Myanmar Nature သတင်းဌာန၏ အယ်ဒီတာ့ထံ ပေးစာ/ပြန်စာကို တရားဝင်မိတ်ဆက်ရင်း အများပြည်သူအနေဖြင့် “ပေးစာ”များ စတင်ပေးပို့နိုင်ပါကြောင်း ကြေညာလိုပါသည်။ အယ်ဒီတာ့ထံ ပေးစာ/ပြန်စာတွင် “လူထုဟစ်တိုင်” နှင့် “ချစ်သော …ဤရေမြေတောတောင်” ဟူ၍ ကဏ္ဍနှစ်ခု ခွဲခြားထားပြီး ပေးပို့လာသော ပေးစာ/ပြန်စာများကို သက်ဆိုင်ရာ ကဏ္ဍခေါင်းစဉ်အောက်၌ တင်ဆက်သွားပါမည်။
မြန်မာလူထုသို့ Myanmar Nature ၏ မူဝါဒများကို အကောင်အထည်ဖော်ရာတွင် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းက ကျယ်ပြန်စွာ လက်လှမ်းမီ ဆောင်ရွက်ခြင်းမှာ အကန့်အသတ် ရှိသည်ဟူ၍ ယုံကြည်သည့်အတွက် သတင်းဌာန၏ အများပြည်သူ ဝန်ဆောင်မှုနှင့် မတရားမှုကို ဖော်ထုတ်ရာတွင် “လူထုနှင့်အတူ”၊ “လူထုအား” ဖြင့် ဆောင်ရွက်သွား မည်ဖြစ်ခြင်းကြောင့် လူထုနှင့် အနီးကပ်ဆုံး နေရာမှာ တည်ရှိဆက်နွှယ်နိုင်ရေးအတွက် ပလက်ဖောင်းဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်ထားသည်။
Myanmar Nature ကို ဦးဆောင်နေသော လူငယ်များသည် မတရားမှုများ၊ လူထု၏ နစ်နာမှုများနှင့် ပတ်သက်၍ တော်လှန်ဆန္ဒပြခဲ့ကြသော ၈၈ အရေးတော်ပုံနှင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးများကို ကိုယ်တိုင်မျက်တွေ့ မကြုံခဲ့ရသော်လည်း စာပေများမှ တစ်ဆင့် ခံစားနားလည်မိသည်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနှင့် နွေဦးတော်လှန်ရေးတွင်မူ ကိုယ်တိုင်ကြုံတွေ့ ခံစားရသောကြောင့် လူထုတော်လှန်ရေး၏ “အား”ကို နားလည် ယုံကြည်ပြီး ကိုင်စွဲသွားမည်ဖြစ်သည်။
မြန်မာလူထုအတွက် သတင်းအချက်အလက် ပေးခြင်း၊ အသိပညာပေးခြင်း၊ ဖျော်ဖြေခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းတို့ကို လုပ်ဆောင်ရာတွင် “လူထုနှင့် အား” ဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်လျှင် ပိုမိုခရီးတွင်မည်ဟု ယုံကြည်သည်။
အယ်ဒီတာ့ထံ ပေးစာ/ ပြန်စာ၏ ကဏ္ဍနှစ်ခုအကြောင်းကို ရှင်းပြလိုပါသည်။ “လူထုဟစ်တိုင်” ကဏ္ဍသည် ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်နယ်ပယ်၊ ရာသီဥတုပြောင်းလဲ လာမှုနယ်ပယ်၊ ယဉ်ကျေးမှုနယ်ပယ်နှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုနယ်ပယ်တွင် လူတစ်ဦး သို့မဟုတ် အဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့များက မတရားမှုများကို လုပ်ဆောင်နေလျှင် ဒေသခံပြည်သူများအနေဖြင့် ပြည်တွင်း၊ ပြည်ပ လူအများနှင့် သက်ဆိုင်ရာဌာနများက သတိမူ သိရှိလာစေရန်၊ မှတ်တမ်း တင်နိုင်ရန်၊ အရေးယူမှု ဆောင်ရွက်လာစေရန် ဖော်ပြနိုင်ရေးဖြစ်ပါသည်။
“ချစ်သော … ဤရေမြေတောတောင်” ကဏ္ဍသည် လူတစ်ဦး၊ တစ်ယောက်ချင်းစီက Myanmar Nature မှ အဓိက ဦးတည်ထားသော နယ်ပယ်လေးခုအတွင်း အကျုံးဝင်သော ခံစားမှု၊ ခံယူချက်၊ အိုင်ဒီယာအသစ်၊ အတွေးအမြင်နှင့် ချစ်ခြင်းမေတ္တာအကြောင်းခြင်းရာများကို လွတ်လပ်စွာ ရေးဖွဲ့၊ ပေးပို့နိုင်ပြီး လူအများထံ တင်ပြနိုင်ရေးနှင့် တခြားလူများ၏ အမြင်များနှင့် ဖလှယ်နိုင်ရေးအတွက် ရည်ရွယ်သည်။ Myanmar Nature ၏ နယ်ပယ်များနှင့် ပတ်သက်၍ မတရားမှုများကို ဖော်ထုတ်နိုင်ရေးအတွက်သာမက မိမိက တရားသည်ဟူ၍ ယူဆသည့်၊ တခြားကို မထိခိုက်စေသည့် ၊ ချစ်ခြင်းမေတ္တာများကို မတူညီသော ရှုထောင့်မှ လွယ်ကူစွာ ရေးသားတင်ပြနိုင်ရေးဖြစ်သည်။
အယ်ဒီတာ့ထံ ပေးစာ/ ပြန်စာသည် မတရားမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသော လူထုနှင့် ဒေသ၏ အသံများ၊ အကြောင်းခြင်းရာများ၊ လူမသိ သူမသိသော အိုင်ဒီယာများနှင့် ဖုံးကွယ်ထားရသည့် ချစ်ခြင်းမေတ္တာများကို လူထုထံ ကျယ်ပြန်စွာ သိရှိ၊ မှတ်တမ်းတင်နိုင်ရေးအတွက် ပလက်ဖောင်တစ်ခု ဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါသည်။
ပေးစာ/ ပြန်စာနှင့်ပတ်သက်၍ မြန်မာစာပေတွင် လူထုဦးလှနှင့် လူထုဒေါ်အမာတို့၏ စာများသည် အထူးထင်ရှားလှပြီး ၎င်းတို့၏ စာပေများကို ဖတ်ရှုရင်း Myanmar Nature အတွက် စီလျော်အောင် ဖန်တီးထားသော အိုင်ဒီယာတစ်ခု ဖြစ်ပေါ်လာခြင်းကို ဝန်ခံပါသည်။
Myanmar Nature သည် အယ်ဒီတာ့ထံ ပေးစာ/ပြန်စာကဏ္ဍကို တရားဝင်မိတ်ဆက်လိုက်ပြီးဖြစ်၍ လွတ်လပ်စွာ ပေးပို့နိုင်ပါကြောင်း ထပ်မံ အသိပေးကြေညာပါသည်။ ပေးစာ/ ပြန်စာများထဲမှ Myanmar Nature ၏ မူဝါဒနှင့် ကိုက်ညီသော စာများကို တင်ဆက်နိုင်ရေး ကြိုးစားပါမည်ဖြစ်ကြောင်း နှိုးဆော်အသိပေးရင်း နိဂုံးချုပ်ပါသည်။









































