Myanmar Nature သတင်းဌာန၏ ဝက်ဘ်ဆိုဒ်ကို ယနေ့တွင် တရားဝင် မိတ်ဆက်ဖော်ပြလိုက်ပါသည်။ Myanmar Nature ကို မြန်မာ့လူထုအတွက် သတင်းအချက်အလက်ပေးခြင်း၊ အသိပညာပေးခြင်း၊ ဖျော်ဖြေခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း တို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေရာ အဆိုပါ မျှော်မှန်းချက်များကို ပုံဖော်နိုင်မည့် ဝက်ဘ်ဆိုဒ်တစ်ခုအဖြစ် ဖန်တီးနေခြင်းဖြစ်ပါသည်။
တရားဝင် မထုတ်ပြန်မီ ဝက်ဘ်ဆိုဒ်ကို အကောင်အထည်ဖော်နေမှုသည် လချီ၊ နှစ်ချီ ကြာမြင့်ပြီး အခက်အခဲ၊ အဆင်မပြေမှု အများအပြား ကြုံတွေ့ခဲ့ရပါသည်။ Myanmar Nature ကို လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိသော လူငယ်များက ဦးဆောင်အကောင်အထည်ဖော်နေခြင်းဖြစ်ရာ ခေတ်စနစ်ဆိုးကြီးထဲ အိုင်ဒီယာ သစ်များရှိနေသော်လည်း အရင်းအနှီး မရှိသည့်အတွက် နှောင့်နှေးရသည်။
ယနေ့တွင် Myanmar Nature ဝက်ဘ်ဆိုဒ်ကို ဖန်းတီးချင်သော ပုံစံအဖြစ် “အပြည့်အစုံ” မရရှိသော်လည်း “မပြည့်စုံမှု”မှာ အလှအပ ရှိသည်ဟု ခံယူယုံကြည်ပြီး ပထမအဆင့်အနေဖြင့် ထုတ်ပြန်လိုက်ရပါသည်။ အရင်းအနှီး ရှိလာချိန်တွင် တဖြည်းဖြည်းဖြင့် အကောင်အထည် ဖော်ဆောင်သွားမည်၊ လူထုထံ အချက်အလက်၊ အသိ ပေးယုံမျှမက စည်းရုံးလှုံ့ဆော်နိုင်သည့် ခေတ်မီစနစ်ကျသော ဝက်ဘ်ဆိုဒ်တစ်ခုအဖြစ်သို့ ရည်မှန်းထားပါသည်။
ဤဝက်ဘ်ဆိုဒ် အကောင်အထည်ပေါ်လာစေရန် ကူညီဆောင်ရွက်ပေးသည့်၊ ဖန်တီးပေးသည့် မိတ်ဆွေကိုလည်း ဤနေရာမှတဆင့် “ကျေးဇူးအထူးတင်ရှိကြောင်း” ဖော်ပြလိုပါသည်။ သူ၏ စိတ်ရှည်သည်းခံမှု၊ ကူညီစောင့်မမှု၊ လမ်းပြမှုသာ မရှိခဲ့လျှင် Myanmar Nature ဝက်ဘ်ဆိုဒ်ကို မြင်တွေ့နိုင်ဦးမည် မဟုတ်ပါ။ ဝက်ဘ်ဆိုဒ်ဒီဇိုင်းထဲတွင် အထားအသိုနှင့် အကြောင်းချင်းရာအပါအဝင် ပုံစံများကို မကြာခဏ ပြောင်းလဲ၊ ပြင်ဆင်မှုကို ကူညီပံ့ပိုပေးသည်။
မြန်မာ့နွေဦးတော်လှန်ရေးသည် ငါးနှစ်ကျော် ရှိလာချိန်တွင်၊ မြန်မာ့သယံဇာတများသည် ကုန်ခဲ့သော နှစ်ပေါင်း ၇၀ ဝန်းကျင်က ပြည်တွင်းစစ်အတွင်း တူးဖော်သုံးစွဲရသော နည်းနာအဟောင်းအတိုင်း၊ လက်နက်ကိုင်အဖွဲ့ ပေါင်းစုံသည် ဘဏ္ဍာအတွက် ထုတ်ယူသုံးစွဲနေရဆဲဖြစ်သည်။ လုံးပါးပါးလားနေသော မြန်မာ့သယံဇာတများ၊ သားငှက်တိရစ္ဆာန်းများ၊ ရိုးရာယဉ်ကျေးမှု ဓလေ့များကို မှတ်တမ်းတင် ဖော်ပြထားနိုင်ရေးသည် Myanmar Nature က လုပ်ဆောင်နေမှု၏ အစိတ်အပိုင်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး လူထုအနေဖြင့် လွယ်ကူလျင်မြန်စွာ ရှာဖွေဖတ်ရှုနိုင်ရေး ဝက်ဘ်ဆိုဒ်အဖြစ်ကိုလည်း ရေရှည်မျှော်၍ ဖန်တီးနေပါသည်။
လတ်တလောတွင် Myanmar Nature သည် ဖေ့ဘွတ်ပေစ့်၊ ဝက်ဘ်ဆိုဒ်၊ တစ်တော့၊ ယူကျူနှင့် တယ်လီဂရမ် ချန်နယ်တို့တွင် ဖွင့်လှစ်ထားပါပြီ၊၊ Like ၊ Subscribe နှင့် Follow များ ပြုလုပ်ပေးရန် Myanmar Nature မှ မေတ္တာရပ်ခံအပ်ပါသည်။
Myanmar Nature သည် မြန်မာ့ရေမြေတောတောင်ကို ချစ်မြတ်နိုးသူများအပါအဝင် လူထုနှင့် နီးစပ်သော သတင်းဌာနအဖြစ်၊ ပလက်ဖောင်းတစ်ခုအဖြစ် ဖော်ဆောင်လျက်ရှိရာ ဝက်ဘ်ဆိုဒ်နှင့် ပတ်သက်၍ လေ့လာနိုင်သကဲ့သို့ အကြံပြုချက်များ၊ သဘောထားအမြင်များကို မှတ်ချက်ပြု ဖော်ပြနိုင်ကြောင်း သတင်းစကား ပါးပါသည်။









































