တနင်္သာရီတိုင်းဒေသကြီးထဲရှိ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ် ဧရိယာကို မူလသတ်မှတ်ထားတဲ့ ကုန်းမြေ ဧရိယာ ငါးသောင်းကျော်မှ ကုန်းမြေနဲ့ ရေပြင် ဧရိယာ ဧက သုံးသိန်းကျော်အထိ တိုးမြှင့်ပြီး ဖွဲ့စည်းတည်ထောင်လိုက်တယ်လို့ သိရပါတယ်။
မူလသတ်မှတ်ထားတဲ့ ကုန်းမြေ ဧရိယာ ၅၀၆၁၇ ဒသမ ၆၂ ဧကကို ဩဂုတ်လ ၂၈ ရက်မှစတင်ပြီး ကုန်းမြေ ၅၇၃၄၄ ဒသမ ၀၃ ဧကနဲ့ ရေပြင် ၂၄၂၈၂၄ ဒသမ ၆ ဧက၊ စုစုပေါင်း ၃၀၀, ၁၆၈ ဒသမ ၆၃ ဧကသို့ တိုးမြှင့် ပြင်ဆင် သတ်မှတ်တယ်လို့ စစ်ကောင်မရှင်ရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သားငှက်တိရစ္ဆာန် ထိန်းချုပ်ရေးဌာနက စက်တင်ဘာလ ၆ ရက်က ကြေညာပါတယ်။
ကော့သောင်းမြို့နယ်နဲ့ ဘုတ်ပြင်မြို့နယ်ထဲရှိ အဏ္ဏဝါနေရင်းဒေသတွေကို ကာကွယ်နိုင်ဖို့၊ လန်ပိကျွန်းမကြီးနဲ့ ၎င်းရဲ့ အရံကျွန်းငယ် ၂၆ ကျွန်းရဲ့ ပတ်ဝန်းကျင်ရှိ အဏ္ဏဝါဂေဟစနစ်နဲ့ ကမ်းရိုးတန်းဂေဟစနစ် ရေရှည်တည်တံ့စေဖို့၊ အဏ္ဏဝါမျိုးစိတ်တွေ ထိန်းသိမ်းကာကွယ်ဖို့နဲ့ ပေါကြွယ်ဝလာစေဖို့အတွက် ၁၉၉၆ ခုနှစ်မှာ ဧက ငါးသောင်းကျော်ကို မြန်မာ့ပထမဆုံး အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်ကို သတ်မှတ်ဖွဲ့စည်းခဲ့ပါတယ်။
လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်ရဲ့ ၇၅ ရာခိုင်နှုန်းဟာ အဏ္ဏဝါနေရင်းဒေသနေရာတွေ ဖြစ်ပြီး ကျန်ဧရိယာတွေဟာ အမြဲစိမ်းတော ၂၂ ရာခိုင်နှုန်း၊ ဒီရေတော ၂ ရာခိုင်နှုန်းနဲ့ ပင်လယ်သံခုံတော ၁ ရာခိုင်နှုန်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
နို့တိုက်သတ္တဝါ ၁၉ မျိုး၊ ငှက်မျိုးစိတ် ၂၂၈ မျိုး၊ တွားသွားသတ္တဝါ ၁၉ မျိုး၊ ကုန်းနေ ရေနေသတ္တဝါ ၁၁ မျိုး၊ ငါးမျိုးစိတ် ၄၂ မျိုး၊ ဂဏန်းမျိုးစိတ် ၄၂ မျိုး၊ အပင်မျိုးစိတ် ၁၉၅ မျိုး၊ ပင်လယ်မြက် မျိုးစိတ် ၁၁ မျိုး၊ ပင်လယ်ရေမှော် ၇၃ မျိုး၊ အပင်မျှော Phytoplankton မျိုးစိတ် ၁၃၆ မျိုး၊ အကောင်မျှော Zooplankton မျိုးစိတ် ၁၅၀ ၊ ဒီရေတောပင်မျိုးစိတ် ၆၃ မျိုးနဲ့ သန္တာကျောက်တန်းတွေ ရှင်သန်နေထိုင်တယ်လို့ အဆိုပါဌာနက ထုတ်ပြန်ပါတယ်။
မျိုးသုဉ်းပျောက်ကွယ်လုနီးပါး မျိုးစိတ်တွေ ဖြစ်တဲ့ ရေဝက် (Dugong)၊ ပြင်သာလိပ်၊ မလေးသင်းခွေချပ် နဲ့ မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်တဲ့ မျိုးစိတ်တွေ ဖြစ်တဲ့ ဖျံအမွှေးနု၊ မျောက်ပုတီး၊ မျောက်လေပွေ၊ ချေလှောင်၊ လင်းဆွဲတွေလည်း ကျက်စားလျက်ရှိတယ်လို့ သိရပါတယ်။

လှပတဲ့ ကမ်းခြေနဲ့ ပင်လယ်ရှုခင်းတွေ၊ ဒီရေတော မြစ်ဝနဲ့ ပင်လယ်လိပ်တွေ ဥ,အု ချတဲ့ လိပ်သောင်တွေ၊ မူလဒေသခံတွေ ဖြစ်တဲ့ မော်ကင်း (ခေါ်) ဆလုံးလူမျိုးတွေရဲ့ ရိုးရာဓလေ့ထုံးတမ်းတွေနဲ့ လန်ပိအဏ္ဏဝါအမျိုးသား ဥယျာဉ်ဟာ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အခွင့်အလမ်းကောင်းတွေ ရှိတဲ့ ဒေသဖြစ်ပါတယ်။
အဆိုပါဥယျာဉ်ဒေသဟာ ကမ္ဘာ့ဈေးကွက်ဝင် အရည်အသွေးမြင့် မြန်မာ့ပုလဲတွေ ထွက်ရှိရာ ဒေသတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်ဟာ သူ့ရဲ့ ထူးခြားတဲ့ ဟေဂစနစ်တွေ၊ မျိုးစိတ်တွေ၊ ယဉ်းကျေးမှု ထုံးတမ်းစဉ်လာတွေနဲ့ အချင်းချင်းသဟဇာတ တည်ရှိနေမှုတွေကြောင့် ၂၀၀၃ ခုနှစ်မှာ အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခံထားရပါတယ်။
စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ လန်ပိအဏ္ဏဝါအမျိုးသား ဥယျာဉ်ထဲမှာ တရားမဝင် ရွှေတူးဖော်တဲ့ လုပ်ငန်းတွေ၊ သစ်ခိုးထုတ်ခြင်းနဲ့ ငါးခိုးဖမ်းခြင်းတွေ ဖြစ်ပွားနေပြီး သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးမှုအတွက် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ MAGGA Initiative ရဲ့ ၂၀၂၃ ဇူလိုင်က ထုတ်ပြန်တဲ့ “လန်ပိအဏ္ဏဝါဥယျာဉ်အထဲမှ ရွှေတူးဖော်တဲ့ လုပ်ငန်းများ” အစီရင်ခံစာမှာ ရေးသားပါတယ်။
ဓါတ်ပုံ – Lampipark
