Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုနဲ့ ဆက်နွယ်နေတဲ့ PTT ၊ PTTEP နဲ့ Northern Gulf Petroleum တို့ကို စုံစမ်းအရေးယူရန် လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို

အာဏာသိမ်းစစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်နွယ်တဲ့ ထိုင်းစွမ်းအင်ကုမ္ပဏီတွေ ဖြစ်တဲ့ PTT ၊ PTTEP နဲ့ Northern Gulf Petroleum တို့အပေါ် စုံစမ်းစစ်ဆေးပြီး တိကျသေချာတဲ့ အရေးယူဆောင်ရွက်မှု လုပ်ဆောင်ရန် ထိုင်းလူ့အခွင့်အရေးကော်မရှင်ထံ အရပ်ဖက်လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေပါတယ်။

Blood Money Campaign နဲ့ Campaign for New Myanmar အဖွဲ့တို့က ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ထံ မေလ ၂၅ ရက်မှာ တိုင်ကြားစာတင်သွင်းခဲ့တယ်လို့ မေလ ၂၇ ရက်မှာ အဆိုပါလူ့အခွင့်အရေးအဖွဲ့တွေက ကြေညာပါတယ်။

“ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီ၊ သူရဲ့ လက်အောက်ခံ PTTEP နဲ့ ထိုင်းပုဂ္ဂလိကပိုင် Northern Gulf Petroleum တို့ဟာ မြန်မာစစ်အုပ်စုက ဆက်လက်ကျူးလွန်နေတဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆောင်ရွက်နိုင်ဖို့ လစဉ် ဘတ်ငွေသန်းပေါင်း များစွာ ပေးချေထောက်ပံ့နေပါတယ်။ ဒါဟာ စစ်အုပ်စုရဲ့ နေ့စဉ် အရပ်သားတွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုတွေမှာ ငွေကြေးဆိုင်ရာ ပူးပေါင်းပါဝင်မှု ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ တောင်းဆိုတာက ထိုင်းလူ့အခွင့်အရေးကော်မရှင် အနေနဲ့ ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ထောက်ပံ့နေတဲ့ ငွေပေးချေမှုတွေကို ရပ်တန့်ပေးဖို့ပါ” လို့ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့မှ Mulan က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ထိုင်းရေနံနဲ့ သဘာဝဓါတ်ငွေ့ကုမ္ပဏီတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကြောင့် နယ်စပ်ဖြတ်ကျော် လူ့အခွင့်အရေး ထိခိုက်မှုနဲ့ ၂၀၂၁ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း PTT ၊ PTTEP နဲ့ Northern Gulf Petroleum တို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုထားတယ်လို့ သိရပါတယ်။

PTT ၊ PTTEP နဲ့ Northern Gulf Petroleum တို့ကနေ ရရှိတဲ့ ငွေတွေဟာ စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လူအစုအပြုံလိုက် သတ်ဖြတ်တဲ့ ရာဇဝတ်မှု ကျူးလွန်နိုင်စွမ်းကို ထောက်ပံ့ပေးနေပြီး UN ရဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လမ်းညွန်မှုတွေနဲ့ OECD ရဲ့ နိုင်ငံစုံကုမ္ပဏီတွေဆိုင်ရာ လမ်းညွှန်ချက်တွေကိုလည်း ချိုးဖောက်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေထံမှ သိရပါတယ်။

စစ်အုပ်စုရဲ့ အကြီးဆုံးတရားဝင် နိုင်ငံခြားဝင်ငွေရင်းမြစ်အဖြစ် PTT ၊ PTTEP နဲ့ Northern Gulf Petroleum စတဲ့ ထိုင်းကုမ္ပဏီတွေဟာ စစ်အုပ်စုကို နှစ်စဉ် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ဝင်ငွေဖန်တီးပေးနေပြီး ယင်းငွေတွေက စစ်အုပ်စုရဲ့ ရာဇဝတ်မှုကျူးလွန်ရာမှာ အထောက်အပံ့ ဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။

လက်ရှိမှာ PTTEP ဟာ ရတနာနဲ့ ဇောတိက စီမံကိန်းတွေမှာ ထုတ်လုပ်မှု တိုးမြင့်ဖို့နဲ့ အောင်သိင်္ခစီမံကိန်းအသစ်ကို စတင်နိုင်ဖို့အတွက် စစ်အုပ်စုနဲ့ ညှိနှိုင်းနေပြီး Northern Gulf Petroleum ရဲ့ လက်အောက်ခံ Gulf Petroleum Myanmar ကုမ္ပဏီဟာ မင်းရဲသူ စီမံကိန်းအတွက် မကြာသေးမီက စစ်အုပ်စုနဲ့ လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်။

တိုင်ကြားစာထဲမှာ ထိုင်းလူ့အခွင့်အရေးကော်မရှင်အနေနဲ့ တရားဝင်စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ပြီး ထိခိုက်နစ်နာခဲ့ရတဲ့ လူမှု အသိုင်းအဝိုင်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းထံမှ အထောက်အထားတွေ စုဆောင်ပြီး UN အထူးကိုယ်စားလှယ်နဲ့ OHCHR တို့ရဲ့ အကြံပြုချက်တွေကို ထည့်သွင်းစဉ်းစားရန် တောင်းဆိုထားပါတယ်။

ဒါ့အပြင် အဆိုပါထိုင်းကုမ္ပဏီတို့ကို တိကျတဲ့ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန်အပါအဝင် ဓါတ်ငွေ့ဝင်ငွေတွေကို စစ်အုပ်စုထံ မပေးရန်၊ သဘာဝဓါတ်ငွေ့ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ရပ်ဆိုင်းရန်၊ လူ့အခွင့်အရေးချိုးဖောက်မှုကို ဖြစ်ပေါ်စေတဲ့ လုပ်ငန်းတွေမှ လုပ်ငန်းလျှော့ချ/ ထွက်ခွာရန်တို့ကိုလည်း တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

သတင်း

မြန်မာ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍဆိုင်ရာ ဝင်ငွေ၊ စာချုပ်နဲ့ ပိုင်ဆိုင်မှုတွေအပေါ် အမျိုးသားအဆင့် ပွင့်လင်းမြင်သာမှု လုပ်ငန်းစဉ်တရပ်ကို ဒီနေ့ မေလ ၂၉ ရက်မှာ စတင်ပြီဖြစ်ကြောင်း NUG အစိုးရ၊ လျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။ သယံဇာတ ရင်းမြစ်ဆိုင်ရာ ဘဏ္ဍာငွေတွေ ပွင့်လင်းမြစ်သာမှု...