Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

သံလွင်မြစ်ရေနဲ့ မိုလိုချောင်းရေထဲမှာ အာဆင်းနိအဆိပ် ၄ ဆမှ ၅၅၃ ဆအထိ ပါဝင်မှု မြင့်မားနေ

သံလွင်မြစ်ရေနဲ့ မိုလိုချောင်းရေထဲမှာ အာဆင်းနိအဆိပ်ရေပမာဏဟာ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အဆိပ်ရေ ပမာဏ ၄ ဆကနေ ၅၅၃ ဆအထိ ပါဝင်မှု မြင့်မားနေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဒီနေ့ ဖေဖော်ဝါရီလ ၂၅ ရက်မှာ ကြေညာပါတယ်။

ကရင်နီပြည်ထဲ ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ်အထက်ပိုင်း (ရှမ်း- ကရင်နီအစပ်)၊ သံလွင်မြစ်အလယ်ပိုင်းနဲ့ သံလွင်မြစ်အောက်ပိုင်း (ကရင်နီး- ကရင်နယ်စပ်) တလျှောက် ၁၀ နေရာနဲ့ မိုလိုချောင်း ၁ နေရာတို့မှာ မြစ်ရေနမူနတွေ ရယူပြီး ဓါတ်ခွဲစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ခွဲစစ်ဆေးမှုတွေအရ နိုင်ငံတကာစံနှုန်းဖြစ်မှာ ရေတွင်ပါဝင်တဲ့ အာဆင်းနစ် အဆိပ်ပမာဏဟာ ၀.၀၁ mg/L ဖြစ်ပေမယ့် သံလွင်မြစ်ရေထဲမှာ ၀.၀၄၂ mg/L ကနေ ၀.၀၉၆ mg/L အထိ ပါဝင်နေမှုကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

မိုလိုချောင်းရေထဲမှာတော့ အာဆင်းနိအဆိပ် ပါဝင်မှုဟာ ၀.၅၅၃ mg/L အတွင်း ရှိနေတဲ့အတွက် သံလွင်မြစ်ရေနဲ့ မိုလိုချောင်းရေးထဲက အာဆင်းနိအဆိပ်ရေ ပမာဏဟာ ကျန်းမာရေးကို ထိခိုက်စေတဲ့ ပမာဏတွေဖြစ်တဲ့ ၄ ဆကနေ ၅၅၃ ဆအထိ ပါဝင်မှု မြင့်မားနေတယ်လို့ ဆိုပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီနဲ့ ချင်းမိုင်တက္ကသိုလ် (သဘာဝ ပတ်ဝန်းကျင်သုတေသန) ဌာနတို့ ပူးပေါင်းပြီး ၂၀၂၅ ဒီဇင်ဘာလထဲမှာ အဆိုပါ သုတေသနကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ပြည်သူလူထုအနေနဲ့ သတိထားလိုက်နာနိုင်အောင် အသိပေးတိုက်တွန်း နိုးဆော်ချက်ကို ဒီနေ့မှာ ကြေညာလိုက်ခြင်းဖြစ်ပါတယ်။

သံလွင်မြစ်ရေးနဲ့ မိုလိုချောင်းရေတို့ကို တိုက်ရိုက်သောက်သုံးခြင်းနဲ့ ချက်ပြုတ်ရာမှာ သုံးစွဲခြင်း မပြုဖို့၊ အဆိုပါ မြစ်ရေးတွေကို ထိတွေ့ကိုင်တွယ်ပြီးပါက သန့်စင်တဲ့ ရေနဲ့ ပြန်လည်ဆေးကြောဖို့နဲ့ အထူးသဖြင့် မိုလိုချောင်းထဲက မည်သည့် ရေနေသတ္တဝါတွေကို မဆို လုံးဝ စားသောက်ခြင်း မပြုဖို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် သံလွင်မြစ်ထဲမှ ရေနေသတ္တဝါတွေ (ငါးအမျိုးမျိုး၊ ခရု၊ ပုဇွန်၊ ပုဇွန်လုံး၊ လိပ် စတဲ့)တို့ကိုလည်း ချက်ပြုတ် စားသောက်ခြင်း မပြုဖို့နဲ့ မဖြစ်မနေ စားသောက်လိုပါက ဦးခေါင်းနဲ့ အတွင်းကလီစာတွေကို စားသုံးခြင်း မပြုဖို့ အသိပေးထားပါတယ်။

အာဆင်းနိအဆိပ်သင့်ရေကို တိုက်ရိုက်သောက်သုံးခြင်း၊ ချက်ပြုတ်ရာမှာ အသုံးပြုခြင်း၊ ဆန်စပါးနဲ့ သီးနှံ စိုက်ပျိုးရေးတို့မှာ သုံးစွဲခြင်း၊ အဆိပ်သင့်ရေထဲရှိ ရေနေသတ္တဝါတွေကို စားသုံးခြင်း၊ အဆိပ်သင့်ရေးကို ထိတွေ့အသုံးပြုခြင်း စတဲ့ အရာတို့မှာ လူတွေကို ရေတိုမှာ မူးဝေခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျှော့ခြင်း၊ ကြွက်တက်ခြင်း စတဲ့အရာတို့ကို ခံစားစေနိုင်ပါတယ်။

ရေရှည်မှာ‌တော့ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ အရေပြားကင်ဆာတွေ၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ အာရုံကြော ဖွံ့ဖြိုးမှုဆိုင်ရာ ရောဂါတွေကြောင့် ကလေးသူငယ်တွေမှာ မှတ်ဥာဏ် ထိခိုက်စေခြင်းတွေ ဖြစ်ပွားစေနိုင်တယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်အတွင်း ရေနမူနာတွေ၊ စိုက်ပျိုးသီးနှံနမူနာတွေ၊ ရေနေသတ္တဝါ နမူနာတွေ၊ မြေနဲ့ မြေဆီလွှာတွေကို ကောက်ယူခြင်း၊ ဓါတ်ခွဲစမ်းသပ်ခြင်းနဲ့ ထိန်းချုပ်ခြင်းစတဲ့ လုပ်ငန်းတွေကို ချမှတ်အကောင်အထည် ဖော်ဆောင်သွားမယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီထံမှ သိရပါတယ်။ လက်ရှိ အသိပေးထုတ်ပြန်ချက်မှာ ထပ်မံပြီး တစ်စုံတစ်ရာ မထုတ်ပြန်မချင်း အတည်ဖြစ်ပြီး အများပြည်သူတွေ လိုက်နာကြဖို့နဲ့ ကျန်းမာရေးဆိုင်ရာ အစီအမံတွေအတိုင်း ပူးပေါင်းပါဝင်ပေးဖို့ ထုတ်ပြန်ထားပါတယ်။

Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး

ဇီဝမျိုးစုံမျိုးကွဲ

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ သံပုရာကန်ရွာအနီးရှိ မန်းသံပုရာကန် ရေနံချက်စက်ရုံနဲ့ ကပစ – ၂ တို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ NUG အစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)က ဒီနေ့ဖေဖော်ဝါရီလ ၂၈ ရက်မှာ ကြေညာပါတယ်။ ဖေဖော်ဝါရီလ...