Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

တောရိုင်းတိရိစ္ဆာန်တွေကို အမဲလိုက်ဖမ်းဆီး ရောင်းချခြင်း မပြုလုပ်ဖို့ ULA/AA တားမြစ်မိန့်ကြေညာ

ULA/ AA ၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ရခိုင်ပြည်နယ်အတွင်းရှိ ထိန်းချုပ်ဒေသတွေမှာ ဒေသခံပြည်သူ တွေအနေနဲ့ တောတောင်တွေမှာ ဝင်ရောက်ပြီး တောရိုင်းတိရိစ္ဆာန်တွေကို အမဲလိုက်ခြင်း၊ ဖမ်းဆီးခြင်း၊ ရောင်းချခြင်းတွေ လုံးဝ မပြုလုပ်ဖို့ တားမြစ်ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

တောရိုင်းတိရိစ္ဆာန်တွေကို ဖမ်းဆီးခြင်း မပြုလုပ်ရန် တားမြစ်ချက်ကို ULA/ AA ရဲ့ အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ၊ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးဌာနက ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ ပြည်သူတချို့ဟာ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးဌာနရဲ့ ခွင့်ပြုချက် မရှိဘဲ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောတွေနဲ့ အစိုးရစီမံခန့်ခွဲခွင့်ရှိတဲ့ တောတောင်တွေကို ဝင်ရောက်ပြီး အမဲလိုက်ခြင်း၊ တောရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီးခြင်းနဲ့ ရောင်းချခြင်းတွေ ပြုလုပ်နေတယ်လို့ အဆိုပါထုတ်ပြန်ချက်မှာ အသိပေးပါတယ်။

ဒါကြောင့် တောရိုင်းတိရိစ္ဆာန်တွေ မျိုးပြုန်းလာခြင်းတွေ မဖြစ်ရလေအောင် ပြည်သူတွေအနေနဲ့ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောတွေနဲ့ အစိုးရစီမံခန့်ခွဲ ပိုင်ခွင့်ရှိတဲ့ တောတောင်တွေကို ဝင်ရောက်ပြီး အမဲလိုက်ခြင်း၊ ဖမ်းဆီးခြင်း၊ ရောင်းချခြင်းတွေကို လုံးဝ မပြုလုပ်ရန် တားမြစ်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

အဆိုပါတားမြစ်ချက်ကို လိုက်နာခြင်းမရှိဘဲ ကျူးလွန်ဖောက်ဖျက်ပါက ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်ထဲက မြို့အများစုကို အာရက္ခတပ်တော် ULA/AA က သိမ်းပိုက်ထားပြီး ပြည်သူ့အုပ်ချုပ်ရေးနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး