စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတို့မှာ မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့ ဆည်ရေတွေ ဖောက်ထုတ်ခြင်းတို့ကြောင့် မြို့ပေါင်း ၂၁ မြို့မှာ ရေလွှမ်းမိုးမှု ဖြစ်ပွားနေပြီး သေဆုံးသူ ၂၅ ဦးနဲ့ ပျောက်ဆုံးသူ ၈ ဦးအထိ တိုးလာနေတယ်လို့ NUG အစိုးရထံမှ သိရပါတယ်။
အဆိုပါ မြို့ပေါင်း ၂၀ ကျော်က ဒေသခံပြည်သူ ၄ သိန်းခွဲကျော်ဟာ ရေကြီးရေလျှံမှုဒဏ်ကို ဆိုးရွားစွာ ခံစားနေရပြီး သောက်သုံးရေ၊ အသင့်စား အစားအသောက်တွေ၊ ရေနဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေး ပစ္စည်းတွေ၊ စက်သုံးဆီနဲ့ ထောက်ပို့ ပို့ဆောင်ရေးအကူအညီ၊ အရေးပေါ်ဆေးဝါး၊ ယာယီတဲနဲ့ မိုးကာစတွေ စတဲ့ အခြေခံလူသားချင်းစာနာအကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်။
စစ်ကိုင်းယူနစ်ဟာ ရေဘေးကြောင့် ထိခိုက်ဆုံးရှုံးမှု အဆိုးဝါးဆုံး ခံစားနေရပြီး ဩဂုတ်လ ၁၂ ရက် စာရင်းအရ မြို့နယ် ၁၄ ခုရှိ အိမ်ထောင်စု ၁, ၈၀၀ ကျော်က ဒေသခံလူထု နှစ်သိန်းနှစ်သောင်းကျော်ဟာ ရေဘေးသင့်နေပါတယ်လို့ NUG အစိုးရထံမှ သိရပါတယ်။
မန္တလေးယူနစ်ထဲမှာ မြို့နယ် ၃ ခုရှိ အိမ်ထောင်စု ၄,၄၀၀ ကျော်က လူဦးရေ တစ်သိန်းရှစ်သောင်းကျော်၊ မကွေးယူနစ်ထဲက မြို့နယ် ၁ ခုရှိ အိမ်ထောင်စု ၂၀၀ ကျော်မှ လူဦးရေ ၈၅၀ ကျော်၊ ဧရာဝတီတိုင်းရှိ မြို့နယ် ၃ခုမှ အိမ်ထောင်စု ၉၅,၀၀ ကျော်မှ လူဦးရေး လေးသောင်းကျော်ဟာ ရေဘေးဒဏ်သင့်နေပါတယ်။
စစ်တပ်နဲ့ တိုက်ပွဲတွေ အပြင်းအထန်းဖြစ်ပွားခဲ့တဲ့ အညာဒေသမှာ ရေဘေးကြောင့် စစ်ဘေးရှောင်စခန်းတွေ ရေမြှုပ်ခြင်း၊ စစ်ရှောင်တဲတွေ ရေထဲ မျောပါခြင်း၊ ကျေးရွာချင်းဆက် လမ်းတံတားတွေ ပျက်စီးခြင်းနဲ့ စိုက်ပျိုးဧက ထောင်ပေါင်းများစွာ ပျက်စီးနေတယ်လို့ ဆိုပါတယ်။
ရေဘေးကြောင့် သက်ကြီးရွယ်အိုတွေ၊ နာတာရျည်ရောဂါခံစားနေရသူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးသူငယ်တွေအတွက် အာဟာရနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပံ့ပိုးဆောင်ရွက်ပေးဖို့ အရေးတကြီး လိုအပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်ကနေ ဩဂုတ် ၁၁ ရက်အတွင်း မိုးများပြီး ရေကြီးတာကြောင့် ဧရာဝတီ၊ ရခိုင်၊ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတို့မှာ ရေဘေးသင့်ပြည်သူ ၁ ဒသမ ၃ သန်းထက်မနည်း ရှိနိုင်တာကို တွေ့ခဲ့ရပါတယ်လို့ ISP – မြန်မာကလည်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။












































