UWSA ဝတပ်နဲ့ တရုတ်ကုမ္ပဏီတစ်ခုတို့ ရှမ်းအရှေ့၊ မိုင်းတုံမြို့နယ်၊ လွယ်ချီလိတ်တောင်မှာ အာဏာသိမ်းပြီး တစ်နှစ်အကြာ အဖြိုက်နက်သတ္တုတူးဖော်မှု စီမံကိန်းတွေကို စတင်ခဲ့ပြီးတော့ ၂၀၂၆ ဖေဖော်ဝါရီလမှ စတင်လို့ တရုတ်ကို အလုံးအရင်းနဲ့ သတ္တုမြေစာ တင်ပို့နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF) က ထုတ်ပြန်လာပါတယ်။
“တရုတ်နဲ့ ရုရှားတို့ အပြိုင်အဆိုင် ရယူရန် ကြိးပမ်းနေကြတဲ့ မိုင်းတုံမြို့နယ်ရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ လွယ်ချီလိတ်တောင် ပတ်ဝန်းကျင်မှ အဖြိုက်နက်သတ္တုသိုက်တွေ” ဆိုတဲ့ အစီရင်ခံစာခေါင်းစဉ်နဲ့ SHRF ရဲ့ ဇွန်လ ၄ ရက်မှာ ကြေညာချက်မှာ ဖော်ပြလာခြင်းဖြစ်ပါတယ်။
ရုရှားကုမ္ပဏီတွေဟာလည်း အာဏာသိမ်းစစ်အုပ်စုနဲ့ ပူးပေါင်းပြီး ၂၀၂၅ မေလထဲ လွယ်ချီလိတ်တောင်မှာ အဖြိုက်နက်နဲ့ ခဲမဖြူသတ္တူတွင်းတွေ လုပ်ကိုင်ခွင့် ရရှိထားပြီး တချို့စီမံကိန်းတွေကို စတင်လာနေပြီလို့ SHRF က ဆိုပါတယ်။
လွယ်ချီလိတ်တောင်မှာ အဖြိုက်နက်၊ ခဲမဖြူအပြင် ရွှေ၊ ငွေ စတဲ့ အခြားသတ္တူတွေလည်း ထွက်ရှိပြီး တူးဖော်ရရှိတဲ့ မြေဇာတွေကို တရုတ်နိုင်ငံသို့ မြေသယ်ကားတွေနဲ့ တင်ပို့နေချိန်၊ တဖက်မှာလည်း ဒေသခံလူထုနဲ့ သဘာဝပတ်ဝန်းကျင်တွေ၊ စိုက်ပျိုးမြေတွေ၊ ချောင်းတွေဟာ ထိခိုက်ပျက်စီးလာနေတယ်လို့ SHRF က သတိပေးထုတ်ပြန်ပါတယ်။
အဆိုပါသတ္တူတွင်းတွေကို ဒေသခံလူထုက ကန့်ကွက်ခဲ့ပေမယ့် အာဏာသိမ်းကာလ၊ ပြည်တွင်းစစ်ပဋိပက္ခပြင်းထန် နေချိန်မှာ ဝတပ်၊ တရုတ်၊ ရုရှားတို့က အာဏာသိမ်းစစ်အုပ်စုနဲ့ ပူးပေါင်းပြီး တရားဥပဒေ ကင်းမဲ့စွာ အလျင်အမြန် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
လွယ်ချီလိတ်တောင်က စစ်အုပ်စု၊ ဝတပ်၊ တရုတ်၊ ရုရှားတို့ရဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး စောင့်ကြည့်လေ့လာကာ လူထုနဲ့ ဒေသရဲ့ နစ်နာမှုတွေ၊ မတရားခံရမှုတွေ၊ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို ထုတ်ပြန်လာတဲ့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF)က ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်ကို Myanmar Nature က ဆက်သွယ်မေးမြန်းထားပါတယ်။
MN – လွယ်ချီလိတ်တောင်တန်းမှာ အခုလို တရုတ်နဲ့ ဝတပ်ဖွဲ့ဟာ သတ္တုတူးဖော်ဖို့ စစ်တပ် အာဏာသိမ်းကာလနဲ့ စစ်ပဋိပက္ခတွေထဲ ဘယ်လိုမျိုး အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့ပါသလဲ၊၊
SHRF – ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းမှာ ၊ နိုင်ငံရေးမတည်မငြိမ်မှုတွေ ဖြစ်လာတဲ့ နောက်ပိုင်းမှာ စစ်ကောင်စီ၊ UWSA ဝတပ်နဲ့ တရုတ်ကုမ္ပဏီတွေဟာ ကျမတို့ ဒီဒေသထဲကို ဝင်ရောက်လာတယ်။ ၂၀၂၂ မှာ တရုတ်ပညာရှင်တွေနဲ့ ဝတပ်တွေက လွယ်ချီလိတ်တောင်ကို ရောက်လာတယ်။ သတ္တုတွေ စတင် တူးတယ်။ ၂၀၂၃ မှာ ဒေသခံတွေက လက်မှတ်ထိုးပြီး ကန့်ကွက်တာတွေ လုပ်တယ်။ ဒါပေမယ့် လုပ်ငန်းတွေ ဆက်လုပ်ဖြစ်တယ်ပေါ့နော်။ ၂၀၂၄ နဲ့ ၂၀၂၅ မှာတော့ သူတို့အနေနဲ့ ဒီစီမံကိန်း အကြီးအကျယ် ဆက်တူးတယ်။ အခုချိန်မှာတော့ ဒီစီမံကိန်းက အပြည့်အဝ လည်ပတ်နေပါတယ်။ တရုတ်ကိုတော့ နေ့တိုင်း၊ နေ့တိုင်း သတ္တုတွေ အများကြီး သယ်ထုတ်နေတဲ့ အဆင့်ကို ရောက်နေပါပြီ။
MN – ရုရှားကလည်း စစ်တပ်နဲ့ ပေါင်းပြီး အဖြိုက်နက်သတ္တူတွင်းရော၊ ခနောက်စိမ်းသတ္တူတွင်းတူးဖော်မှုကော လွယ်ချီလိတ်တောင်မှာ အခုလိုချိန်မှာ ဘာကြောင့် ဝင်ရောက်လုပ်ကိုင်လာတယ်လို့ သုံးသပ်မိပါသလဲ။
SHRF – အဓိက ရုရှားဝင်လာတာက ကျမအနေနဲ့ ထင်တာက သူတို့နိုင်ငံအနေနဲ့၊ လက်ရှိမှာ စစ်အုပ်စုအနေနဲ့ အားကိုးစရာဆိုလို့ ဒီရုရှားတစ်ခုလည်း ရှိတယ်။ အားကိုးစရာ ရရှားတစ်ခုထဲ ရှိတဲ့အခါကြတော့ ရုရှားက စစ်တပ်ဆီကနေ အပေါ်ဆီကနေမှ ဒီသယံဇာတတွေကို ယူလို့ ရမယ်။ စစ်တပ်ကလည်း ရုရှားဆီက စစ်နက်လက်တွေ အများကြီး ဝယ်တယ်။ အဲဒီလို စစ်လက်နက်တွေ ဝယ်တဲ့အခါမှာ ငွေပေးမယ့်အစား သယံဇာတတွေကို တူးလို့ တယ်ဆိုတာမျိုး ဖြစ်နေမလားလို့လည်း သံသယဖြစ်မိပါတယ်။
MN – အဲဒီစီံမံကိန်းဒေသဟာ ဝတပ်နဲ့ စစ်တပ်တို့ ပူးတွဲထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီအစုအဖွဲ့နှစ်ခုက သတ္တုတူးဖော်ရေး စီမံကိန်းတွေမှာ ဘယ်လိုမျိုး အကျိုးတူ ပူးပေါင်းဆောင်ရွက်နေကြတာလဲ၊၊
SHRF – ဝတပ်ဖွဲ့နဲ့ စစ်တပ်က ဒီနေရာမှာ သူတို့ အတူတူ ရှိလာတာ နှစ်ပေါင်း အတော်ကြာပြီ။ ဆိုတော့ ဒီလိုမျိုး အတူတူ လုပ်လာတာက သိပ်တော့ မထူးဆန်းဘူးပေါ့နော်။ အဓိကက အဖြိုက်နက်သတ္တူ တူးဖော်ဖို့ စက်ကိရိယာ တွေကိုလည်း ဒီစစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လမ်းကောင်းတွေကနေ သယ်နေရတာပါပဲ၊၊ အဲဒါကြောင့် ဒီကိစ္စမှာ သူတို အတူတကွ ပူးပေါင်းမှုတွေ ရှိနေတယ်ဆိုတာ သေချာပါတယ်။
MN – အဲဒီစီမံကိန်းကြီးတွေမှာ တရုတ်၊ ရုရှား၊ ဝတပ်ဖွဲ့လည်း ပါနေပါတယ်။ အဲဒီသယံဇာတတူးဖော်မှုတွေကနေ စစ်တပ်ရဲ့ စစ်အာဏာရှင်ယန္တရား ပိုမိုခိုင်မာစေဖို့အတွက် ဘယ်လောက်ထိ ထောက်တိုင်ဖြစ်နေတယ်လို့ မြင်ပါသလဲ။
SHRF – ဒီသယံဇာတ တူးဖော်မှုကနေ နိုင်ငံတကာဝင်ငွေတွေ တော်တော်များများကို စစ်ကောင်စီက ရနေတယ်။ ဒီသယံဇာတတွေကို လိုချင်တဲ့ နိုင်ငံတွေကလည်း ဒီစစ်ကောင်စီကို တရားဝင်မှု ပေးတဲ့ နိုင်ငံတွေ ဖြစ်နေတယ်။ ဒီလိုမျိုး စစ်ကောင်စီကို နိုင်ငံရေးအရ ကူညီထောက်ပံ့ပေးမှုကနေ အကျိုးအမြတ်တွေလည်း ရရှိနေတယ်။ အဲဒါအပြင် ဒီသယံဇာတတွေကနေ ရလာတဲ့ အကျိုးအမြတ်တွေကနေ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူဖို့လည်း အသုံးဝင်တယ်ပေါ့နော်။
MN – ဒေသခံတွေရဲ့ ကျန်းမာရေးနဲ့ စိုက်ပျိုးရေးအပေါ် စတင်သက်ရောက်မှုတွေ ရှိနေပြီလို့ သိရပါတယ်။ အထူးသဖြင့် ဝမ်ဝရွာက ကလေးငယ်တွေမှာ ဖြစ်ပွားနေတဲ့ အရေပြားရောဂါတွေနဲ့ ဖတ်ဂွတ်ချောင်းရေ ညစ်ညမ်းမှု အခြေအနေကို လူအများ သိမြင်နားလည်အောင် ရှင်းပြပေးပါ။
SHRF – လက်ရှိ ဖတ်ဂွတ်ချောင်းရေ ညစ်ညမ်းမှုနဲ့ပတ်သက်ပြီး ပြောရရင် အရင်က ဒီချောင်းရေက ကြည်လင်တယ်။ ဒေသခံတွေ ကောင်းကောင်း သုံးစွဲလို့ ရတယ်။ အခုချိန်မှာက ရေတွေက နောက်ကျိနေပြီ။ သတ္တုတူးဖော်မှုတွေရဲ့ စွန့်ပစ်ပစ္စည်တွေကနေလည်း စွန့်ပစ်မြေစာနုံတွေ ပါလာတယ်။ အဲဒါကြောင့် စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေမှာလည်း အရမ်းထိခိုက်နေတယ်။ ကျမတို့ရဲ့ အစီရင်ခံစာမှာ ပြောထားသလိုပဲ ကလေးတွေလည်း ယားယံတာ၊ အနာတွေပေါက်တာ စတဲ့ အရေပြား ရောဂါတွေ ဖြစ်လာနေတယ်။ ရေရှည်မှာ ဒီထက် ဆိုးဝါးတဲ့ ရောဂါတွေ ထပ်ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။
MN – မြေစာတွေမှာ ရွှေတို့ ငွေတို့လည်း ပါဝင်တယ်လို့ အစီရင်ခံစာအရ သိရပါတယ်။ အဲဒီတူးဖော်ရရှိတဲ့ အဖြိုက်နက် သတ္တုမြေစာတွေကို တရုတ်နိုင်ငံကိုပဲ တိုက်ရိုက် သယ်ဆောင်နေတဲ့ ဖြစ်စဉ်ဟာ ဒေသခံတွေနဲ့ မြန်မာလူထုအတွက် ဘယ်လိုမျိုး ဆုံးရှုံးမှုတွေ ဖြစ်စေပါသလဲ။
SHRF – ဒီသတ္တုတွေက ကျမတို့ဆီမှာ တိုက်ရိုက်သန့်စင်တာ မဟုတ်တော့ ဒီအထဲမှာ ဘာတွေ ပါသွားမလဲဆိုတာ မသိရဘူး။ အများကြီး ပါသွားနိုင်တယ်။ ဒီအဖြိုက်နက်တွေအပြင် တခြားရွှေ၊ ငွေ နဲ့ တခြားသတ္တုတွေလည်း ပါသွားနိုင်တာပဲပေါ့နော်။ အဲဒါအပြင် ဒီသယံဇာတတွေက ဒီနိုင်ငံမှာ ဘယ်သူမှ ဒေသခံတွေအနေနဲ့ အကျိုးဖြစ်ထွန်းမှု မရှိဘူး။ ဒေသခံတွေအနေနဲ့ အကျိုးခံစားခွင့် ရတာမဟုတ်ဘဲနဲ့ ဒေသခံတွေအတွက် သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးတယ်။ တရုတ်ကပဲ အကျိုးအမြတ်တွေ ရတယ်ဆိုတော့ ကျမတို့ အများကြီး ဆုံးရှုံးပါတယ်။
MN – လွယ်ချီလိတ်တောင်မှာ ရုရှား၊ တရုတ်၊ ဝတပ်နဲ့ စစ်တပ်တို့ရဲ့ အဖြိုက်နက်နဲ့ ခနောင်စိမ်း တူးဖော်ဖို့ ပြင်ဆင်နေတဲ့ ဒီစီမံကိန်းတွေ အားလုံး လည်ပတ်လာရင် ဒေသခံနဲ့ဒေသအတွက် ဘယ်လိုဆိုးကျိုးတွေ ထပ်မံရင်ဆိုင်ရဖို့ ရှိနေပါသလဲ၊၊
SHRF – လွယ်ချီလိတ်တောင်မှာ ရှိတဲ့ စီမံကိန်း အပြည့်အဝ လည်ပတ်လာမယ်ဆိုရင် ကျမတို့အနေနဲ့ ဒေသတစ်ခုလုံး၊ မြေတွေပေါ့၊၊ ဒီလွယ်ချီလိတ်တောင်ဆိုတာ ဒေသခံတွေရဲ့ အားကိုးရာ သဘာဝတောတောင်ရေမြေတွေ ရှိတဲ့ နေရာပေါ့နော်၊၊ သဘာဝဂေဟစနစ်နဲ့ ဇီဝဂေဟစနစ်တွေ အကုန်လုံးပျက်စီးသွားမယ်၊၊ ဒေသခံ လယ်ယာမြေတွေ ပျက်စီးသွားမယ်၊၊ ပြီးရင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ရောဂါမျိုးစုံကို ရင်ဆိုင်ရနိုင်ပါတယ်ရှင့်။
MN – လွယ်ချီလိတ်တောင်က စီမံကိန်းတွေဟာ ပြည်တွင်းပြည်ပက ဥပဒေတွေနဲ့အညီ အကောင်အထည်ဖော်တာလို့ သတ်မှတ်နိုင်ပါသလား၊ ဒါမှမဟုတ် ဥပဒေမဲ့ လုပ်တာလို့ သတ်မှတ်နိုင်ပါသလား၊၊ ရှင်းပြပေးပါ။
SHRF – ဥပဒေနဲ့ ညီ၊ မညီဆိုတာက စစ်ကောင်စီက လက်ရှိမှာ တရားမဝင် အာဏာသိမ်းထားတာ ဖြစ်တယ်၊၊ အဲဒါအပြင် UWSA ကလည်း ဒီဒေသကို စစ်တပ်နဲ့ ပေါင်းပြီးမှ ရယူထားတာ ဖြစ်တယ်။ ဒေသခံတွေ သဘောဆန္ဒနဲ့ ရယူထားတာ မဟုတ်ဘူး။ အဲလို အချိန်မှာ ဒီလိုမျိုး လုပ်ကိုင်နေမှုတွေဟာ သူတို့အနေနဲ့ ဘယ်လိုမှ လုပ်ပိုင်ခွင့်လည်း မရှိဘူး။ ဒါက ဥပဒေမဲ့ လုပ်နေတာလို့ပဲ ပြောရပါမယ်။
MN – ထိုင်းနယ်စပ်နဲ့လည်း နီးကပ်တဲ့အတွက် ဒီစီမံကိန်းတွေရဲ့ သက်ရောက်မှုဟာ နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါသလား။
SHRF – လက်ရှိမှာ ဒီသတ္တုတွင်းတွေက ထိုင်းနဲ့ အရမ်းနီးတယ်။ အဲဒါကြောင့် နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းတွေ ဖြစ်လာနိုင်ပါတယ်။
MN – ဒီသတ္တုတူးဖော်မှုတွေ ရပ်တန့်ဖို့အတွက် မြန်မာလူထုနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို SHRF အနေနဲ့ ဘာများ တိုက်တွန်းချင်ပါသလဲ။
SHRF – နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တရုတ်နဲ့ ရုရှား ကုမ္ပဏီတွေက စစ်ကောင်စီနဲ့ လာပူးပေါင်းပြီး တရားမဝင် လုပ်ကိုင်နေတာတွေကို ကျမတို့ ကန့်ကွက်တယ်။ အထူးသဖြင့် ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်။ စစ်ကောင်စီက ဒီက ရလာတဲ့ ဝင်ငွေတွေကနေ ကလေးတွေအပါအဝင် ပြည်သူတွေကို သတ်ဖြတ်မယ့် ငွေတွေ ဖြစ်တယ်။ အဲဒါကြောင့် နိုင်ငံတကာအနေနဲ့ နိုင်ငံကြီးတွေအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရှိနဲ့ ရှက်တတ်ရင် စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ဒီသယံဇာတ တူးဖော်မှုတွေကို ရပ်တန့်ပေးဖို့ ပြောချင်ပါတယ်။











































