Connect with us

Hi, what are you looking for?

သတင်း

ရေနံ၊ ဓါတ်ငွေ့ကဏ္ဍရဲ့ ဝင်ငွေ၊ ပိုင်ဆိုင်မှုအပေါ် အမျိုးသားအဆင့် ပွင့်လင်းမြင်သာမှု လုပ်ငန်းစဉ်တရပ်ကို ဒီနေ့ စတင်ဖော်ဆောင်

မြန်မာ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍဆိုင်ရာ ဝင်ငွေ၊ စာချုပ်နဲ့ ပိုင်ဆိုင်မှုတွေအပေါ် အမျိုးသားအဆင့် ပွင့်လင်းမြင်သာမှု လုပ်ငန်းစဉ်တရပ်ကို ဒီနေ့ မေလ ၂၉ ရက်မှာ စတင်ပြီဖြစ်ကြောင်း NUG အစိုးရ၊ လျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။

သယံဇာတ ရင်းမြစ်ဆိုင်ရာ ဘဏ္ဍာငွေတွေ ပွင့်လင်းမြစ်သာမှု ရရှိရေးအတွက် ပြည်သူတွေထံ အဆင့်ဆင့် ထုတ်ဖော်သွားမယ့် ထုတ်ပြန်ချက် အစီအစဉ်တွေရဲ့ ပထမဆုံးအဆင့်ဖြစ်သလို နိုင်ငံတကာ စံနှုန်းတွေအတိုင်း အဆင့်ဆင့် (tranche by tranche) ထုတ်ဖော်ခြင်းကို စတင်လုပ်ဆောင်မှုလည်း ဖြစ်တယ်လို့ NUG အစိုးရက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

“ဝန်ကြီးဌာနသည် နိုင်ငံ၏ သဘာဝသယံဇာတများကို ပွင့်လင်းမြင်သာမှု ရှိသော စီမံအုပ်ချုပ်မှု (Open-book governance) ဖြင့် စီမံဆောင်ရွက်သွားရန် ကတိပြုပြီး၊ ဒီမိုကရေစီ အုပ်ချုပ်ရေး အပြည့်အဝ ပြန်လည်ထူထောင်ပြီးသည့် အချိန်တွင် ပွင့်လင်းမြင်သာမှု၏ အခြေခံအဆောက်အအုံ အသင့်ဖြစ်စေရန် ထိုစနစ်ကို ယနေ့ပင် စတင်ပါသည်။ အဆိုပါ သယံဇာတပိုင်ဆိုင်မှု ဘဏ္ဍာငွေ စာရင်းရှင်းတမ်းများကို ပြည့်စုံသည်အထိ အဆင့်ဆင့် စာရင်းရှင်း တင်ပြသွားမည်” လို့ NUG အစိုးရ၊ လျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရပါတယ်။

နိုင်ငံ့သယံဇာတမှ ရရှိတဲ့ ဝင်ငွေတွေဟာ ၎င်းတို့ကို အမှန်တကယ် ပိုင်ဆိုင်တဲ့ ပြည်သူတွေ သိရှိနိုင်ခြင်း မရှိဘဲ ကြာမြင့်စွာ ဖုံးကွယ်ခံထားရပြီး ဘယ်လို ရရှိတယ်၊ ဘယ်နေရာကို စီးဆင်းတယ်၊ ဘယ်သူက အကျိုးခံစားနေတယ် စတဲ့ အချက်တွေကို မသိရှိရဘူးလို့ ထုတ်ပြန်ပါတယ်။

ဒီလိုအခြေအနေဟာ ပွင့်လင်းမြင်သာမှု ကင်းမဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှု ဆုံးရှုံးစေရုံသာမက လူထုရဲ့ ယုံကြည်မှု ကင်းမဲ့စေတယ်လို့ NUG အစိုးရက ဆိုပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ သယံဇာတဝင်ငွေတွေဟာ စစ်တပ်ရဲ့ ဘဏ္ဍာရေးမှာ အသက်သွေးကြောတရပ်ဖြစ်နေပြီး လူထုကို ရက်စက်ကြမ်းကြုတ်တဲ့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် သတ်ဖြတ်မှုတွေမှာ အသုံးပြုနေတယ်လို့ NUG အစိုးရက ပြောပါတယ်။

စွမ်းအင်ကဏ္ဍရဲ့ ပွင့်လင်းမြင်သာတဲ့ စာရင်းရှင်းတမ်းတွေ၊ စုပေါင်းဖွဲ့စည်းပေးတဲ့ အစိတ်အပိုင်းတွေကို EITI၊ OCDS နဲ့ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုတွေနဲ့အညီ အဆင့်ဆင့်၊ တပိုင်းပြီး တပိုင်း ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

“ထိုအစိတ်အပိုင်းတွေတွင် ၎င်းကို စီမံအုပ်ချုပ်သည့် စာချုပ်များနှင့် သဘောတူညီချက်များ၊ အဓိက စီမံကိန်းများ၏ လွတ်လပ်သော သုံးသပ်ချက်များ၊ ၎င်းတို့နောက်ကွက်ရှိ ဝင်ငွေများ၊ ပေးချေမှုများ၊ အကျိုးခံစားခွင့်နှင့် ပိုင်ဆိုင်မှုတို့၏ ပြန်လည်ကိုက်ညီ စစ်ဆေးချက်များ ပါဝင်ပါသည်။ အပိုင်းတခုစီ၏ အကြောင်းအရာနှင့် အစီအစဉ်ကို ဝန်ကြီးဌာနက ဆုံးဖြတ်သွားမည်” လို့ NUG အစိုးရရဲ့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

ဒီလုပ်ငန်းစဉ်တစ်ရပ်ဟာ တစ်ကြိမ်းတည် ပြုလုပ်တဲ့ လုပ်ရပ် မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်မယ့် အစီအစဉ်ဖြစ်ပြီး စာရင်းရှင်းတမ်း ပြည့်စုံတဲ့အထိ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

မြန်မာ့တွင်းထွက် သယံဇာတ ထုတ်ယူရေးကဏ္ဍမှာ “ယခင်” သို့မဟုတ် “အတိတ်” က ပါဝင်ခဲ့ဖူးတဲ့ ကုမ္ပဏီတွေကို (လုပ်ငန်းလည်ပတ်သူ၊ မိတ်ဖက်၊ ပိုက်လိုင်း သယ်ယူပို့ဆောင်သူ သို့မဟုတ် ဘဏ္ဍာငွေ ထောက်ပံ့သူ မည်သူမဆို) ဒီလုပ်ငန်းစဉ်မှာ ပါဝင်ဖို့ NUG အစိုရက ဖိတ်ခေါ်နေပါတယ်။

ပြည်တွင်းပြည်ပရှိ ပြည်သူတွေအပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေ၊ သုတေသီတွေ၊ သတင်းမီဒီယာတွေနဲ့ နိုင်ငံတကာ မိတ်ဖက်တွေကိုလည်း ဒီလုပ်ငန်းစဉ်ထဲမှာ ပူးပေါင်းပါဝင်ရန် NUG အစိုးရက ဖိတ်ခေါ်ထားပါတယ်။

စုံစမ်းမေးမြန်းမှုတွေနဲ့ ပါဝင်ဆောင်လိုတဲ့ အကြောင်းကြားမှုတွေကို moee@nugmyanmar.org သို့ ပေးပို့နိုင်ပါတယ်။

စစ်အုပ်စုရဲ့ အကြီးဆုံးတရားဝင် နိုင်ငံခြားဝင်ငွေရင်းမြစ်အဖြစ် PTT ၊ PTTEP နဲ့ Northern Gulf Petroleum စတဲ့ ထိုင်းကုမ္ပဏီတွေဟာ စစ်အုပ်စုကို နှစ်စဉ် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ဝင်ငွေဖန်တီးပေးနေပြီး ယင်းငွေတွေက စစ်အုပ်စုရဲ့ ရာဇဝတ်မှုကျူးလွန်ရာမှာ အထောက်အပံ့ ဖြစ်နေတယ်လို့ Blood Money Campaign နဲ့ Campaign for New Myanmar အဖွဲ့တို့ကလည်း မေလ ၂၇ ရက်က ပူးတွဲကြေညာချက် ထုတ်ပြန်ထားပါတယ်။

သတင်း

အာဏာသိမ်းစစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်နွယ်တဲ့ ထိုင်းစွမ်းအင်ကုမ္ပဏီတွေ ဖြစ်တဲ့ PTT ၊ PTTEP နဲ့ Northern Gulf Petroleum တို့အပေါ် စုံစမ်းစစ်ဆေးပြီး တိကျသေချာတဲ့ အရေးယူဆောင်ရွက်မှု လုပ်ဆောင်ရန် ထိုင်းလူ့အခွင့်အရေးကော်မရှင်ထံ အရပ်ဖက်လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေပါတယ်။ Blood Money Campaign နဲ့...