စာရေးသူ – ဒေါက်တာလွင်လွင်ဝေ
ရာသီဥတုဆိုင်ရာတရားမျှတမှုကို မဆွေးနွေးခင်မှာ ရာသီဥတုပြောင်းလဲမှု အကြောင်းကို ဦးစွာ ဆွေးနွေးလိုပါတယ်။ ရာသီဥတုပြောင်းလဲမှုကို အတည် ပြုရန်အတွက် ကမ္ဘာမျက်နှာပြင်အပူချိန် (global surface temperature) ကို နှစ်ပေါင်းများစွာ စောင့်ကြည့်လေ့လာရပါတယ်။ ထိုမှတစ်ဆင့် ဆယ်စုနှစ် အလိုက် ပျမ်းမျှအပူချိန်တိုးမြင့်လာခြင်းနှင့် ရာသီဥတုလည်ပတ်မှုပုံစံများ ပြောင်းလဲလာခြင်းကို သိပ္ပံနည်းကျ ဆန်းစစ်အကဲဖြတ်မှုများ ဆောင်ရွက်ရပါ တယ်။
ဘာကြောင့် ရာသီဥတုပြောင်းလဲရပါသလဲ။
ရာသီဥတုဆိုင်ရာ သိပ္ပံ သဘောအရ လေထုထဲတွင် ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့များ တိုးပွားလာမှု ကြောင့် ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာခြင်းကို ဖြစ်စေပါတယ်။ ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့များတွင် ကာဗွန် ဒိုင်အောက်ဆိုဒ် (Carbon Dioxide)၊ မီသိန်း (Methane)၊ သေးငယ်သော ဒြပ်အမှုန် (Particulate Matter)၊ အိုဇုန်း (Ozone)၊ နိုက်ဒရတ်အောက်ဆိုဒ် (Nitrous oxide) နှင့် ဖလိုရင်းပါသော ဒြပ်ပေါင်း (Fluorinated compounds) တို့ ပါဝင်ပါတယ်။
ဆွီဒင်ဓာတုဗေဒပညာရှင် Svante Arrhenius မှ သဘာဝဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့များ တိုးမြင့်လာခြင်းသည် စက်မှု တော်လှန်ရေး ခေတ်ကာလ ကျောက်မီးသွေးမီးရှို့ခြင်းကြောင့် ဖြစ်သည်ဟု ၁၈၉၆ခုနှစ်ကတည်းက ကောက်ချက်ချခဲ့ပါ တယ်။ ရာသီဥတုပြောင်းလဲခြင်းနှင့် ပတ်သက်ပြီး အချို့သော ပညာရှင်များက ကမ္ဘာကြီးပူခြင်း၊ အေးခြင်းသည် ပုံမှန် သဘာဝဖြစ်စဥ်သာ ဖြစ်ကြောင်း အငြင်းပွားမှုများ ရှိခဲ့ပါတယ်။ သို့သော် ၁၉၇၅ ခုနှစ်တွင် အမေရိကန် သိပ္ပံပညာရှင် Wallace Broecker က “ကမ္ဘာ့ပူနွေးလာမှု” ဆိုသည့် စာတမ်းခေါင်းစဉ်ဖြင့် သိပ္ပံနည်းကျ လေ့လာချက်များကို အများသူငှာ သိရှိအောင် ရေးသားခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ၈နှစ်ခြား ကမ္ဘာ့မျက်နှာပြင် အပူချိန်အား တိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး ၎င်းမှတ်တမ်းများအရ အပူချိန် တဖြည်းဖြည်း မြင့်တက်လာကြောင်း သိပ္ပံပညာရှင်များမှ သက်သေပြခဲ့ကြ ပါတယ်။
ထိုသို့ ကမ္ဘာကြီးပူနွေးလာရာမှ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ ရေခဲမြစ်များ အရည်ပျော်ခြင်းနှင့် ရေငွေ့ပျံမှု များပြားလာခြင်း စသည့် ဖြစ်စဥ်များသည် ရာသီဥတုစနစ် (climate system) နှင့် ဆက်နွယ်မှုများ ရှိပါတယ်။ ထိုမှ တစ်ဆင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မုန်တိုင်း ကျရောက်ခြင်း၊ အလွန်အမင်း ခြောက်သွေ့ခြင်းနှင့် မိုးတွင်းကာလတိုခြင်း ကဲ့သို့သော ရာသီစက်ဝန်းပုံစံ မမှန်ခြင်းများ ဖြစ်လာနိုင်ပါတယ်။ ဤကဲ့သို့သော ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝ ဘေးဒဏ်ကျရောက်ခြင်း (ရေကြီးခြင်း၊ မြေပြိုခြင်း၊ တောမီးလောင်ခြင်း)၊ တောရိုင်းတိရိစ္ဆာန်မျိုးစိတ်များ၏ ကျင်လည် ကျက်စာရာနယ်မြေ ပျောက်ဆုံးခြင်းနှင့် ကောက်ပဲသီးနှံများ အထွက်နှုန်းကျဆင်းခြင်းစသည့် အကျိုးဆက်များကို ဖြစ်ပေါ် စေပါတယ်။
၁၉၇၂ခုနှစ်တွင် ရာသီဥတုပြောင်းလဲခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂ ပတ်ဝန်းကျင်ဆိုင်ရာ ညီလာခံကို စတော့ဟုမ်းတွင် ပထမအကြိမ် ကျင်းပခဲ့ပါတယ်။ ထိုအစည်းအဝေး၏ ရလဒ်အနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို နိုင်ငံတကာအစိုးရများ ပူးပေါင်းဖြေရှင်းရန် အတွက် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (United Nations Environment Program – UNEP) ဆိုသည့် အဖွဲ့တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ ထိုမှတဆင့် ၁၉၈၈ ခုနှစ်တွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့ အစည်း (Intergovernmental Panel on Climate Change – IPCC) ကို ဖွဲ့စည်းခဲ့ကြပါတယ်။
IPCC ၏ မိခင်အဖွဲ့အစည်းများမှာ World Meteorological Organization (WMO) နှင့် United Nations Environment Program (UNEP) တို့ ဖြစ်ပါတယ်။ ၎င်းမိခင်းအဖွဲ့အစည်းးများမှ IPCC ကို လုပ်ပိုင်ခွင့်များပေးအပ်၍ လမ်းညွှန် ပေးပါတယ်။ IPCC ၏အခန်းကဏ္ဍမှာ ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်ပြီး သိပ္ပံပညာအားအခြေခံ၍ သိပ္ပံနည်းကျသော အချက်အလက်များ၊ နည်းပညာဆိုင်ရာ အချက်အလက်များနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များကို အကဲဖြတ် ဆန်းစစ်ပေးရန် ဖြစ်ပါတယ်။
ထို့အပြင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုကျိုးထိခိုက်မှုများ၊ ရာသီ ဥတုပြောင်းမှုကို လျော့ပါးသက်သာစေသော နည်းလမ်းများ၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေနေထိုင်ရေး အတွက် နည်းလမ်းကောင်းများကို လေ့လာစူးစမ်းရန် ဖြစ်ပါတယ်။ IPCC ၏ ၂၀၂၃ ခုနှစ် ဆဌမမြောက် အကဲဖြတ် အစီရင်ခံစာတွင် ထုတ်ပြန်ခဲ့သည်။ ထိုသို့အပူချိန်မြင့်တက်လာရခြင်းမှာ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ဖြစ်စေသော ထုတ်လုပ်မှုနှင့် စားသုံးမှုပုံစံများ၊ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုများနှင့် မြေယာအသုံးပြုမှု ပြောင်းလဲခြင်း များကြောင့် ဖြစ်လာရသည်ဟု IPCC ၏ အစီရင်ခံစာမှ အခိုင်အမာ ပြောဆိုခဲ့သည်။
ကမ္ဘာနေရာအနှံ့တွင် ရုပ်ကြွင်းလောင်စာများမီးရှို့ခြင်း၊ သစ်တောဖြုန်းတီးခြင်းနှင့် စီးပွားဖြစ်ထုတ်လုပ်သော မွေးမြူရေး လုပ်ငန်းများကြောင့် ရာသီဥတုပြောင်းလဲခြင်းကို ဖြစ်ပေါ်လာပါတယ်။ လူတို့ဖန်တီးသော လုပ်ဆောင်ချက်များကြောင့် ကမ္ဘာတစ်ဝှမ်း ရာသီဥတုဖောက်ပြန်မှုများကို ဖြစ်စေပြီး ၎င်းရာသီဥတုဖောက်ပြန်မှုကြောင့် လူသားနှင့် သဘာဝ ပတ်ဝန်းကျင်ကို ပြန်လည်၍ ဆိုကျိုးထိခိုက်စေပါတယ်။ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့များ ဆက်လက်ထုတ်လွှတ်ပါက ကမ္ဘာကြီးကို ပိုမိုပူနွေးစေမှာဖြစ်ပါတယ်။ လေထုညစ်ညမ်းမှုသည် ကမ္ဘာကြီးပူနွေးလာမှုကို ဖြစ်စေသည်ဟု သိပ္ပံပညာရှင် အများစုကလည်း သဘောတူညီခဲ့ကြပါတယ်။
ရာသီဥတုပြောင်းလဲမှု အကျိုးဆက်အနေဖြင့် ကမ္ဘာ့မျက်နှာပြင်အပူချိန် ၁.၅ ဒီဂရီစင်တီဂရိတ်ရှိပါက မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုဖြစ်စဉ်များ ဖြစ်ပွားနိုင်သည်ဟု IPCC မှ ဖော်ပြခဲ့ပါတယ်။ ထိုဖြစ်စဥ်များသည် မြောက် အမေရိကနှင့် ဥရောပဒေသများထက် အာဖရိကနှင့် အာရှ ဒေသများတွင် အများဆုံးဖြစ်ပွားကာ ပိုမိုပြင်းထန်လာပြီး မကြာခဏဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားပါတယ်။ အလားတူ ကမ္ဘာ့မျက်နှာပြင်အပူချိန် ၂ ဒီဂရီစင်တီဂရိတ် (သို့မဟုတ်) ၂ ဒီဂရီစင်တီဂရိတ်အထက် ရှိပါက ဥရောပ၊ အာဖရိက၊ ဩစတေးလျ၊ မြောက်အမေရိက၊ အလယ်ပိုင်း အမေရိကနှင့် တောင်အမေရိကတို့တွင် ဂေဟစနစ်ပျက်ဆီးပြီး မိုးခေါင်မှုများ ဖြစ်လာနိုင်သည်ဟုလည်း ခန့်မှန်းထားပါတယ်။
အာရှဒေသ များတွင် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း သို့မဟုတ် အပူပိုင်းမုန်တိုင်းများ ကျရောက်နိုင်ပြီး အပူလှိုင်းများနှင့် မိုးခေါင် ရေရှားမှုများသည် နေရာအများအပြားတွင် တစ်ပြိုင်နက်တည်း မကြာခဏဆိုသလို ဖြစ်လာနိုင်ခြေရှိသည်ဟု IPCC ၏ ခန်းမှန်းချက်များမှ သိရှိရပါတယ်။ ရာသီဥတုဖောက်ပြန်မှု အကျိုးဆက်အားဖြင့် လူအများ အပူဒဏ်သင့်မှုများ၊ အဟာရချိုတဲ့မှုများနှင့် စိတ်ကျန်းမာရေးပြဿနာများ ခံစားရနိုင်ပါတယ်။
ထိုအပြင် အပူချိန်မြင့်မားမှုကြောင့် တိရိစ္ဆာန် မျိုးစိတ်များဆုံးရှုံးနိုင်သည့် အန္တရာယ်များ၊ လူသားများအတွက် အသက်မွေးဝမ်းကြောင်း ဆုံးရှုံးမှုများနှင့် စားနပ်ရိက္ခာ ထုတ်လုပ်မှုပြဿနာများ ကြုံတွေ့ရနိုင်ပါတယ်။ ၂၀၂၂ MIMU Analytical Brief အရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝဘေးဒဏ်ထိခိုက်မှု အများဆုံးနိုင်ငံစာရင်းတွင် ပါဝင်နေပြီး လာမည့်နှစ်များတွင်လည်း ဘေးအန္တရာယ်အသစ်များ ကျရောက်နိုင်ဖွယ် ရှိကြောင်း ဖော်ပြထားပါတယ်။
စက်မှုနှင့် နည်းပညာထွန်းကားတိုးတက်ရန်ဆိုသည့် အကြာင်းပြချက်ဖြင့် စီးပွားအပြိုင်ရှာကြသော ဒေသတွင်း တိုင်းပြည် များနှင့် ရေရှည်ဖွံ့ဖြိုးမှု (sustainable development) ကို လျစ်လျူရှုသော စီးပွားရေးသမားများမှ ယခုထက်ပို၍ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့များကို ဆက်လက်ထုတ်လုပ်မည်ဆိုပါက ကမ္ဘာကြီးပိုမိုပူနွေးလာပြီး ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုများကို ကြုံတွေ့ရမှာဖြစ်ပါတယ်။ ထိုရာသီဥတု ဖောက်ပြန်မှု၏ သက်ရောက်မှုများသည် ချို့တဲ့သော လူအုပ်စု များကို အများဆုံး ထိခိုက်စေပါတယ်။ ထိုကြောင့် ရာသီဥတုဆိုင်ရာ တရားမျှတမှုကို ဆွေးနွေးဖို့ လိုအပ်လာပါတယ်။
ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်သည် လူမျိုးရေး၊ လူမှုရေး နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် ရောထွေး ချိတ်ဆက်နေပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုများသည် မမျှတသော လူမှုရေးအခြေအနေများကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဝင်ငွေနည်းသော ဆင်းရဲနွမ်းပါသူများ၊ မသန်စွမ်းသူများ၊ ဌာနေ တိုင်းရင်းသား လူနည်းစုများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ စသည့်ထိခိုက်လွယ်သူများက ပြင်းထန်သော မုန်တိုင်းများ၊ ရေလွှမ်းမိုးမှုများ၊ မြေပြိုမှုများ၊ တောမီးလောင်ခြင်း၊ ပြင်းထန်သော အပူရှိန်ဒဏ်ခံရခြင်း၊ အစာနှင့် ရေများ ပြတ်လပ်ခြင်း စသည့် ရာသီဥတုဖောက်ပြန်မှု အကျိုးဆက်များကို တွေ့ကြုံခံစားကြရမှာ ဖြစ်ပါတယ်။ ဤကဲ့သို့သော ချို့တဲ့အားနည်းသော အုပ်စုများက ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်မှု အများဆုံး ခံစားကြရမည်ကို သတိပြုရန်နှင့် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ပါတယ်။
ရာသီဥတုဆိုင်ရာတရားမျှတမှုဆိုသည်မှာ ရာသီကတုပြောင်းလဲမှုဖြစ်စဥ်အား လူမှုတရားမျှတမှု ရှုထောင့်မှ ရှု့မြင် သုံးသပ်ရန် ဖြစ်ပါတယ်။ ရာသီဥတုဖောက်ပြန်မှုအကျိုးဆက်ကို ခံစားကြရသော အားနည်းသူများ/ချို့တဲ့သူများ ဤထိခိုက်လွယ်သူ လူအုပ်စုများကို ကာကွယ်ရန်နှင့် ခွန်အားပေးရန်လည်း လိုအပ်ပါတယ်။ ရာသီဥတုဆိုင်ရာ တရား မျှတမှုအတွက် လုပ်ဆောင်အကောင်အထည်ဖော်ရာတွင် လူသားဗဟိုပြုချဉ်းကပ်မှုနည်းလမ်းဖြင့် ထိခိုက်လွယ်သူများ၏ အခွင့်အရေးများကို အကာအကွယ်ပေးကာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာသော ကိစ္စရပ်များကို တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ပါတယ်။
IPCC ၏ ၂၀၂၃ ဆဌမမြောက် အကဲဖြတ်ဆန်းစစ်ချက်မှတ်တမ်းတွင် ထိရောက်သော ရာသီဥတု ပြောင်းလဲမှုကို ဖြေရှင်းဆောင်ရွက်ရန်အတွက် အချက် (၅) ချက် ဖော်ပြထားပါတယ်။ နိုင်ငံရေး ကတိကဝတ်၊ အာလုံးပါဝင်သော စီမံအုပ်ချုပ်မှု၊ နိုင်ငံတကာ ပူပေါင်းဆောင်ရွက်မှု၊ ထိရောက်သော ဂေဟစနစ်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ အသိပညာပေးခြင်း စသည့် အချက် (၅) ချက်ကို ရာသီဥတုပြောင်းလဲမှုကို ဖြေရှင်းရာတွင် ဆောင်ရွက် အကောင်အထည်ဖော်ရန် အကြံပြုထားပါတယ်။ ရာသီဥတုပြဿနာကို ဖြေရှင်းရန်အတွက် ရာသီဥတုပြောင်းလဲမှုကို လျော့ပါစေသောနည်းလမ်းများကို လုပ်ဆောင်ခြင်း (Mitigation) နှင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေ နေထိုင်ခြင်း (Adapatation) တို့ကို အကောင်အထည်ဖော်သင့်ပါတယ်။ သို့သော် ၎င်းနည်းလမ်းများကို လုပ်ဆောင်ခြင်း အပြင် လူ့အဖွဲ့အစည်းအတွင်း လူမှုတရားမျှတမှုကို ထည့်သွင်းစဥ်းစားရန် အရေးကြီးပါတယ်။
လူ့ဘောင်အဖွဲ့အစည်းအတွင်း ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက် ရရှိမှု၊ သန့်ရှင်းသောရေ ရရှိမှု၊ လုံခြုံသော အမိုးအကာအောက် နေထိုင်ရမှု၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အပါအဝင် လူတစ်ဦးချင်းစီ၏ ရပိုင်ခွင့် အခွင့်အရေးများ တန်းတူညိမျှရရှိဖို့ လိုအပ်ပါတယ်။ ဆင်းရဲမွဲတေမှုနှင့် ဆာလောင်မှုတို့ကို တိုက်ဖျက်နိုင်မှသာ လူ့အဖွဲ့ အစည်းအတွင်း လူမှုရေး တရာမျှတမှု ရှိလာမှာ ဖြစ်ပါတယ်။ လူမှုတရားမျှတမှုဆိုင်ရာ ပြဿနာများကို မဖြေရှင်းနိုင်ပဲ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပြဿနာကိုသာ ဖြေရှင်းမည်ဆိုလျှင် အလုပ်မဖြစ်နိုင်ပါ။ ဆင်းရဲမွဲတေမှုကို မဖြေရှင်းပါက သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော်ညီထွေမှု မရှိသောလူနေမှုပုံစံများသည် ဂေဟစနစ်ကို ပျက်စီးစေပြီး ရာသီဥတု ပြောင်းလဲမှုကို လျော့ချဖို့ရန်လည်း ခက်ခဲပါလိမ့်မယ်။
ရာသီဥတုဆိုင်ရာ တရားမျှတမှုကို ရရှိရန်အတွက် လူမျိုးရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုကို ပထမဦးစားပေး ဆောင်ရွက်သင့်ပါတယ်။ ထို့အပြင် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိစေရန် ပြင်ဆင်မှု၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်မှု၊ သဘာဝရာသီဥတုကို ပြန်လည်ရရှိရန် နည်းလမ်းရှာဖွေမှု၊ ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့များထုတ်လွှတ်နေခြင်းကို လျော့ချမှု၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပညာပေးအစီအစဥ်များ ချမှတ်ဆောင်ရွက်မှု နှင့် လူထုပူးပေါင်းပါဝင်မှု တိုကို ဟန်ချက်ညီညီ လုပ်ဆောင်အကောင်အထည် ဖော်ပါက လူသားတိုင်း ရာသီဥတုဆိုင်ရာ တရားမျှတမှုကို ရရှိလာမှာ ဖြစ်ပါတယ်။
ကိုးကားစာရင်း
§ John Slifko (Dec 2015). Brief History of Climate Change
§ Climate Concept (last updated 2017), EPA, https://archive.epa.gov/climate…/kids/basics/concepts.html
§ AR6 Synthesis Report (SYR), IPCC. https://www.ipcc.ch/
§ University of Califonia, Centre for Climate Justice. https://centerclimatejustice.universityofcalifornia.edu/…
§ Beyond Science, COP26, Our Climate, Our Future
§ MIMU (May 2022). Climate, Environmental Degradation and Disaster Risk in Myanmar: a MIMU Analytical Brief
