Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

အတွေးအမြင်

ဧရာဝတီမြစ်ရဲ့ ပတ်ဝန်းကျင်တန်ဖိုးနဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဂယက်

🟥ဧရာဝတီမြစ်ဝှမ်းနဲ ဧရာဝတီမြစ်ရဲ့ အသုံးဝင်မှု

ဧရာဝတီမြစ်က မြန်မာနိုင်ငံတဝှမ်း မြောက်မှတောင်သို့ ဖြတ်သန်း စီးဆင်းသော လှပတဲ့ မြစ်တစ်စင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ဧရာဝတီမြစ်နှင့်တွဲ၍ နိုင်ငံတကာအသိုင်းအဝိုင်းမှလည်း မြစ်တစ်စင်းနှင့် တိုင်းပြည်အဖြစ် လူသိများပါတယ်။

ဧရာဝတီမြစ်ဟုဆိုလျှင် ဧရာဝတီ မြစ်၏ မြစ်လက်တက်များ ပါဝင်သော ဧရာဝတီမြစ်ဝှမ်းအကြောင်းကို လေ့လာဖို့ လိုအပ်ပါတယ်။ ဧရာဝတီမြစ်၏ ပင်မမြစ်ကြောင်း အရှည်မှာ ၂၁၇၀ ကီလိုမီတာ ရှိပြီး ဧရာဝတီမြစ်ဝှမ်း ဧရိယာ ၄၁၂, ၅၀၀ စတုရန်း ကီလိုမီတာ ရှိပါတယ်။ ၎င်းမြစ်ဝှမ်းဧရိယာ၏ ၉၀.၄% (၃၇၂, ၉၀၅ စတုရန်း ကီလိုမီတာ) သည် မြန်မာနိုင်ငံအတွင်း တည်ရှိပါတယ်။

ကျန်သောမြစ်ဝှမ်းဧရိယာများမှာ ၅.၄% (၂၂, ၁၉၅ စတုရန်း ကီလိုမီတာ) သည် တရုတ်နိုင်ငံအတွင်း ရှိပြီး ဧရိယာအများစုမှာ ယူနန်ပြည်နယ်တွင် တည်ရှိပါတယ်။ ကျန်သော ၄.၂% (၁၇, ၄၀ဝ စတုရန်း ကီလိုမီတာ) သည် အန္ဒိယနိုင်ငံ မဏိပူရနှင့် နာဂနယ်မြေတွင် တည်ရှိပါတယ်။ ဧရာ ဝတီမြစ်ဝှမ်းဧရိယာသည် မြန်မာနိုင်ငံ ကုန်းမြေမြေဧရိယာ၏ ခန်းမှန်ခြေ ၅၅.၅% ရှိပြီး အဓိကမြစ်လက်တက်များမှာ ချင်းတွင်းမြစ်၊ မြစ်ငယ်မြစ်၊ မလိခ၊ အန်မိုင်ခ၊ မူး၊ ရွှေလီမြစ်နှင့် တာပိန်မြစ်များ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ဝှမ်းမှာ မြစ်ဝှမ်းဒေသခွဲ ( ၂၇) ခု ပါဝင်ပါတယ်။ ၎င်းတို့အနက် ဧရာဝတီမြစ်ကြောင်းတွင် (၁၉) ခုရှိပြီး ချင်းတွင်းမြစ်ကြောင်းမှာ (၈)ခု ရှိပါတယ်။ သတ်မှတ်ထားသော မြစ်ဝှမ်းဒေသခွဲ (၂၇) ခု မှာ မလိခ၊ ငေါ်ချမ်းခ၊အန်မိုင်ခ ၊ နမ့်တမ်ပက်၊ မလိချောင်း၊တာပိန်၊ ရွှေလီ၊ မကျီးချောင်း၊ မြစ်ငယ်အထက်ပိုင်း၊ မြစ်ငယ်အောက်ပိုင်း၊ မြစ်သာ၊ ဇော်ဂျီ၊ အင်းတော်ကြီးကန် ရေဝင်ရေလဲ ချောင်းလက်တက်ငယ်များ၊ ဧရာဝတီမြစ်အထက်၊ ဧရာဝတီမြစ် အလယ်၊ ဧရာဝတီမြစ် အောက်၊ မြစ်ဝကျွန်းပေါ်၊ မူး၊ မုန်းချောင်း၊မင်းတုန်း၊ ချင်းတွင်းမြစ်အထက်ပိုင်း၊ ချင်းတွင်းမြစ် အလယ်ပိုင်း၊ ချင်းတွင်းမြစ် အောက်ပိုင်း၊ချင်းတွင်းမြစ်ဖျားပိုင်း ၁ နှင့် ၂ ၊ မဏိပူရ၊ ဥရု စတဲ့ မြစ်ဝှမ်းတွေပဲ ဖြစ်ပါတယ်။

နိုင်ငံရေးဆိုင်ရာ စီမံအုပ်ချုပ်မှုနှင့် ပတ်သက်၍ မြစ်ဝှမ်းအတွင်း စီမံခန့်ခွဲရန် တာဝန်ရှိသော တိုင်းဒေသ/ပြည်နယ်များမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူတိုင်း၊ ရန်ကုန်တိုင်းနှင့် နေပြည်တော် စုစုပေါင်း တိုင်းနှင့် ပြည်နယ် (၁၁) ခု ပါဝင်ပါတယ်။

မြစ်ဝှမ်းအတွင်းနေထိုင်သူ လူဦးရေ ၃၄.၃ သန်း ရှိပြီး မြန်မာနိုင်ငံလူဦးရေ၏ ၆၆% သည် ဧရာဝတီမြစ်ဝှမ်းအတွင်းမှာ နေထိုင်ကြပါတယ်။ တိုင်းရင်း သားလူမျိုးများ ပြန့်နှံ့နေထိုင်မှု များပြီး ရှမ်း၊ ပလောင်၊ကရင်၊လီဆူ၊ ဗမာ၊ ဝ၊ ခွန် ((Khun)၊ Nua၊ ကချင် Singpho၊ Assamese၊ Chini၊ Lhao Vo၊ Khamti၊ Zaiwa လူမျိုးများလည်း နေထိုင်လျှက်ရှိပါတယ်။

ဧရာဝတီမြစ်နှင့် မြစ်ဝှမ်းဒေသသည် လူမှုဘဝရှင်သန်မှုနှင့် တိုင်းပြည်စီးပွားရေးအတွက် အရေးပါလျှက် ရှိပါတယ်။ မြစ်နှင့် စီးပွာရေးကဏ္ဍကို ဖော်ပြရလျှင် ဧရာဝတီမြစ်ဝှမ်းဒေသသည် မြန်မာနိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှု အများဆုံး မြစ်ဝှမ်းဒေသ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ဝှမ်းအတွင်း ဆန်စပါးထုတ်လုပ်မှုသည် မြန်မာနိုင်ငံ ဆန်စပါးထုတ်လုပ်မှု၏ ၈၀% ရှိပြီး ဆီထွက်သီးနှံထုတ်လုပ်မှုမှာ တစ်နိုင်ငံလုံး၏ ၉၆% ရှိနေပါတယ်။ ဧရာဝတီမြစ်ဝှမ်းသည် မြန်မာတစ်နိုင်ငံလုံး ၏ စိုက်ပျိုးရေးထွက်ကုန် အများဆုံးထွက်ရှိရာဒေသဖြစ်ပါတယ်။ ရေလုပ်ငန်းနှင့် ပတ်သက်၍ ဖော်ပြ ရမယ်ဆိုလျှင် မြန်မာတစ်နိုင်ငံလုံးရှိ အသားဓါတ်ထောက်ပံ့ ပေးနိုင်သော ကဏ္ဍများ၏ ၆၀% ရှိနေ ပါတယ်။

မြန်မာနိုင်ငံ၏ သဲ၊ သတ္တုတူးဖော်ထုတ်လုပ်မှု၏ ၈၇% သည် ဧရာဝတီ မြစ်ဝှမ်းအတွင်းမှ ဖြစ်ပါတယ်။ အဓိကအားဖြင့် သဲထုတ်လုပ်မှုသည် GDP ၏ ၅% ရှိနေပြီး မြို့ပြတည် ဆောက်ရေး လုပ်ငန်းများအတွက် သဲထုတ်မှု အများဆုံးရှိသည်ကို တွေ့ရှိရပါတယ်။ ဧရာဝတီမြစ်ဝှမ်းရှိ ဧရာဝတီမြစ်လက်တက်များတွင် စိုက်ပျိုးရေးနှင့် ရေအားလျပ်စစ်သုံး ဘက်စုံသုံး ဆည်များ အပါအဝင် လည်ပတ်နေသော ဆည် ၁၄ ခု ရှိနေပါတယ်။

ဧရာဝတီမြစ် လက်တက်များမှ ရေအားလျှပ်စစ် ထုတ်လုပ်မှုသည် လက်ရှိ တစ်နိုင်ငံလုံး ထုတ်လုပ်နေသော လျှပ်စစ်ဓာတ်အားပမာဏ၏ ၆၅% ရှိပါတယ်။ တစ်နိုင်ငံလုံး လျှပ်စစ်မီးထောက်ပံ့သော ရေအားလျှပ်စစ်စီမံကိန်းများ၏ ၅၀% သည် ဧရာဝတီမြစ်တက်လက်မှ ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ဝှမ်းအတွင်း တာပိန် ၊ ချောင်းမကြီး၊ မလိ၊ မူး၊ မြစ်သာ၊ အန်မိုင်ခ၊ မန်းချောင်း၊ မြစ်ငယ် အောက်ပိုင်း၊ ရွှေလီ နှင့် ဇော်ဂျီ/မြို့ကြီး စသည့်မြစ်ဝှမ်းခွဲ ၁၀ခု တွင် စုစုပေါင်း လျှပ်စစ်ဓာတ်အား ၂, ၁၀၀ မဂ္ဂါဝပ်ရှိ ရေအားလျှပ်စစ်စီမံကိန်း ၁၄ ခု ကို အကောင်အထည်ဖော်လျှက် ရှိပါတယ်။

ရေလမ်းကြောင်း အသုံးပြုမှုကို ဖော်ပြရလျှင် နွေရာသီတွင် ၁၃၃၂ ကီလိုမိတာ အသုံးပြုနိုင်ပါတယ်။ မိုးရာသီတွင် ၁၅၂၆ ကီလိုမီတာ ရေလမ်းကြောင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ဝှမ်းမှ ထုတ်လုပ်လျှက်ရှိသော ထုတ်ကုန်များမှ နိုင်ငံခြားတင်ပို့မှုကို ဖော်ပြရလျှင် ဓာတ်သတ္တု တင်ပို့မှု ၂၈%၊ ဟင်းသီးဟင်းရွက် တင်ပို့မှု ၂၃%၊ အခြားအစားအစာ တင်ပို့မှု ၁၀%၊ သတ္တုတင်ပို့ ၇%၊ သစ်တင်ပို့မှု ၂% ရှိနေပါတယ်။ ဧရာဝတီမြစ်ဝှမ်းသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံး မြစ်ဝှမ်းဒေသဖြစ်ပြီး စီးပွားရေးအရ အရေးပါဆုံး မြစ်ဝှမ်း တစ်ခုလည်း ဖြစ်ပါတယ်။

🟥ဧရာဝတီမြစ်၏ ပတ်ဝန်းကျင်တန်ဖိုး

ဧရာဝတီမြစ်၏ မြင့်မားသည့်တန်ဖိုးမှာ လူနှင့်သဘာဝပတ်ဝန်းကျင်၏ ဆက်နွယ်နေသော သံယောဇဥ်မေတ္တာတရားကို အခြေခံသည့်တန်ဖိုး (sentimental value) ဖြစ်ပြီး မြန်မာနိုင်ငံရှိ ပြည်သူလူထုမှ မိခင်မြစ်ဟု သတ်မှတ်ထား ကြသည်ကို မှတ်သားရပါတယ်။ ၎င်းအပြင် မလိခနှင့် အန်မိုင်ခ မြစ်ဆုံးသည် ဧရာဝတီမြစ် စတင်မြစ်ဖျားခံရာ ယဥ်ကျးမှုမှတ်တိုင် အဖြစ် ကချင်တိုင်းရင်းသားလူမျိုးများမှလည်း အသိအမှတ်ပြုထားကြပါတယ်။ ဧရာဝတီမြစ်၏ ပတ်ဝန်းကျင်တန်ဖိုးဟု ဆိုရာဝယ် ဂေဟဗေဒဆိုင်ရာတန်ဖိုး (Ecological value)၊ လူမှုတန်ဖိုး (social value) နှင့် ယဥ်ကျေးမှုတန်ဖိုး (cultural value) များကို ထည့်သွင်းစဥ်းစားရန် လိုအပ်ပါတယ်။

မြစ်ဆုံစီမံကိန်းသည် ဧရာဝတီမြစ်၏ အထက်ပိုင်းတွင် တည်ရှိသောကြောင့် ဧရာဝတီမြစ်၏ အထက်ပိုင်းနှင့် အလယ်ပိုင်း မြစ်ဝှမ်းခွဲများ၏ ပတ်ဝန်းကျင်ဆိုင်ရာ တန်ဖိုးများကို ဆွေးနွေးသွားမည် ဖြစ်ပါတယ်။ IFC (၂၀၂၀) ၏ SEA – မြန်မာနိုင်ငံ ရေအားလျှပ်စစ်ကဏ္ဍ ၏ မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်မှုအစီရင်ခံစာအရ ဂေဟဗေဒဆိုင်ရာတန်ဖိုး (Ecological value) ကို တွက်ချက်ရာတွင် မြစ်ဝှမ်းခွဲများ၏ ဘူမိရုပ်သွင်ဗေဒ (Geomorphology)၊ ကုန်းနေဇီဝမျိုးစုံ မျိုးကွဲ (Terrestrial biodiversity) နှင့် ရေနေဂေဟစနစ် (Aquatic ecology) စသည့် အချက်အလက်များကို ပေါင်းစပ်ပြီး ဆုံးဖြတ်အကဲဖြတ် သတ်မှတ်ခြင်း ဖြစ်ပါတယ်။ ဤလေ့လာမှုအရ ရေအားလျှပ်စစ် ဖွံ့ဖြိုးမှုနှင့် သဘာဝ အရင်းအမြစ် ထိန်းသိမ်းမှုကို ဟန်ချက်ညီစေရန် ရည်ရွယ်ချက်ဖြင့် သဘာဝပတ်ဝန်းကျင်အရည်အသွေးကို “တန်ဖိုးမြင့်”၊ “တန်ဖိုးအလယ်အလတ်” နှင့် “တန်ဖိုးနိမ့်” ဟူသော အဆင့်များကို သတ်မှတ်ထားပါတယ်။

ပုံ (၃ ) တွင် ဖော်ပြထားသော ဘူမိရုပ်သွင်နှင့် နုန်းမြေပို့ချမှုအရ တန်ဖိုးသတ်မှတ်ရန်အတွက် မြစ်၏ ဆက်သွယ်နိုင်စွမ်း၊ မြစ်ဝကျွန်းပေါ်နှင့် ပင်လယ်ကမ်းရိုတန်းများ၏ တည်ငြိမ်မှု၊ နုန်းထုတ်လုပ်နိုင်မှုနှင့် ရေစီးဝင်မှု စသည့် အညွှန်းကိန်း များကို တွက်ချက်၍ တန်ဖိုးသတ်မှတ် အကဲဖြတ်ပါတယ်။ ဧရာဝတီမြစ်၏ အထက်ပိုင်းနှင့်အလယ်ပိုင်း မြစ်ဝှမ်းခွဲများ အတွင်းရှိ မလိခ၊ မေခ နှင့် အထက်မြစ်ငယ် မြစ်ဝမ်းခွဲများသည် ဘူမိရုပ်သွင်အတွက် “တန်ဖိုးမြင့်” သတ်မှတ်သည် ကို သိရှိရပါတယ်။

ပုံ (၄) အရ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်သက်၍ မြစ်ဝှမ်းခွဲများတန်ဖိုးသတ်မှတ်ရန်အတွက် အညွှန်းကိန်းများမှာ အဓိက ဇီဝမျိုးစုံမျိုးကွဲ ဧရိယာများ (KBAs) ရှိခြင်းနှင့် ပကတိအတိုင်းရှိသော သစ်တောဧရိယာ (၁%) ရှိခြင်း စသည့်အချက် များကို ကြည့်၍ တန်ဖိုးသတ်မှတ်ပါတယ်။ ၎င်းအချက်များအရ မေခနှင့် မလိခ မြစ်ဝှမ်းခွဲများသည် ဇီဝမျိုးစုံမျိုးကွဲ အတွက် “တန်ဖိုးမြင့်” သတ်မှတ်သည် ကို လေ့လာသိရှိရပါတယ်။

ပုံ (၅) အရ ရေနေဂေဟစနစ် တန်ဖိုးကို သတ်မှတ်ရန် ရှာပါးမျိုးစိတ်များရှိခြင်း၊ အဓိကဇီဝမျိုးစုံမျိုးကွဲ ဧရိယာများ (KBAs) ရှိခြင်း၊ ရေတိမ်ဒေသများ (Ramsar Sites) နှင့် အရေးပါသော ဒီရေတောများရှိခြင်း၊ မြစ်ဆုံများရှိခြင်း၊ ထုံးကျောက်ဖြင့် ဖုံးလွှမ်းထားသော မြေမျက်နှာသွင်ပြင် (Karst Topography) ရှိခြင်းနှင့် ခြိမ်းခြောက်ခံနေရသော ငါး နှင့် ရေနေသတ္တဝါများ (Threatened Fish and Aquatic Organisms) ရှိခြင်း စသည့် အညွှန်းကိန်းများဖြင့် တွက်ချက် သတ်မှတ်ပါတယ်။ ဤတွက်ချက်မှုအရ မလိခသည် “အလွန်တန်ဖိုးမြင့်” သတ်မှတ်သည်။ မေခနှင့် အင်းတော်ကြီး ရေဝင်ရေလဲဓရိယာမှ ချောင်းခွဲများသည် “တန်ဖိုးမြင့်”သတ်မှတ်သည် ဟု လေ့လာရပါတယ်။

ပုံ (၆) ၏ လူမှုတန်ဖိုးတွက်ချက်မှုကို ဖော်ပြရာတွင် သဘာဝအရင်းအမြစ်အပေါ် မှိခိုနေထိုင်မှု၊ ထိခိုက်လွယ်သူများ – မိန်းမဦးဆောင်သော အိမ်ထောင်စု၏ % နှင့် ဆင်းရဲမွဲတေမှု % စသည့် အညွှန်းကိန်းများဖြင့် တွက်ချက်ဆုံးဖြတ်ပါတယ်။ ၎င်းအညွှန်းကိန်းများအရ မေခ၊ မူနှင့် ရွှေလီ မြစ်ဝှမ်းခွဲများသည် လူမှုနှင့်သက်မွေးဝမ်းကြောင်း “တန်ဖိုးမြင့်” သတ်မှတ် သည် ဟု သိရှိရပါတယ်။

အထက်ပါတွက်ချက်ခဲ့သော (၁) ဘူမိရုပ်သွင်နှင့် နုန်းပို့ချမှု၊ (၂) ကုန်မြေ ဇီဝမျိုးစိတ်မျိုးကွဲနှင့် (၃) ရေနေဂေဟစနစ် စသည့် ဂေဟဗေဒဆိုင်ရာ အရေးပါမှုကို ကိုယ်စားပြုသော အချက် (၃) ချက်ဖြင့် ဂေဟဗေဒတန်ဖိုး (Ecological value) ကို သတ်မှတ်ပါတယ်။ လေ့လာမှုအရ ပုံ (၇) တွင် ဂေဟဗေဒတန်ဖိုး သတ်မှတ်ချက် ကိုဖော်ပြထားရာ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းတည်ရှိရာ ဧရာဝတီမြစ် အထက်ပိုင်းဒေသ သည် ဂေဟဗေဒဆိုင်ရာ တန်ဖိုးအမြင့်ဆုံး မြစ်ဝှမ်းခွဲဒေသဖြစ်သည်ကို တွေ့ရှိရပါတယ် (ပန်းရောင်ဖြင့် ဖော်ပြထားသည်)။ ၎င်းဂေဟဗေဒ တန်ဖိုး အမြင့်ဆုံး မြစ်ဝှမ်းခွဲဒေသများသည် ရေအားလျှပ်စစ်စီမံကိန်း များကြောင့် သဘာဝပတ်ဝန်းကျင် အရည်အသွေးကျဆင်းခြင်း နှင့် တန်ဖိုးဆုံးရှုံးခြင်းများ ဖြစ်နိုင်သည့်အတွက် ရေအား လျှပ်စစ်စီမံကိန်း များ မတည်ဆောက်သင့်ပဲ သဘာဝပတ်ဝန်းကျင်နှင့် လူမှု့တန်ဖိုးများကို ထိန်းသိမ်းကာကွယ်သွားသင့်ပါတယ်။

🟥မြစ်ဆုံစီမံကိန်းနဲ့ ပတ်ဝန်းကျင်ထိခိုက်မှုများ

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းသည် ဧရာဝတီမြစ်ဝှမ်းအတွင်းရှိ အန်မိုင်ခ (မေခ)နှင့် မလိခမြစ်ဆုံတွင် တည်ဆောက်ရန် အဆိုပြု ထားသော လျှပ်စစ်ဓာတ်အားပမာဏ ၆၀၀၀ မဂ္ဂါဝပ်ထုတ်လုပ်မည့် ရေအားလျှပ်စစ်စီမံကိန်း တစ်ခုဖြစ်ပါတယ်။ မြစ်ဆုံ ရေကာတာသည် အရှည် ၁၅၂ မီတာခန့်၊ အမြင့် ၁၅၂ မီတာခန့်ရှိပြီး စတုရန်းကီလိုမီတာ ၇၆၆ ခန့်ကျယ်ဝန်းသော ရေလှောင်ကန်တစ်ခုနှင့် အနက် ၂၉၀ မီတာခန့် ရှိပါတယ်။

မြစ်ဆုံစီမံကိန်းသည် အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ ကုန်ကျ မည်ဟု ခန့်မှန်းထားပြီး မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (China Power Investment Corporation – CPI) နှင့် မြန်မာနိုင်ငံ အေးရှားဝေါလ်ကုမ္ပဏီ (Asia World Company) တို့၏ ပူးပေါင်းအကောင်အထည်ဖော်သောစီမံကိန်း ဖြစ်ပါတယ်။ အဆိုပါအဖွဲ့အစည်းသုံးခုသည် ၂၀၀၉ ခုနှစ်တွင် ရေကာတာ များတည်ဆောက်လည်ပတ်ရန်အတွက် ဧရာဝတီ မြစ်ဆုံ-မြစ်ညာ-မြစ်ဝှမ်း ရေအားလျှပ်စစ်ကုမ္ပဏီလီမိတက်ကို တည်ထောင်ခဲ့ပါတယ်။

၎င်းရေကာတာတည်ဆောက်လုပ်ရေးလုပ်ငန်းကို ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့သော်လည်း အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအုပ်စုများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများပါဝင်သော လူထုဆန္ဒပြမှုများကြောင့် ၂၀၁၁ ခုနှစ် တွင် မြန်မာအစိုးရမှ တရားဝင်ရပ်ဆိုင်းခဲ့ပါတယ်။ အဓိကအားဖြင့် မြစ်ဆုံစီမံကိန်းကို တရုတ်နိုင်ငံပိုင်ကုမ္ပဏီမှ တည် ဆောက်ပြီး လျှပ်စစ်ဓာတ်အားအများစု (~၉၀%) ကို တရုတ်နိုင်ငံသို့ တင်ပို့ရန် စီစဉ်ထားသည့်အတွက် အချုပ်အခြာ အာဏာနှင့် တရားမျှတသော အကျိုးအမြတ်ခွဲဝေမှုဆိုင်ရာ အငြင်းပွားမှုများကို ဖြစ်စေပါတယ်။

မူလစီမံကိန်းစာချုပ်ပါ စည်းကမ်းချက်များအရ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် နှိုင်းယှဉ်ပါက လျှပ်စစ်ဓာတ်အား အနည်းငယ်သာ ရရှိမည် ဖြစ်ပြီး ဒေသခံပြည်သူများ၏အကျိုးကျေးဇူးရရှိရန်အတွက်လည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ယခုအခါ မြန်မာ စစ်အစိုးရသည် နည်းပညာဆိုင်ရာကော်မတီများမှ တရုတ်မိတ်ဖက်များနှင့် ဆွေးနွေးမှုများ ပြန်လည်စတင်နေပြီး စီမံကိန်း ကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းလျက်ရှိပါတယ်။

မြစ်ဆုံစီမံကိန်း လုပ်ဆောင်အကောင်အထည်ဖော်ပါက ဧရာဝတီမြစ် ၏ မြစ်ရေစီးကြောင်းပြောင်းလဲမှုများကို ဦးစွာဆွေးနွေးချင်ပါတယ်။ ဧရာဝတီမြစ်ဝှမ်းအတွင်း လက်ရှိ အကောင်အထည်ဖော်နေသော ရေအားလျှပ်စစ်စီမံကိန်း ၁၄ ခု (စုစုပေါင်းလျှပ်စစ်ဓာတ်အား ၂, ၁၀၀ မဂ္ဂါဝပ်) ရှိပါတယ်။ နောက်ထပ် ရေအားလျှပ်စစ်စီမံကိန်း ၃၀ ခုကို တည်ဆောက်ရန် အဆိုပြုထားပြီးဖြစ်ပါတယ်။ ၎င်းစီမံကိန်းများတွင် အလွန်ကြီးမားသော စီမံကိန်း ၈ ခု ပါဝင်ပြီး ပင်မမြစ်ကြောင်းပေါ်ရှိ မြစ်ဆုံစီမံကိန်းနှင့် ထမံသီးစီမံကိန်း ၂ ခု၊ အန်မိုင်ခမြစ်အပေါ်ပိုင်း စီမံကိန်း ၅ ခု နှင့် မလိခမြစ်အပေါ်ပိုင်း စီမံကိန်း ၁ ခု ဖြစ်ပါတယ်။ ကျန်သေးငယ်သော စီမံကိန်း ၂၂ ခုမှာ မြစ်ဝှမ်းတစ်လျှောက်တွင် တည်ရှိပါတယ်။

ဧရာဝတီမြစ်အထက်ပိုင်း ရေအားလျှပ်စစ်ဖွံ့ဖြိုးရေးအတွက် အဓိကထား အများဆုံးထုတ်လုပ်ရန် အဆိုပြုထားသော မြစ်ဝှမ်းဒေသခွဲမှာ အန်မိုင်ခဖြစ်ပြီး စီမံကိန်းအကြီး ၅ ခု နှင့် အသေးစားစီမံကိန်း ၂ ခု တည်ဆောက်မှာ ဖြစ်ပါတယ်။ အန်မိုင်ခမြစ်ဝှမ်းခွဲမှ စုစုပေါင်း လျှပ်စစ် ဓာတ်အားပမာဏ ၁၁၃, ၉၅ မဂ္ဂါဝပ် ထုတ်ပေးမှာ ဖြစ်ပြီး မလိခမြစ်ဝှမ်းခွဲ (၁၉၀၀ မဂ္ဂါဝပ်) နှင့် နော်ချမ်းခ မြစ်ဝှမ်းခွဲ (၁၂၀၀ မဂ္ဂါဝပ်) တို့သည်လည်း ဒုတိယအများဆုံးထုတ်လုပ်ပေးမည့် မြစ်ဝှမ်းခွဲ များဖြစ်ပါတယ်။ မြစ်ဆုံ စီမံကိန်းမှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားပမာဏာမှာ ၆၀၀၀ မဂ္ဂါဝပ် ဖြစ်ပါတယ်။

ဧရာဝတီမြစ်ဝှမ်းအတွင်း အဆိုပြုထားသောစီမံကိန်းအားလုံးကို အကောင်အထည်ဖော်ပါက မြစ်ရေစီးဆင်းမှု၊ နုန်းအနည် အနှစ် သယ်ယူပို့ချမှုနှင့် မြစ်ကြောင်းအတွင်း ရေနေဂေဟစနစ်များအပေါ် မူလသဘာဝအတိုင်း ပြန်မရနိုင်သော ထိခိုက် မှုများ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ထိုမှတဆင့် ကမ်းရိုးတန်းနှင့် ပင်လယ်ဂေဟစနစ်များကိုပါ ဆိုကျိုး သက်ရောက်မှာ ဖြစ်ပါတယ်။ မြစ်ဆုံနှင့် ထမံသီ ရေအားလျှပ်စစ်စီမံကိန်းသည် များစွာသော နုန်းအနယ်အနှစ်များကို ဖမ်းယူထိန်းသိမ်း ထားမည်ဖြစ်ပြီး ပင်မရေစီးကြောင်းနှင့်ဆက်သွယ်မှုသာမက ရေစီးဆင်းမှုစနစ်ကိုပါ ရာသီအလိုက် ထိခိုက်လာမှာ ဖြစ်ပါတယ်။

ပုံ (၉) တွင် ဧရာဝတီမြစ်၏ သဘာဝရေစီးဆင်းနှုန်း (အပြာရောင်မျဥ်း)၊ လက်ရှိ ရေအားလျှပ်စစ် (၁၄) ခု ဖြင့် ထိန်းညှိ ထားသော ရေစီးဆင်းနှုန်း (အနီရောင်မျဥ်း)နှင့် ရေအားလျှပ်စစ် (၃၀) ခု ဖွံ့ဖြိုးလာပါက ထိန်းညှိထားသော ရေစီးဆင်းနှုန်း (အစိမ်းရောင်မျဥ်း) များကို နှိုင်းယှဉ်ထားပါတယ်။ နှိုင်းယှဉ်မှုများအရ လက်ရှိ ရေအားလျှပ်စစ် (၁၄) ခု ဖြင့် ထိန်းညှိထား သော ရေစီးဆင်းနှုန်း (အနီရောင်မျဥ်း) သည် သတ္တုတူးဖော်ခြင်းနှင့် သစ်တောပြုန်းတီးခြင်းများကြောင့် နုန်းအနည်အနှစ် များ တိုးလာမှုနှင့် ပေါင်းစပ်လိုက်သောအခါ ဧရာဝတီမြစ် အလယ်ပိုင်းတွင် နုန်းအနည်အနှစ်များ စုပုံလာပြီး ရေကြောင်း သွားလာရေး အခက်အခဲများ ဖြစ်နိုင်ပါတယ်။

ရေအားလျှပ်စစ်စီမံကိန်း (၃၀) ခု ဖွံ့ဖြိုးလာပါက ထိန်းညှိ ထားသော ရေစီး ဆင်းနှုန်း ပြောင်းလဲလာမှုအခြေအနေကို အစိမ်းရောင်မျဥ်း (ပုံ – ၉) ဖြင့် ဖော်ပြထားရာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း သည် မလိခနှင့် အန်မိုင်ခ မြစ်ဖျား ရေစီးဆင်းမှု၏ ၁၀၀% ကို ထိန်းညှိထားမည်ဖြစ်ပြီး၊ ဧရာဝတီမြစ်၏ မြစ်အောက်ပိုင်း တစ်လျှောက်လုံးကို အကျိုးသက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြောင့် ချင်းတွင်းမြစ်သို့ ရေစီးဝင်မှုသည်လည်း ၄၄% ခန့်အထိ လျော့ကျသွားပြီး မြစ်ရေစီးဆင်းမှုကို ကန့်သတ် ထိန်းညှိထားမှုသည် ၆၅% ထက် ကျော်လွန်ကာ၊ ဇလဗေဒဆိုင်ရာပုံစံများ၊ ဘူမိရုပ်သွင်ဆိုင်ရာလုပ်ဆောင်ချက်များနှင့် နုန်းအနည်အနှစ်သယ်ယူ ပို့ဆောင် ရေးလုပ်ငန်းစဉ်များကို ကြီးမားစွာ ပြောင်းလဲစေမှာ ဖြစ်ပါတယ်။ ထို့အပြင် လွတ်လပ်စွာစီးဆင်းသော မြစ်လက်တက် များကိုလည်း အကျိုးသက်ရောက်မှုရှိပြီး မြစ်၏ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်မှာ ဖြစ်ပါတယ်။

🟥မြစ်ဆုံစီမံကိန်း လုပ်ဆောင်သင့်ပါသလား

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြောင့် သဘာဝပတ်ဝန်းနှင့် လူမှုထိခိုက်မှုများသည် စီမံကိန်း တည်ရှိရာ နေရာတွင် သာမက မြစ်အောက်ပိုင်းမှာပါ အကျိုးသက်ရောက်မှုများ ရှိလာမှာ ဖြစ်ပါတယ်။ ရေစီးနှုန်းပြောင်းလဲခြင်း၊ နှုန်းပို့ချမှု လျော့နည်းခြင်း၊ မြစ်ကမ်းပါးနှင့် မြစ်ကြမ်းပြင်တိုက်စားမှု မြင့်တက်ခြင်း၊ ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် အပေါ်မြေလွှာ တိုက်စားပြုန်းတီးခြင်း၊ ရေအရည်အသွေး ယိုးယွင်းကျဆင်းခြင်း၊ ရေနေသတ္တဝါနှင့် ငါးမျိုးစိတ်များ ဆုံးရှုံး ခြင်း၊ စီမံကိန်းတည်ရာဒေသတွင် သစ်တောပြုန်းတီးခြင်းနှင့် ကုန်နေသတ္တဝါများ၏ ကျင်လည်ကျက်စားရာ နေရာများ ပျောက်ဆုံးခြင်း စသည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကို ကြုံတွေ့ရနိုင်ပါတယ်။

ထို့အပြင် မြေယာဆုံးရှုံးခြင်း၊ ဒေသ နေလူထု၏ သစ်တောအသုံးချမှု ဆုံးရှုံးခြင်း၊ ဒေသတွင်း သယံဇာတ လျော့ကျခြင်း၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်း များ ဆုံးရှုံးခြင်း၊ မြစ်အတွင်း ခရီးသွားလာရေးလမ်းကြောင်းများ ဖြတ်တောက်ခံရခြင်းနှင့် အရေးကြီးသည့် ယဥ်ကျေးမှု နှင်ဘာသာရေးနယ်မြေများ ဆုံးရှုံးခြင်း စသည့် လူမှုဝန်းကျင်ထိခိုက်မှု အကျိုးဆက်များကို ခံစားရမှာ ဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်းသည် ပင်မမြစ်ကြောင်းပေါ်တွင် တည်ဆောက်မည်ဖြစ်သောကြောင့် ပင်မမြစ်ကြောင်းနှင့် အခြားသော မြစ်ဝမ်းခွဲများ၏ ဆက်သွယ်နိုင်စွမ်း (river connectivity) ကိုလည်း အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။ ပင်မမြစ် ကြောင်းအပေါ် ရေကာတာကြီးများ တည်ဆောက်ခြင်းသည် မြစ်အတွင်း အတားအဆီးများကို ဖန်တီးပေးပြီး မြစ်ကြောင်းစနစ်တွင် မြစ်ရေစီးဆင်းမှု ပြောင်းလဲခြင်း၊ မြစ်အောက်ပိုင်းတွင် နုန်းအနည်အနှစ်ပမာဏ လျော့နည်းခြင်းနှင့် ရေနေသတ္တဝါများ ကျင်လည် ကျက်စားရာ နေရာများကို ပိုင်းခြားကန့်သတ်ခြင်း စသည့်အကျိုးဆက်များကို ဖြစ်ပေါ် စေမှာ ဖြစ်ပါတယ်။

ဂေဟဗေဒတန်ဖိုးမြင့် မြစ်ဝှမ်းခွဲဒေသများသည် ရေအားလျှပ်စစ်စီမံကိန်းများကြောင့် မြစ်၏ လုပ်ငန်းစဥ်နှင့် သဘာဝ ပတ်ဝန်းကျင် အရည်အသွေးများ ယိုယွင်းပျက်စီးနိုင်သည့်အတွက် သီသန့်ထိန်းသိမ်းထားသင့်ပြီး ဂေဟဗေဒတန်ဖိုး နည်းသော နေရာများတွင်သာ ရေအားလျှပ်စစ်စီမံကိန်းများကို အကောင်အထည်ဖော်သင့်ပါတယ်။ မြစ်ဆုံစီမံကိန်း တည်ရှိရာ ဧရာဝတီမြစ်အထက်ပိုင်းသည် လူသားယဥ်ကျေးမှုတန်ဖိုးနှင့် ဂေဟဗေဒတန်ဖိုးမြင်းမားသော မြစ်ဝမ်းခွဲ ဒေသ ဖြစ်သည့်အတွက် ရေအားလျှပ်စစ်စီမံကိန်းများကို မလုပ်ဆောင်သင့်ပဲ ထိန်းသိမ်းကာကွယ်ထားသင့်ကြောင်း တိုက်တွန်း ရေးသားလိုက်ရပါတယ်။

ဧရာဝတီမြစ် မြစ်ဖျားခံရာ မလိခနှင့် အန်မိုင်ခ မြစ်နှစ်စင်းရှိ ရေကာတာများနှင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြောင့် ဧရာဝတီမြစ်၏ မြစ်အောက်ပိုင်း ထိခိုက်မှုများကို ဖော်ပြရလျှင် နုန်းသယ်ယူ ပို့ဆောင်မှုများ လျော့ကျလာခြင်း၊ နုန်းစီးဝင်မှု နည်းလာသောအကျိုးဆက်ကြောင့် မြစ်လက်တက်များနှင့် မြစ်မကြီးတွင် မြစ်ကမ်းပါး တိုက်စားမှု မြင့်တက်လာခြင်း၊ ကမ်းရိုးတန်းတိုက်စားမှုများ ရှိလာနိုင်ခြင်း၊ မြစ်ကြမ်းပြင် ပြောင်းလဲလာခြင်း (မြစ်ကြမ်းပြင်တွင် အနည်ထိုင်သည့် သဲများ တိုက်စားခံရပြီး ရေစီးကြောင်းမှ မသယ်ဆောင်နိုင်သည့် ကျောက်စရစ်များနှင့် ကျောက်သား ထုများဖြင့်သာပြည့်လာခြင်း၊ မြစ်ကြမ်းပြင်ပိုမို တိုက်စားနိမ့်ကျနိုင်ခြင်း)၊ မြစ်ရေစီးနှုန်းပြောင်လဲခြင်း (ရေစီးကြောင်း စနစ်တွင် မြစ်ရေအလုံးအရင်း စီးဆင်းမှု နည်းပါး၍ ရေစီးအားလျော့နည်းလာခြင်း၊ မြစ်တစ်လျှောက် ရေးစီးနှုန်း နှေးလာပြီး နုန်းသယ်ယူမှုနည်းကာ မြစ်ကြမ်းပြင်လျောစောက် ပိုမိုနိမ့်ကျလာနိုင်ခြင်း) နှင့် မြစ်အောက်ပိုင်း မြေဆီလွှာ ကြွယ်ဝမှုကို ထိခိုက်စေခြင်း စသည့် အကျိုးဆက်များ ဖြစ်လာနိုင်ပါတယ်။

နုန်းအနည်အနှစ်များ စီးဝင်မှု နည်းပါး လာခြင်းနှင့် မြစ်အောက်ပိုင်း မြေဆီလွှာကြွယ်ဝမှုကို ထိခိုက်ခြင်းသည် နိုင်ငံ၏ ဆန်စပါးအများဆုံး ထုတ်လုပ်ပေးသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ စိုက်ပျိုးရေးကဏ္ဍကို သက်ရောက်မှု ရှိလာနိုင်ပါတယ်။ ဤစီမံကိန်း များသည် ရာသီ အလိုက် ရေသိုလှောင်မှုပမာဏ များပြားလာခြင်းကြောင့် ရေအရည်အသွေးကိုလည်း ပြောင်းလဲစေမှာ ဖြစ်ပါတယ်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြောင့် ကုန်းနေ/ရေနေ ဇီဝမျိုးစုံမျိုးကွဲများကို ထိခိုက်နိုင်ပါတယ်။ ဧရာဝတီမြစ် အထက်ပိုင်း မလိခမြစ်ဝမ်းခွဲဒေသသည် ကပွန်ကန်ရာဇီ၊ ဟူးကောင်းချိုင့်ဝှမ်းနှင့် ဘွမ်ပါဘွမ် အပါအဝင် တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောများစွာရှိပါတယ်။ ဤမြစ်ဝမ်းခွဲဒေသသည် ဇီဝမျိုးစုံမျိုးကွဲအများဆုံးရှိပြီး ဒေသမျိုးရင်း ငါးမျိုးစိတ်များ၊ ကျားများ၊ မျိုးသုဉ်းလုနီးပါးရှိသော ငှက်များ၊ လင်းပိုင်များနှင့် အခြားမျိုးစိတ်များ ကျင်လည်ကျက်စားရာ နေရာ ဖြစ်ပါတယ်။

အလားတူ အန်မိုင်ခမြစ်ဝှမ်းဒေသည်လည်း ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်နှင့် ပွန်ကန်ရာဇီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ရှိပြီး ပန်ဒါနီနှင့် snapnose မျောက်အပါအဝင် ဒေသရင်းမျိုးစိတ် ၂၀ ကျော် နေထိုင်ရာ နေရာ ဖြစ်ပါတယ်။ ၎င်းမြစ်ဝှမ်းတွင် ကာကွယ်ထားသောဧရိယာ ၂၇% ကျော် ရှိပါတယ်။ မလိခနှင် အန်မိုင်ခ မြစ်ဝှမ်း ဒေသ နှစ်ခုလုံးတွင် အဓိကဇီဝမျိုးစုံမျိုးကွဲ ဧရိယာများ (KBAs) ၉၀% ကျော်ရှိပြီး သဘာဝသစ်တောဖုံးလွှမ်းမှု ၇၀% ရှိပါတယ်။ မြစ်ဆုံစီမံကိန်းသည် မလိခနှင့် အန်မိုင်ခ မြစ်နှစ်စင်း ပေါင်းဆုံရာတွင် တည်ရှိသောကြောင့် သဘာဝပတ်ဝန်း ကျင် အရည်အသွေးမြင့်သော ဤမြစ်ဝှမ်းဒေသရှိ ရှားပါးမျိုးစိတ်များနှင့် ကုန်နေဂေဟစနစ်ကို တိုက်ရိုက် သော်လည်း ကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိခိုက်နိုင်ပါတယ်။

ဧရာဝတီမြစ် မြစ်ဖျားခံရာ မလိခနှင့် အန်မိုင်ခ မြစ်နှစ်စင်းရှိ ရေကာတာများနှင့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းများ ကြောင့် မြစ်ဆုံနေရာတွင် မြစ်ရေသိုလှောင်ထိန်းထားမှုသည် ဧရာဝတီမြစ်ရေ၏ ၈.၄% ရှိပြီး ရေနေဂေဟစနစ်နှင့် ငါးမျိုးစိတ်တို့အပေါ် ကြီးမားသောသက်ရောက်မှု ရှိမှာ ဖြစ်ပါတယ်။ ရေလှောင်ကန်နှင့် ရေကာတာများ၏ အတားအဆီး များသည် ငါးများ ရွှေ့ပြောင်းသွားလာမှုကို ဟန်တားပိတ်ဆို့ထားပြီး ဒေသခံလူထု၏ ငါးလုပ်ငန်းကိုလည် ထိခိုက်မှာ ဖြစ်ပါတယ်။

လူမှုထိခိုက်မှုအားဖြင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြောင့် ရပ်ရွာလူထုမှ နေရပ်စွန့်ခွာခြင်းနှင့် အသက်မွေးဝမ်း ကြောင်း ဆုံးရှုံးမှုများ တွေ့ကြုံခံစားကြရပါတယ်။ နိုင်ငံတကာမြစ်အဖွဲ့အစည်း၏ မှတ်တမ်းအရ ကျေးရွာပေါင်း ၆၃ ရွာမှ လူဦးရေ ၁၂၀၀၀ ခန့် (အများစုမှာ ကချင်ဌာနေတိုင်းရင်းသားများ) သည် အဓမ္မ ရွှေ့ပြောင်းခံရကြောင်း သိရှိရပါတယ်။ ဤမြစ်ဆုံစီမံကိန်းကြောင့် လူဦးရေ ၂၀၀၀၀ ခန့် ထိခိုက်နစ်နာနိုင်သည်ဟုလည်း ခန်းမှန်းဖော်ပြထားပါတယ်။ ပြောင်းရွှေ့ ခံရသော ဒေသခံတိုင်းရင်းသားများသည်များသည် ဘိုးဘွားပိုင်မြေ၊ လယ်ယာမြေများ၊ ငါးဖမ်းလုပ်ကွက်များ၊ သဘာဝ အခြေပြုခရီးသွားနေရာများ၊ သစ်တော အရင်းအမြစ်များနှင့် ယဉ်ကျေးမှုနေရာများကို ဆုံးရှုံးခဲ့ရပါတယ်။

🟥ရေရှည်တည်တံ့သော ဖွံဖြိုးရေးမူဘောင်

အနာဂတ် ရေအားလျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်ရာတွင် မြစ်ဝှမ်းကျန်းမာရေးအတွက် ကာကွယ် ထိန်းသိမ်းခြင်းအပြင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုတန်ဖိုးများကိုပါ ထည့်သွင်းစဥ်စားရန် ရည်ရွယ်ပြီး ရေရှည်တည်တံ့ သော ဖွံ့ဖြိုးရေးမူဘောင် (Sustainable Development Framework – SDF) ကို လေ့လာအကဲဖြတ်မှုများအပေါ် အခြေခံ၍ ရေးဆွဲထားပါတယ် (IFC၊ ၂၀၂၀)။ SDF သည် ပတ်ဝန်းကျင်နှင့် လူမှုတန်ဖိုးများကို ပိုမို နားလည်သဘော ပေါက်ပြီး ရေအားလျှပ်စစ်ဖွံ့ဖြိုးရေးကဏ္ဍတွင် ရေရှည်တည်တံ့မှုကို မြှင့်တင်ရန် ရည်ရွယ်ထားပါတယ်။ မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်ကဏ္ဍကို လေ့လာထားသော မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ချက် အစီရင်ခံစာပါ ရေရှည်တည်တံ့သော ဖွံဖြိုးရေးမူဘောင် (SDF) ကို မျှဝေဖော်ပြလိုက်ပါတယ်။

ပင်မမြစ်ကြောင်းများ – မြစ်၏ ဂေဟစနစ်လုပ်ငန်းဆောင်တာနှင့် ဝန်ဆောင်မှုသည် မြစ်ကမ်းပါး တစ်လျှောက် နေထိုင်သော လူ့အဖွဲ့အစည်းကို အကျိုး ပြုသည် ဆိုသည့်အချက်ကို အသိအမှတ်ပြုရမည်။

ဂေဟဗေဒတန်ဖိုးအမြင့်ဆုံး မြစ်ဝှမ်းခွဲဒေသများ – ၎င်းမြစ်ဝှမ်းခွဲဒေသများကို ကာကွယ်ရန် အတွက် အရေးပါသော သဘာဝပတ်ဝန်းကျင်နှင့် လူမှု့တန်ဖိုးများကို ဖော်ထုတ်သတ်မှတ်သည်။ ရေအားလျှပ်စစ်ဖွံ့ဖြိုးမှုကြောင့် ထူးကဲစွာ အရည်အသွေး ကျဆင်းခြင်း နှင့် ဆုံးရှုံးခြင်းများ ဖြစ်နိုင်ခြေရှိသည်။

ဂေဟဗေဒတန်ဖိုးအလယ်အလတ်အဆင့် မြစ်ဝှမ်းခွဲဒေသများ – ဤမြစ်ဝှမ်းခွဲသည် အရေးပါသော ထိခိုက်မှု ဖြစ်ပေါ် လာနိုင်ခြေရှိ/မရှိ ဆန်းစစ်ရမည်။ ရေအားလျှပ်စစ်ဖွံ့ဖြိုးမှုနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းမှု နှစ်ခုလုံးကို လုပ်ဆောင်နိုင်သည့်နေရာများကို ဆုံးဖြတ်ရန် နောက်ထပ်သတင်းအချက်အလက်များကို ရှာဖွေရမည်။

ဂေဟဗေဒတန်ဖိုးအနိမ့်ဆုံး မြစ်ဝှမ်းခွဲဒေသ – ဤမြစ်ဝှမ်းဒေသသည် ရေအားလျှပ်စစ်ဖွံ့ဖြိုးမှုကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှု့တန်ဖိုးများကို ထိခိုက်မှု မရှိနိုင်ပဲ ရေအားလျှပ်စစ်ဖွံ့ဖြိုးမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအတွက် အကျိုးရှိစေမည့် အခွင့်အလမ်းများ ရှိနိုင်သည့် မြစ်ဝှမ်းဒေသဖြစ်သည်။

မြန်မာနိုင်ငံရှိ ပင်မမြစ်ကြောင်းများမှာ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ မဲခေါင်မြစ်နှင့် စစ်တောင်းမြစ် တို့ ဖြစ်ပါ တယ်။ ဤပင်မမြစ်ကြောင်းများသည် မြစ်ဝှမ်းအတွင်း မြစ်ဝှမ်းခွဲဒေသရှိ ရေဆင်းဧရိယာများကို ပင်လယ်နှင့် ဆက်သွယ် ပေးပြီး မြစ်ရေ စီးဆင်းမှု၊ နုန်းအနည်အနှစ်များနှင့် ရေနေဂေဟစနစ်များအတွက် အတားအဆီးမရှိ ချိတ်ဆက်မှုကို ပံ့ပိုး ပေးပါတယ်။

ပင်မမြစ်ကြောင်းသည် အရေးကြီးသော မြစ်လုပ်ငန်းစဉ်များကို လုပ်ဆောင်သောကြောင့် ပင်မမြစ်ကြောင်း အတွင်း ဂေဟဗေဒတန်ဖိုးနှင့် လူမှုတန်ဖိုးမြင့်သောနေရာများတွင် ရေအားလျှပ်စစ်စီမံကိန်းများနှင့် အခြားသော ရေအရင်း အမြစ်အသုံးချမှုများ (စိုက်ပျိုးရေးနှင့် ရေပေးဝေရေးဆည်များ) မပြုလုပ်ပဲ ထိန်းသိမ်းကာကွယ် ထားသင့်ပါတယ်။

🟥မြစ်ဆုံစီမံကိန်း ပြန်လုပ်ဆောင်သင့်ပါသလား

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြောင့် သဘာဝပတ်ဝန်းနှင့် လူမှုထိခိုက်မှုများသည် စီမံကိန်း တည်ရှိရာ နေရာတွင် သာမက မြစ်အောက်ပိုင်းမှာပါ အကျိုးသက်ရောက်မှုများ ရှိလာမှာ ဖြစ်ပါတယ်။ ရေစီးနှုန်းပြောင်းလဲခြင်း၊ နှုန်းပို့ချမှု လျော့နည်းခြင်း၊ မြစ်ကမ်းပါးနှင့် မြစ်ကြမ်းပြင်တိုက်စားမှု မြင့်တက်ခြင်း၊ ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် အပေါ်မြေလွှာ တိုက်စားပြုန်းတီးခြင်း၊ ရေအရည်အသွေး ယိုးယွင်းကျဆင်းခြင်း၊ ရေနေသတ္တဝါနှင့် ငါးမျိုးစိတ်များ ဆုံးရှုံး ခြင်း၊ စီမံကိန်းတည်ရာဒေသတွင် သစ်တောပြုန်းတီးခြင်းနှင့် ကုန်နေသတ္တဝါများ၏ ကျင်လည်ကျက်စားရာ နေရာများ ပျောက်ဆုံးခြင်း စသည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကို ကြုံတွေ့ရနိုင်ပါတယ်။

ထို့အပြင် မြေယာဆုံးရှုံးခြင်း၊ ဒေသ နေလူထု၏ သစ်တောအသုံးချမှု ဆုံးရှုံးခြင်း၊ ဒေသတွင်း သယံဇာတ လျော့ကျခြင်း၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်း များ ဆုံးရှုံးခြင်း၊ မြစ်အတွင်း ခရီးသွားလာရေးလမ်းကြောင်းများ ဖြတ်တောက်ခံရခြင်းနှင့် အရေးကြီးသည့် ယဥ်ကျေးမှု နှင်ဘာသာရေးနယ်မြေများ ဆုံးရှုံးခြင်း စသည့် လူမှုဝန်းကျင်ထိခိုက်မှု အကျိုးဆက်များကို ခံစားရမှာ ဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်းသည် ပင်မမြစ်ကြောင်းပေါ်တွင် တည်ဆောက်မည်ဖြစ်သောကြောင့် ပင်မမြစ်ကြောင်းနှင့် အခြားသော မြစ်ဝမ်းခွဲများ၏ ဆက်သွယ်နိုင်စွမ်း (river connectivity) ကိုလည်း အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။ ပင်မမြစ် ကြောင်းအပေါ် ရေကာတာကြီးများ တည်ဆောက်ခြင်းသည် မြစ်အတွင်း အတားအဆီးများကို ဖန်တီးပေးပြီး မြစ်ကြောင်းစနစ်တွင် မြစ်ရေစီးဆင်းမှု ပြောင်းလဲခြင်း၊ မြစ်အောက်ပိုင်းတွင် နုန်းအနည်အနှစ်ပမာဏ လျော့နည်းခြင်းနှင့် ရေနေသတ္တဝါများ ကျင်လည် ကျက်စားရာ နေရာများကို ပိုင်းခြားကန့်သတ်ခြင်း စသည့်အကျိုးဆက်များကို ဖြစ်ပေါ် စေမှာ ဖြစ်ပါတယ်။

ဂေဟဗေဒတန်ဖိုးမြင့် မြစ်ဝှမ်းခွဲဒေသများသည် ရေအားလျှပ်စစ်စီမံကိန်းများကြောင့် မြစ်၏ လုပ်ငန်းစဥ်နှင့် သဘာဝ ပတ်ဝန်းကျင် အရည်အသွေးများ ယိုယွင်းပျက်စီးနိုင်သည့်အတွက် သီသန့်ထိန်းသိမ်းထားသင့်ပြီး ဂေဟဗေဒတန်ဖိုး နည်းသော နေရာများတွင်သာ ရေအားလျှပ်စစ်စီမံကိန်းများကို အကောင်အထည်ဖော်သင့်ပါတယ်။ မြစ်ဆုံစီမံကိန်း တည်ရှိရာ ဧရာဝတီမြစ်အထက်ပိုင်းသည် လူသားယဥ်ကျေးမှုတန်ဖိုးနှင့် ဂေဟဗေဒတန်ဖိုးမြင်းမားသော မြစ်ဝမ်းခွဲ ဒေသ ဖြစ်သည့်အတွက် ရေအားလျှပ်စစ်စီမံကိန်းများကို မလုပ်ဆောင်သင့်ပဲ ထိန်းသိမ်းကာကွယ်ထားသင့်ကြောင်း တိုက်တွန်း ရေးသားလိုက်ရပါတယ်။

ကိုးကားစာရင်း

– The Strategic Environmental Assessment (SEA) of the Myanmar Hydropower Sector (IFC, 2020)

– Sub-basin Evaluation (IFC, 2017)

– Environmental Impact Assessment For Myitsone Dam, Changjiang Institute of Survey, Planning, Design and Research (CISPDR)

– Myitsone Hydroelectric Project (International River, September 2011)

– The Ayeyarwady River and The Economy of Myanmar (Vol. 1 & Vol. 2, WWF Myanmar, 2018)