ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တွေထဲက တစ်ခုအပါအဝင် ဖြစ်လာနိုင်တဲ့ တနင်္သာရီကမ်းလွန်က M-15 လုပ်ကွက်ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စတင်တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရက ထုတ်ပြန်ပါတယ်။
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးမြတ်ကိုနဲ့ CFG Energy Pte., Ltd. ရဲ့ ဥက္ကဌ Mr. Shen Song Ning နဲ့အဖွဲ့တို့ မေလ ၂၉ ရက်က ထားဝယ်မြို့၊ တိုင်းဒေသကြီး လွှတ်တော်ရုံးမှာ တွေ့ဆုံဆွေးနွေးမှုအရ သိရပါတယ်။
အဆိုပါတွေ့ဆုံမှုမှာ M 15 ကမ်းလွန်လုပ်ကွက်ကို လုပ်ကိုင်ခွင့်ရထားတဲ့ CFG Energy Pte., Ltd ကုမ္ပဏီဘက်က ယင်းကမ်းလွန်လုပ်ကွက် တူးဖော်ရေးနဲ့ပတ်သက်လို့ ဆောင်ရွက်နေမှု၊ EIA/ SIA ဆောင်ရွက်နေမှုနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးတင်ပြခဲ့တယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဌကလည်း လုပ်ငန်းဆောင်ရွက်မယ့် နယ်မြေဒေသတွေရှိ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဒေသခံတွေနဲ့လည်း ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

M – 15 လုပ်ကွက်ဟာ တနင်္သာရီတောင်ပိုင်း၊ မြိတ်ခရိုင်ထဲက အကြီးဆုံးကျွန်ဖြစ်တဲ့ ကတန်ကျွန်းကြီးရဲ့ အနောက်ဘက်မှာ စတုရန်းကီလိုမီတာ ၁၃ ၀၀၀ ကျော် တည်ရှိတဲ့ လုပ်ကွက်ကြီးဖြစ်ပြီး စကာပူအခြေစိုက် Canadian Foresight Group (CFG) နဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်း (MOGE) တို့ကြား ၂၀၁၅ ခုနှစ် မတ်လမှာ ထုတ်လုပ်မှု ခွဲဝေခံစားရေး စာချုပ် (PSC) ရေးထိုးထားခြင်းဖြစ်ပါတယ်။
M – 15 လုပ်ကွက်ထဲမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့သိုက် ပမာဏ အများအပြား တွေ့ရှိခဲ့တဲ့အတွက် တောင်အမေရိကတိုက်က ကမ္ဘာကျော် ကမ်းလွန်လုပ်ကွက် Guyana လိုမျိုး လုပ်ကွက် ဖြစ်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒီလုပ်ကွက်မှ ရရှိနိုင်တဲ့ ဝင်ငွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေ စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းနဲ့ ညီမျှနိုင်တယ်လို့ ခန့်မှန်းထားကြောင်း ၂၀၁၇ ခုနှစ် CFG ကုမ္ပဏီရဲ့ ရုံးတွင်းအစီရင်ခံစာမှာ ဖော်ပြထားကြောင်း Upstream သတင်းဌာနက ရေးသားထားပါတယ်။
CFG ကုမ္ပဏီရဲ့ နောက်ဆုံးတိုင်းတာချက်တွေအရ M 15 လုပ်ကွက်မှာ သဘာဝဓါတ်ငွေ့ ပမာဏ ၉၄.၆ ထရီလီယံကုဗပေ (TCF) ထုတ်ယူနိုင်မယ်လို့ ခန့်မှန်းထားပြီး တရုတ် – မြန်မာ ဓါတ်ငွေ့ပိုက်လိုင်းကို နှစ် ၅၀ ခန့်အထိ ထောက်ပံ့ပေးနိုင်တဲ့ ပမာဏဖြစ်နိုင်တယ်လို့ သိရပါတယ်။
၂၀၁၇ ခုနှစ်ရဲ့ ဓါတ်ငွေဈေးနဲ့ တွက်ရင် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၈၀ နီးပါး အကျိုးအမြတ်ရနိုင်တဲ့ လုပ်ကွက်ကြီးလို့ သိရပါတယ်။










































