Connect with us

Hi, what are you looking for?

အယ်ဒီတာထံ ပေးစာ/ ပြန်စာ

မြန်မာ့ကမ်းရိုးတန်းက ပင်လယ်နေ နို့တိုက်သတ္တဝါနဲ့ ဝေလငါးမန်းတို့ကို လူမှုကွန်ရက်အသုံးပြု လေ့လာရာ ဖြစ်ရပ် ၁၆၀ ကျော် တွေ့ရှိ

မြန်မာ့ပင်လယ် ကမ်းရိုးတန်းတလျှောက် ပင်လယ်နေနို့တိုက်သတ္တဝါတွေနဲ့ ဝေလငါးမန်းတို့ရဲ့ ပျံ့နှံ့မှုကို လူမှုကွန်ယက် စာမျက်နှာဖေ့ဘွတ် အသုံးပြုပြီး အချက်အလက်ကောက်ယူ သုတေသနကို ၇ နှစ်ကြာပြုလုပ်လာရာ ဖြစ်ရပ်ပေါင်း ၁၆၄ ခုကို မှတ်တမ်းတင်နိုင်တယ်လို့ Myanmar Coastal Conservation Lab (MCCL) ထံမှ သိရပါတယ်။

၂၀၁၉ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ လူမှုကွန်ယက်စာမျက်နှာကနေ ပင်လယ်နေ နို့တိုက်သတ္တဝါတွေကို အချက်အလက် ကောက်ယူ စုဆောင်းတဲ့ သုတေသန ပြုလုပ်ခဲ့ရာ ၎င်းတို့ကို မျက်မြင်တွေ့ရှိမှု၊ သောင်တင်မှု၊ သေဆုံးမှု၊ မတော်တဆ ဖမ်းဆီးရမိမှု၊ ရောင်းချမှုနဲ့ စားသုံးမှု စတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို တွေ့ရှိရတယ်လို့ MCCL က ဖေဖော်ဝါရီလ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဝေလငါးတွေကို ၄၀ ကြိမ်၊ လင်းပိုင်းတွေကို ၈၀ ကြိမ်၊ လင်းရှုူးတွေကို ၁၁ ကြိမ်၊ ရေဝက်တွေကို ၆ ကြိမ်၊ ပင်လယ်နေ နို့တိုက်သတ္တဝါ မဟုတ်တဲ့ ဝေလငါးမန်းတွေကိုလည်း ၂၇ ကြိမ် တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အချက်အလက်ဆန်းစစ်ရမှုတွေထဲမှာ ပင်လယ်နေ နို့တိုက်သတ္တဝါမျိုးစိတ်တွေ ဖြစ်တဲ့ စစ်တောင်း ဝေလငါး (ခေါ်) ဘရိုက်ဒ် ဝေလငါး၊ ကူဗီယာ နှုတ်သီးပါ ဝေလငါး၊ လောင်းမန်း နှုတ်သီးချွန် ဝေလငါး၊ သွားယှက်နှုတ်သီးပါ ဝေလငါး၊ အသားစား ဝေလငါး၊ စပမ်း ဝေလငါးပု၊အသားစား ဝေလငါးတု၊ ဧရာဝတီလင်းပိုင်၊ ကျောဘို့လင်းပိုင်၊ ကြောင်လိမ် ဂျွန်းထိုးလင်းပိုင်၊ စင်းကြားလင်းပိုင်၊ ပုလင်းနှုတ်သီးလင်းပိုင်၊ ကျောဆူးတောင်မပါလင်းရှူးနဲ့ ရေဝက်အပြင် ငါးမျိုးစိတ်ထဲမှာ အကြီးဆုံးမျိုးစိတ်ဖြစ်တဲ့ ဝေလငါးမန်းမျိုးစိတ်တို့ကို မှတ်တမ်းတင်၊ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အဆိုပါ‌ ဖြစ်ရပ်တွေ့ရှိမှု ၁၆၀ ကျော်ထဲမှာ သဘာဝအတွင်း အသက်ရှင်လျက် တွေ့ရှိမှု ၆၁ ကြိမ်၊ သောင်တင်ခြင်း ၇၈ ကြိမ်ထဲမှာ အသက်ရှင်လျက် ပြန်လွှတ်ပေးနိုင်မှု ၁၇ ကြိမ်၊ ငါးဖမ်းပိုက်မှာ မတော်တဆ ဖမ်းမိခြင်း ၁၉ ကြိမ်အထိ ရှိပြီး ၎င်းတို့ကို အသက်ရှင်လျက် ပြန်လွှတ်ပေးနိုင်မှု ၃ ကြိမ်နဲ့ သတင်းအချက်အလက် ဆန်းစစ် မရနိုင်တဲ့ ဖြစ်ရပ် ၂ ခုတို့ ရှိတယ်လို့ သိရပါတယ်။

တချို့ဖြစ်ရပ်တွေဟာ လျှပ်စစ်ရှော့တိုက်ခံရခြင်း၊ ငါးဖမ်းပိုက်မှာ မတော်တဆ ဖမ်းမိခြင်းနဲ့ လှေနဲ့ မတော်တဆ တိုက်မိခြင်း စတဲ့ အကြောင်းရင်းတို့ကိုလည်း တွေ့ရှိရပြီး ၎င်းတို့ရဲ့ နောက်ဆက်တွဲ ဖြစ်ပွားမှုတွေကိုတော့ မသိရဘူးလို့ MCCL က ထုတ်ပြန်ပါတယ်။

“မိမိတို့အနေဖြင့် လင်းရှူး၊ လင်းပိုင်၊ ဝေလငါး၊ ရေဝက် စတဲ့သတ္တဝါများ ရေကူးနေသည် ဖြစ်စေ၊ အရှင် (သို့) အသေ သောင်တင်နေသည် ဖြစ်စေ စတဲ့ ဖြစ်ရပ်များ ကြုံတွေ့ခဲ့ ပါက ကိုယ်တိုင် လူမှုစာမျက်နှာ (Facebook post) ပေါ်သို့ ဝေမျှ၍ သော်လည်းကောင်း MCCL အဖွဲ့အား ဆက်သွယ် အကြောင်းကြား၍ သော်လည်းကောင်း သုတေသနမှာ ပါဝင်နိုင်ပါတယ်။ ဤကဲ့သို့လုပ်ဆောင်ခြင်းသည် “Citizen Science” ဟူသော ပြည်သူများ ပူးပေါင်းပါဝင်သည့် သိပ္ပံသတင်းအချက်အလက် ကောက်ယူခြင်းတွင် ပါဝင်ခြင်းဖြစ်သည် ဤလုပ်ဆောင်မှုသည် မိမိတို့ နိုင်ငံတွင်ရှိသည့် သဘာဝအရင်းအမြစ်များ၏ အခြေအနေများကို အများသိအောင် ဝေမျှနိုင်ခြင်းလည်း ဖြစ်ပါသည်” လို့ MCCL က ပြောပါတယ်။

လူမှုကွန်ယက်မှာ မျှဝေပေးခြင်းနဲ့ ထိန်းသိမ်းရေးအဖွဲ့တွေကို သတင်းအချက်အလက် ပေးပို့ပါက ဒေသခံပြည်သူတွေအနေနဲ့ မျိုးစိတ်ကို လွယ်ကူစွာ ခွဲခြားဖော်ပြနိုင်ဖို့အတွက် သတ္တဝါရဲ့ ထင်ရှားတဲ့ ပုံသဏ္ဍာန်၊ အစိတ်အပိုင်းတွေကို ဓါတ်ပုံရိုက်ယူပြီး လုပ်ဆောင်သင့်တယ်လို့ MCCL က အကြံပြုထားပါတယ်။

အဆိုပါတွေ့ရှိမှု ၁၆၀ ကျော်ဟာ ဖေ့ဘွတ်မှာ လက်လှမ်းမိသမျှသာ မှတ်တမ်းတင် ပြုစုနိုင်ခဲ့ခြင်းဖြစ်ပြီး ဝေမျှထားခြင်း မရှိတဲ့ ဖြစ်ရပ်ပေါင်း များစွာ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တချို့ မျိုးစိတ်တွေဟာ သောင်တင်သေဆုံးတဲ့အချိန်မှာ ပုပ်ပွာနေတဲ့အတွက် မျိုးစိတ်မခွဲခြားနိုင်တဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး

ဇီဝမျိုးစုံမျိုးကွဲ

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ သံပုရာကန်ရွာအနီးရှိ မန်းသံပုရာကန် ရေနံချက်စက်ရုံနဲ့ ကပစ – ၂ တို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ NUG အစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)က ဒီနေ့ဖေဖော်ဝါရီလ ၂၈ ရက်မှာ ကြေညာပါတယ်။ ဖေဖော်ဝါရီလ...