Connect with us

Hi, what are you looking for?

သတင်း

ရခိုင်မှာ မြောက်ဦးဘုရင်ခေတ်က ရှေးဟောင်းရတနာတွေနဲ့ ငွေဒင်္ဂါး၁၅၀ ကျော် တွေ့ရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ရခိုင်ဘုရင်လက်ထက်က ရှေးဟောင်းရတနာ ပစ္စည်းတချို့နဲ့ ငွေဒင်္ဂါး ၁၅၀ ကျော် တွေ့ရှိတယ်လို့ ရခိုင်ဒေသတွင်း သတင်းဌာနတချို့က ရေးသားပါတယ်။

ဇန်နဝါရီလ ၂၄ ရက် ညနေ ၅ နာရီခန့်မှာ မြောက်ဦးမြို့က ကလေးငယ်တွေ ဘောလုံးကစားနေရာမှာ မြောက်ဦးခေတ် ရခိုင်ဘုရင်လက်ထက်မှာ သုံးစွဲခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေနဲ့ ငွေဒင်္ဂါးတွေကို တွေ့ရှိခြင်းဖြစ်တယ်လို့ Arakan Bay News က ရေးသားပါတယ်။

အချင်း ၁ လက်မခန့်ရှိတဲ့ ကျောက်စိမ်း ၁ တုံး၊ ရွှေပုရပိုက် ၁ ခု၊ ရွှေလက်စွပ် ၃ ကွင်း၊ ရွှေအပိုင်းအစငယ်တွေနဲ့ ရခိုင်ဘုရားတွေအနက်မှ စန္ဒသုဓမ္မရာဇာနဲ့ နရပတိကြီး နာမည်ပါ ငွေဒင်္ဂါး ၁၅၀ ကျော်တို့ကို တွေ့ရှိခြင်းဖြစ်ပါတယ်။

အဆိုပါပစ္စည်းတွေကို ၇ တန်းကျောင်းသား မောင်ဖြိုးမြတ်ဦးနဲ့ ၅ တန်းကျောင်းသား မောင်စိုးအောင်မင်းတို့က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ ၎င်းရှေးဟောင်းပစ္စည်းတွေ တွေ့ရှိတဲ့ နေရာကို ULA/ AA၊ အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရရဲ့ ရဲတပ်ဖွဲ့ (DLEPS) ဝင်တွေက လုံခြုံရေးယူကာ စောင့်ကြပ်နေတယ်လို့ သိရပါတယ်။