ထိုင်းနိုင်ငံမှာ “Nok Krong Hua Juk” လို့ လူသိများတဲ့ တေးဆိုငှက် red-whiskered bulbul ငှက်မျိုးစိတ်ကို ဥပဒေနဲ့ ထိန်းသိမ်းကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်စာရင်းကနေ ပယ်ဖျက်ပြီး စီးပွားဖြစ်မွေးမြူခြင်းကို လုပ်ကိုင်နိုင်ရေး ခွင့်ပြုမယ့် စည်းမျဉ်းမူကြမ်းတစ်ခုကို ထိုင်းအာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။
The red-whiskered bulbul ငှက်မျိုးစိတ်ကို မြန်မာနိုင်ငံမှာ ဗွတ်ကလုံငှက်လို့ ခေါ်ပါတယ်။
သယံဇာတနဲ့ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက တင်ပြထားတဲ့ အဆိုပါမူကြမ်းကို ထိုင်းအစိုးရအဖွဲ့က ဇူလိုင်လ ၂၁ ရက်မှာ အတည်ပြုခဲ့တယ်လို့ ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒီလိုပြောင်းလဲခွင့်ပြုမှုဟာ ဗွက်ကလုံငှက် မွေးမြူးရေးကို အထောက်အပံ့ဖြစ်ဖို့၊ လှောင်အိမ်နဲ့ မွေးမြူထားမှုမှာ အကောင်ရေ တိုးပွားလာစေဖိုနဲ့ မွေးမြူးရေးသမားတွေအတွက် ဝင်ငွေရှာပေးနိုင်မယ့် စီးပွားရေးလုပ်ငန်း တိရစ္ဆာန်တစ်မျိုးအဖြစ် ဖွံ့ဖြိုးလာစေဖို့နဲ့ တောထဲက အဆိုပါငှက်တွေ ဖမ်းယူခြင်းကို လျော့ကျနိုင်စေဖို့ ဖြစ်တယ်လို့ သိရပါတယ်။
ဒီစည်းမျဉ်းအရ ငှက်ပိုင်ရှင်တွေ၊ မွေးမြူသူတွေနဲ့ ရောင်းဝယ်သူတွေဟာ တရားဝင်ခွင့်ပြုမိန့် ရယူဖို့နဲ့ တရားဝင်အထောက်အထားတွေ ရှိဖို့ လိုအပ်ပြီး အလွန်အကျွံ မွေးမြူးလာခြင်းကိုတော့ ကန့်သတ်ထားတယ်လို့ သိရပါတယ်။
ဒီလိုခွင့်ပြုမှုဟာ ငှက်မွေးမြူခြင်းနဲ့ ငှက်တေးသီပြိုင်ပွဲတွေ ကျင်းပခြင်းမှာ ဒေသခံပြည်သူတွေရဲ့ ယဉ်ကျေးမှု တစ်စိတ်တစ်ဒေသဖြစ်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက ဒေသခံတွေရဲ့ ရိုးရာဓလေ့ကို အထောက်အပံ့ဖြစ်စေလိမ့်မယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
သားငှက်တိရစ္တာန်ထိန်းသိမ်းရေးနဲ့ ကာကွယ်ရေးကော်မတီဟာ အဆိုပါငှက်ကို ဥပဒေနဲ့ ကာကွယ်ထားတဲ့ စာရင်းမှ ပယ်ဖျက်ဖို့ အတည်ပြုခဲ့သလို တောထဲရှိ အကောင်ရေတွေကိုလည်း အနီးကပ်စောင့်ကြည့်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ညွှန်ကြားခဲ့ပါတယ်။
အဆိုပါငှက်မျိုးစိတ် ကောင်ရေတွေ လျော့နည်းလာမှုနဲ့ ခြိမ်းခြောက်ခံရမှုတွေ ပိုမိုရင်ဆိုင်နေရပါက ထိန်းသိမ်းကာကွယ်ထားတဲ့ အဆင့်အတန်းကို ပြန်လည်သတ်မှတ်မယ်လို့ သိရပါတယ်။
အရင်က ဗွတ်ကလုံ ငှက်တွေဟာ တနင်္သာရီတိုင်းမှာ အလွန်ပေါများခဲ့ပြီး ထိုင်းဘက်မှ ဝယ်ယူ၊ မွေးမြူမှု အများအပြား ပြုလုပ်ခဲ့အတွက် တနင်္သာရီဘက်မှာ အဆိုပါဗွတ်ကလုံငှက်မျိုးစိတ်တွေကို ဖမ်းဆီးရောင်းချမှုတွေကြောင့် အခုအချိန်မှာ တနင်္သာရီဘက်မှာ မရှိသလောက် ရှားပါးနေပြီလို့ မြန်မာ့ငှက်ထိန်းသိမ်းသမားတချို့ထံမှ သိရပါတယ်။
ကိုးကား – Khaosod English ( THAILAND TO REMOVE RED-WHISKERED BULBUL FROM PROTECTED WILDLIFE LIST TO PROMOTE BREEDING INDUSTRY)












































