ကချင်ပြည်နယ်မြောက်ပိုင်းရှိ ဧရာဝတီမြစ်ဆုံမှာ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန် ရေကာတာစီမံကိန်းကို ၈ နှစ်ခန့်အတွင်း စစ်အစိုးရသစ်ဟာ အပြီးသတ်တည်ဆောက်ဖို့ ရည်မှန်းထားတယ်လို့ ကချင်ပြည်နယ် စစ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ခက်ထိန်နန်က ပြောပါတယ်။
မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်စစ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ခက်ထိန်နန်ရဲ့ ပြောဆိုမှုကို သိရှိခဲ့တဲ့ သတင်းရင်းမြစ် ၂ ဦးက အဲဒီလိုပြောပါတယ်။
စစ်ပွဲတွေ ပြင်းထန်နေတဲ့ ကချင်ပြည်နယ်မှာ ကြီးမားတဲ့ ရေအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်ဖို့၊ ကာလရှည်ကြာ ကြိုးပမ်းနေတဲ့ တရုတ်နိုင်ငံကို၊ စစ်အာဏာသိမ်းမှုမှတဆင့် သမ္မတဖြစ်လာသူ မင်းအောင်လှိုင်ရဲ့ ပြီးခဲ့တဲ့ ဇွန်လက ခရီးစဉ်အပြီးမှာ၊ အခုလိုမှတ်ချက်တွေ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
“မြစ်ဆုံစီမံကိန်းက မကြာမီ စတင်တော့မှာပါ” လို့ ကချင်ပြည်နယ် လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ထက်ပိုင်းထူက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အကြီးဆုံး ရေအားလျှပ်စစ်ဖြစ်လာမယ့် မြစ်ဆုံစီံမံကိန်းဟာ ပြည်သူလူထုရဲ့ ပြင်းထန်တဲ့ ကွန့်ကွက် ဆန္ဒပြမှုတွေကြောင့် ၂၀၁၁ ခုနှစ်မှာ ရပ်ဆိုင်ထားရခြင်းဖြစ်ပါတယ်။
“တရားဝင် ထုတ်ပြန်ချက် ထွက်လာပါလိမ့်မယ်၊၊ စစ်ခေါင်းဆောင် (စစ်အစိုးရသမ္မတ) ကိုယ်တိုင်ကလည်း ဒါကို ပြန်စမယ်လို့ ပြောထားပြီဖြစ်ပါတယ်” လို့ ထက်ပိုင်ထူးက ပြောပါတယ်။
မြစ်ဆုံစီမံကိန်း ရပ်တန့်ခဲ့မှုကို တရုတ်နိုင်ငံက စိတ်ဆိုးခြင်း၊ မြန်မာအပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ကြီးမားလာခြင်းအပေါ် မကျေနပ်ခြင်းနဲ့ စင်ကာပူနိုင်ငံရဲ့ အကျယ်အဝန်းခန့် ရေလွှမ်းမိုးမယ့် ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်ခြင်းတွေဟာလည်း လျှပ်စစ်ထုတ်လုပ်မယ့် ၆ ဂစ်ဝါဝပ် (gigawatts ) မှာ ၉၀ ရာခိုင်နှုန်းက တရုတ်ကို တင်ပို့မယ့် အစီအစဉ်က အသာစီးရ၊ လွှမ်းမိုးထားပါတယ်။
ဒီထုတ်လုပ်နိုင်စွမ်းဟာ မြစ်ဆုံစီမံကိန်းကို အရှေ့တောင်အာရှရဲ့ အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းတွေထဲ ပါဝင်လာစေမှာ ဖြစ်ပေမယ့် ထုတ်လုပ်နိုင်စွမ်း ၂၂.၅ ဂစ်ဂါဝပ် ရှိတဲ့ တရုတ်ရဲ့ သုံးသွယ်မြစ်ကျဉ်းရေကာတာ (Three Gorges Dam) စီမံကိန်းတွေနဲ့ နှိုင်းယှဉ်ပါက များစွာသေးငယ်နေပါတယ်။
မင်းအောင်လှိုင်ရဲ့ ပြီးခဲ့တဲ့ တရုတ်ခရီးစဉ်မှာ ဆွေးနွေးမှုတွေထဲ မြစ်ဆုံစီမံကိန်း ပြန်စတင်ရေးကိစ္စလည်း ပါဝင်တယ်လို့ စစ်အစိုးရ၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ဇွန်လ ၃၀ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လျှပ်စစ်မီး ဆိုးရွားစွာ ပြတ်တောက်နေတဲ့ နိုင်ငံအတွက် လိုအပ်တဲ့ ၁၀ ဂစ်ဂါဝပ်ရဲ့ ထက်ဝက်ကျော်ကို မြစ်ဆုံစီမံကိန်း တစ်ခုကနေ ထောက်ပံ့ပေးနိုင်တယ်လို့ သူက ပြောပါတယ်။
ဒေသခံလူထုရဲ့ ရေလွှမ်းမိုးမှုနဲ့ နေရပ်စွန့်စွာရမှုဆိုင်ရာ စိုးရိမ်ပူပင်မှုတွေကိုလည်း စစ်အစိုးရသစ်က လေ့လာချိန်ဆနေတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ဆိုပါတယ်။
“ကျမတို့ ဒီကိစ္စရပ်တွေကို အသေးစိတ် လေ့လာနေပါတယ်၊၊ ကောင်းကျိုးနဲ့ ဆိုးကျိုး သက်ရောက်မှုတွေကို မျှတအောင် အကဲဖြတ်နေပါတယ်” လို့ ဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။
ကချင်ပြည်နယ် စစ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ခက်ထိန်နန်ရဲ့ ရုံးနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနထံကို မြစ်ဆုံစီမံကိန်းအကြောင်း မှတ်ချက်ပေးရန် တောင်းဆိုခဲ့ပေမယ့် ချက်ချင်းတုံ့ပြန်မှု မရရှိခဲ့ပါ။
ပြန်စတင်မယ့် မြစ်ဆုံစီမံကိန်က မူလကုန်ကျစရိတ်ထက် သုံးဆကျော် ပိုမိုကုန်ကျနိုင်
လက်ရှိကာလမှာ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ပါက အမေရိကန်ဒေါ်လာ ၁၁.၅ ဘီလီယံ ကုန်ကျနိုင်ပြီး၊ အဆိုပါကုန်ကျစရိတ်ဟာ ၂၀၀၉ ခုနှစ်က သတ်မှတ်ခဲ့တဲ့ စီမံကိန်းကုန်ကျမှုထက် သုံးဆကျော် ပိုမိုများပြားမယ်လို့ ဆိုပါတယ်။
ဒီတွက်ချက်မှုဟာ တရုတ်နဲ့ အိန္ဒိယနိုင်ငံ ပြင်ပင်က အာရှရေအားလျှပ်စစ်စီမံကိန်းတွေအတွက် ပျှမ်းမျှ တည်ဆောက်စရိတ် တစ်ကီလိုဝပ်ကို ၁,၉၁၄ ဒေါ်လာ ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အေဂျင်စီ (IREA) ရဲ့ နောက်ဆုံးခန့်မှန်းချက်အပေါ် အခြေခံထားခြင်းဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်တဲ့ ပါတီဟာ ဝေဖန်မှု များစွာရှိတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် ဒီနှစ် ဧပြီလမှာ အာဏာရယူခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ စစ်အစိုးရဟာ မြစ်ဆုံစီမံကိန်းကို ပြန်လည်အသက်သွင်းဖို့ လုပ်ဆောင်နေတယ်လို့ ကချင်ပြည်နယ်လွှတ်တော်အမတ်အပါအဝင် အရာရှိ ၃ ဦးက ပြောပါတယ်။
ဒီလိုလုပ်ဆောင်လာမှုဟာ မြစ်ဆုံဆည်စီမံကိန်းကို ကန့်ကွက်ထားသူ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကို မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က ဖြုတ်ချခဲ့တဲ့ ၂၀၂၁ အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်အတွင်းမှာ ပေါ်ပေါ်လာခြင်းဖြစ်ပါတယ်။
မြစ်ဆုံရေကာတာ တည်ဆောက်မယ့် နေရာနဲ့ ၃၇ ကီလိုမီတာ (၂၃ မိုင်)ခန့်သာ ကွာဝေးတဲ့ ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနာမှာတော့ ပြည်နယ်စစ်အစိုးရ ဝန်ကြီးချုပ် ခက်ထိန်နန်က အစိုးရဲ့ ဆန္ဒအတိုင်းပဲ မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ပြောခဲ့ပြီဖြစ်တယ်လို့ အဲဒီပြောဆိုမှုကို သိရှိတဲ့ သတင်းရင်းမြစ်နှစ်ခုက ပြောပါယ်။
အရင်အတိတ်နဲ့ မတူဘဲ လက်ရှိမှာ တရုတ်နိုင်ငံဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို နည်းပညာအသစ်တွေနဲ့ ဖြေရှင်းဖို့ အသင့်ရှိနေပြီလို့ ဇွန်လ ၂၃ ရက်က မြစ်ဆုံဆည်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ ခက်ထိန်နန်က ပြောပါတယ်။
“တရုတ်က ဘေးအန္တရာယ်တွေကို ခံနိုင်ရည်ရှိအောင် နည်းပညာတွေ သုံးမှာပါ၊ ဘာမှ စိုးရိမ်စရာ မရှိဘူး” လို့ ခက်ထိန်နန်က ပြောတဲ့အကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။
၂၀၂၅ မတ်လက နိုင်ငံအလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့ပြီး လူပေါင်းထောင်ချီ သေဆုံးခဲ့တဲ့ အင်အားပြင်း ၇.၇ ရစ်ချ်တာစကေး ငလျင်ကြီးကြောင့် ငလျင်ကြောဒေသထဲမှာ ကြီးမားတဲ့ ရေကာတာတစ်ခု တည်ဆောက်ခြင်းရဲ့ အန္တရာယ်အပေါ် စိုးရိမ်းမှုတွေ ပိုမြင့်တက်နေပါတယ်။
မြစ်ဆုံရေကာတာကို မေခနဲ့ မလိမြစ် ပေါင်းဆုံရာမှာ အမြင့် ၁၅၂ မီတာ (ပေ ၅၀၀) ၊ အလျားအရှည် ၁၅၂ မီတာ (၅၀၀ ပေ) နဲ့ တည်ဆောက်မှာဖြစ်ပါတယ်။
ဇွန်လ ၂၂ ရက်က အစည်းအဝေးမှာ မြစ်ဆုံစီမံကိန်းဟာ “သမိုင်းဝင် အောင်မြင်မှု” တစ်ခု ဖြစ်လာလိမ့်မယ်လို့ ကချင်ပြည်နယ် စစ်အစိုးရဝန်ကြီးချုပ်က ပြောတဲ့အကြောင်း အတွင်းပိုင်းဆွေးနွေးမှုတွေကို သိရှိတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရေးကို တရုတ်က အပြည့်အဝ ထောက်ခံ၊ အားပေးတယ်လို့ ခက်ထိန်နန်က ပြောတယ်” လို့ အဆိုပါသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
မြစ်ဆုံမှ ရရှိတဲ့ လျှပ်စစ်ဓါတ်အားအများစုကို တရုတ်သို့ ပေးပို့ရမယ့် မူလသဘောတူညီချက်ကို ပြန်လည် ပြင်ဆင်ထားခြင်း ရှိ၊ မရှိကိုမူ မသိရသေးပါ။
မြစ်ဆုံစီမံကိန်း ကွန့်ကွက်မှုတွေ ဆက်ရှိနေခြင်း
လက်ရှိမှာ စစ်တပ်က ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ စီမံကိန်းကို ထောက်ခံမှု ရရှိဖို့ စစ်အစိုးရသစ်ရဲ့ ကြိးပမ်းမှုတွေနဲ့ ခက်ထိန်နန်ရဲ့ သီးသန့်မှတ်ချက်တွေဟာ တိုက်ဆိုင်နေပါတယ်။
၂၀၂၅ ဒီဇင်ဘာလက မြစ်ကြီးနားမြို့ကို ဒုတိယစစ်ခေါင်းဆောင်ဟောင်း စိုးဝင်း လာရောက်ကာ ဒေသခံအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် ကချင်ပြည်နယ်အနှံ့မှာ လူထုတွေ့ဆုံပွဲ အနည်းဆုံး ၂၆ ကြိမ် ပြုလုပ်ခဲ့ရာမှာ စီမံကိန်းကို ထောက်ခံခဲ့ကြတယ်လို့ စစ်အစိုးရရဲ့ ကော်မတီဝင် ၂ ဦးက ပြောပါတယ်။
“ကျနော်တို့ လိုချင်တာက ပြည်သူတွေကို တိကျတဲ့ သတင်းအချက်အလက်တွေ ပေးပြီး သူတို့ကိုယ်တိုင် ဆုံးဖြတ်မှုတွေ လုပ်နိုင်ဖို့ ထောက်ပံ့ပေးတာပါ” လို့ ကော်မတီဝင်တစ်ဦးဖြစ်သူ နော်ခွန် (Naw Khon) က ပြောပါတယ်။
ဒါပေမယ့် ဆန့်ကျင်မှုတွေက ဆက်လက်ရှိနေဆဲဖြစ်ပြီး မကြာသေးမိက အရပ်ဘက်အဖွဲ့အစည်း ၄၉ ဖွဲ့က စီမံကိန်း လုံးဝရပ်ဆိုင်းရန် တောင်းဆိုထားပါတယ်။
“မြစ်ဆုံစီမံကိန်းက ပြည်သူတွေအတွက် ဘာအကျိုးအမြတ်မှ မရှိသလို၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ဆိုးရွားစွာ ပျက်စီးဆုံးရှုံစေရုံပဲ ရှိပါလိမ့်မယ်” လို အဆိုပါအဖွဲ့တွေက မေလ ၅ ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ထားပါတယ်။
ကိုးကား – Reuters မှ Myanmar set to restart contentious $3.6 billion dam project backed by China ကို ဆီလျာ်အောင် ဘာသာပြန်ပါတယ်။












































