှောက်မှုဆိုင်ရာ ရိုးရာဓလေ့ ထုံးတမ်းတွေကို မြှင့်တင်ပေးဖို့နဲ့ အသိအမှတ်ပြု ကာကွယ်မှု လုပ်ဆောင်ရန်တို့ကိုလည်း တောင်းဆိုပါတယ်။

NUG အစိုးရထံကိုလည်း စစ်အာဏာသိမ်းကာလ သယံဇာတ အလွန်အကျွံထုတ်ယူခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုနဲ့ လူမှုဘဝထိခိုက်မှုတွေကို နိုင်ငံတကာနဲ့ သက်ဆိုင်သူတွေက အရေးယူမှု လုပ်ဆောင်ရန် တိုက်တွန်းခြင်းအပါအဝင် အချက် ၂ ချက်ကို ဆောင်ရွက်ရန် တောင်းဆိုထားပါတယ်။

အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းထံကိုလည်း သယံဇာတ အလွန်အကျွံ ထုတ်ယူခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနဲ့ လူမှုဘဝထိခိုက်မှုတွေကို တိုင်းရင်းသား အုပ်ချုပ်ရေးအစိုးရတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အရေးယူမှုများ လုပ်ဆောင်ရန်၊ နယ်စပ်ဖြတ်ကျော်မြစ်တွေကို ကာကွယ်ရာမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ နယ်စပ်ဖြတ်ကျော် ရေအရင်းအမြစ် မူဝါဒများ ရေးဆွဲရန်အပါအဝင် အချက် ၄ ချက်တို့ကို KEW က တောင်းဆိုထားပါတယ်။

မတ်လ ၁၄ ရက် ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့နှင့် ရေကာတာဆန့်ကျင်ရေးနေ့ အခမ်းအနားကို ကော်သူးလေ၊ မူတြော်ခရိုင် Salween Peace Park ရှိ သံလွင်မြစ်ကမ်းဘေးမှာ KESAN, KWO, KORD, KSNG, FTUK နှင့် KYO တို့ ပူးပေါင်း ကျင်းပခဲ့ရာ လူပေါင်း ၃၀၀ ခန့် တက်ရောက်တယ်လို့ Karen Youth Organization – KYO က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေနဲ့ ရေနံသယံဇာတတွေကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရတို့ ပူးတွဲပြီး “မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီလ ၃ ရက်မှာ NUG...