သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ ရေကြီးခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခတ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းတို့ကြောင့် မြေမြှုပ်မိုင်း အပါအဝင် စစ်လက်ကျန်ပစ္စည်းတွေဟာ တည်နေရာပြောင်းလဲခြင်း၊ မြေအောက်မှ ပြန်လည် ပေါ်ထွက်လာခြင်း၊ အရပ်သားတွေနဲ့ သက်ဆိုင်တဲ့ နေရာသို့ ရွေ့လျားရောက်ရှိလာခြင်းစတဲ့ အန္တရာယ်တွေ ဖြစ်ပေါ်တတ်တဲ့အတွက် အောက်ပါတို့ကို သတိပြုသင့်ပါတယ်-
(၁) နေရာပြောင်းရွှေ့ခြင်း –
ပေါက်ကွဲစေနိုင်တဲ့ စစ်လက်နက်ပစ္စည်းတွေက ရေကြီးခြင်း၊ မြေပြိုခြင်း၊ မြစ်ရေတိုက်စားခြင်းတို့ကြောင့် မူလနေရာမှ အခြားနေရာတွေသို့ ရွေ့လျားရောက်ရှိသွားနိုင်ပါတယ်။
(၂) အရပ်သားနေရာတွေသို့ ရောက်ရှိလာခြင်း –
စစ်ရေးနေရာတွေမှာ အသုံးပြုထားတဲ့ မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်တွေက ရေစီးနဲ့အတူ လူနေအိမ်တွေ၊ လယ်ယာ၊ လမ်းမတွေနဲ့ ရေတွင်းရေကန်တွေအထိ ရောက်ရှိလာနိုင်ပါတယ်။
(၃) မြေသားအောက်မှ ပေါ်ထွက်လာခြင်း –
မြေပြိုကမ်းပြိုခြင်းနဲ့ မြေလွှာတွေ ပြတ်ရွေ့ခြင်းတို့ကြောင့် ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေကို မြေသားတွေ ဖုံးအုပ်စေနိုင်သလို ယခင်က မြေအောက်မှာ ရှိနေတဲ့ စစ်ကျန်ပစ္စည်းတွေ ပြန်လည်ပေါ်ထွက်လာနိုင်ပါတယ်။
(၄) မိုင်းသတိပေး အမှတ်အသားတွေ ပျက်စီးခြင်း –
မိုင်းအန္တရာယ်သတိပေးဆိုင်းဘုတ်တွေ၊ အကာအရံတွေနဲ့ အချက်ပြ အမှတ်အသားတွေဟာ သဘာဝဘေးကြောင့် ပျက်စီးသွားနိုင်ပြီး အန္တရာယ်ဇုန်ကို ခွဲခြားသိရှိရန် ခက်ခဲစေပါတယ်။
(၅) မိုင်းရှင်းလင်းရန် ခက်ခဲခြင်း –
စစ်ကျန်ပစ္စည်းတွေကို တွေ့ရှိချိန်မှာ သဘာဝဘေးအန္တရာယ်ကျရောက်နေခြင်းကြောင့် တာဝန်ရှိအဖွဲ့အစည်းတွေကို ဆက်သွယ်ရန် ခက်ခဲခြင်းနဲ့ မိုင်းရှင်းလင်းရေးအဖွဲ့တွေအနေနဲ့ ယင်းပစ္စည်းတွေ ဖယ်ရှားရေးလုပ်ငန်းတွေမှာ နှောင့်နှေးကြန့်ကြာနိုင်ပါတယ်။
(၆) ဘေးသင့်ပြည်သူများအတွက် ရုပ်ပိုင်းစိတ်ပိုင်းထိခိုက်မှုများခြင်း –
ဘေးသင့်ပြည်သူတွေဟာ သဘာဝဘေးကြောင့် လူမှုဒုက္ခတွေ ခံစားရချိန်မှာ စစ်လက်နက်ပစ္စည်းတွေ အန္တရာယ်ကြောင့် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုတွေ ထပ်မံကြုံတွေ့ရနိုင်ပါတယ်။
ဒေသတာဝန်ရှိအဖွဲ့အစည်းတွေ၊ ပြည်သူတွေအနေနဲ့ သဘာဝဘေးကျရောက်ပြီးနောက် အရေးပေါ် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ မြေမြှုပ်မိုင်း၊ စစ်ကျန်ပစ္စည်းတွေနဲ့ မတော်တဆ ထိတွေ့မိနိုင်ခြေ မြင့်မားတဲ့အတွက် အထူးသတိပြု ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်ထားပါတယ်။
ကိုးကား – NUG အစိုးရ












































